အသည်းပျက်စီးနိုင်သောအကြောင်းရင်းများ

အသည်းပျက်စီးနိုင်သောအကြောင်းရင်းများ

လူ့ခန္ဓာကိုယ်မှာ  အသည်းက  အစာချေဖျက်တဲ့ နေရာကနေ ကူညီပေးပြီး ကိုယ်တွင်းအဆိပ်အတောက် တွေဖယ်ရှားပေးတာနဲ့  အင်အားသိုလှောင်တာတွေ ပြုလုပ်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲမှာ လှည့် ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာစားတဲ့အခါ အစားအသောက် တွေထဲမှာပါဝင်တဲ့အဆီတွေကို သိမ်းဆည်းပေးထားပြီး အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည် ထုတ်ပေးတယ်။

အသည်းပျက်စီးစေတဲ့အကြောင်းရင်းတွေ များစွာ ရှိပါတယ်။ အရက်ကြောင့် အသည်းပျက်စီးနိုင်မှုက ထိပ်ဆုံးမှာရှိတယ်။  အသည်းတစ်ခုတည်းမှာတင် အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်ရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းမှာအမာရွတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာတို့ဖြစ်စေတယ်။ ဒါ့ပြင် ဒေသလုပ် ချက်အရက်တွေမှာ ဆာလ်ဖျူရစ်အက်စစ်ပြင်း၊ ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ အင်ဒရင်း စတဲ့ လူတွေသောက်သုံးဖို့ လုံးဝမဖြစ်တဲ့ဓာတုပစ္စည်းတွေနဲ့ ချက်လုပ်ထားလို့ အသည်းရောဂါမြန်မြန်ရစေပြီး သက်တမ်းမစေ့မီ သေဆုံးနိုင်ပါတယ်။

ဆေးဝါးတွေကြောင့်လည်း အသည်းပျက်စီးစေနိုင်ပါတယ်။ တချို့ဆေးဝါးတွေနဲ့ အကိုက်အခဲပျောက် ဆေးတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဆေးဝါးတွေသောက်သုံးလိုက်တဲ့အခါ အသည်းမှာ သွားရောက်စုပုံပြီး အသည်းကတစ်ဆင့် အပြင်ကို မစွန့်ထုတ်နိုင်ဘဲ အသည်းပျက်စီးနိုင်ပါတယ်။ ပါရာစီတမောမှာလည်း အကိုက်အခဲပျောက်ဆေးပါဝင်နေလို့ တစ်ရက်ကို ခြောက်လုံးထက် ပိုပြီးမသောက်သင့်ပါဘူး။  

အကိုက်အခဲပျောက်ဆေး များများသောက်သုံးရင် အသည်းထိခိုက်နိုင်ပါတယ်။

ရောဂါပိုးတွေကြောင့်လည်း အသည်းကိုထိခိုက်နိုင်ပါတယ်။ ဥပမာ-အသည်းရောင်အသားဝါအေပိုး၊ ဘီပိုး၊ စီပိုး စတဲ့ရောဂါတွေရှိရင် အဲဒီပိုးတွေကအသည်းမှာ ကြာရှည်ခိုအောင်းနေလာတဲ့အခါ အသည်းခြောက်ပြီး အသည်းရောဂါဖြစ်ပွားနိုင်ပါတယ်။

အဝလွန်တာ၊ အဆီများတာက အသည်းထိခိုက်နိုင်ပါတယ်။ အသည်းမှာအဆီများနေသူတွေ၊ အဝလွန် နေသူတွေဆိုရင် အသည်းမှာ အဆီဖုံးတာကတစ်ဆင့်  အသည်းရောဂါဖြစ်စေနိုင်ပါတယ်။ အသည်းရောဂါဆိုတာ ကိုယ်ခန္ဓာက အသည်းကို ပြန်ပြီးတိုက်ခိုက်တဲ့ ရောဂါမျိုးဖြစ်တယ်။ တစ်နည်းဆိုရင် ကိုယ့်ရဲ့ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါမျိုးဖြစ်တယ်။ တချို့တွေမှာ ဖြစ်ရတဲ့အကြောင်းရင်းက ကင်ဆာရောဂါကြောင့်ဖြစ်တယ်။ ကင်ဆာရောဂါ အလုံးအကျိတ်တွေပေါ် လာတဲ့အခါ အသည်းရောဂါဖြစ်စေနိုင်တယ်။ အသည်းဘေးမှာရှိတဲ့ သည်းခြေအိတ်မှာကျောက်တည်တာ၊ သည်းခြေအိတ်ပြွန်လမ်းကြောင်း ပိတ်နေတာတွေကလည်း အသည်းရောဂါတွေ  ဖြစ်စေနိုင်ပါတယ်။  မျိုးရိုးမှာ အသည်းရောဂါဖြစ်ဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း တစ်ချိန်ချိန် အသည်းရောဂါဖြစ်နိုင်ပါတယ်။

အသည်းရောဂါတွေက ရောဂါအမျိုးအစားအလိုက် ကွာခြားနိုင်ပေမယ့်  ခြေလက်တွေရောင်တာ၊  ဗိုက်ဖောင်းလာတာ၊ မျက်နှာဖောတာ၊ အသားဝါတာ၊  ဆီးအရောင်ပြောင်းတာ၊ ဝမ်းအရောင်ပြောင်းတာ၊  မျက်လုံးဝါတာနဲ့ ဗိုက်အောင့်တဲ့လက္ခဏာတွေက အသည်းရောဂါအများစုမှာ တွေ့နိုင်ပါတယ်။ အစားအသောက်စားချင်စိတ်နည်းပြီး ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းတာမျိုးလည်းဖြစ်တတ်ပါတယ်။   အသည်းရောဂါက   တော်ရုံနဲ့လက္ခဏာမပြတတ်တဲ့အတွက် ရောဂါဖြစ်နေတာကို မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်နေတာ၊ ကြွက်သားနာကျင်ကိုက်ခဲတာလောက်ပဲ လက္ခဏာအနေနဲ့ ပြတတ်ပါတယ်။ တချို့အချိန်လိုက်ပြီး အသည်းနေရာက အောင့်တာ၊ နာတာဖြစ်တတ်တယ်။  

အသည်းရောဂါပိုဖြစ်နိုင်တဲ့သူတွေက     အရက်အလွန်အကျွံသောက်တဲ့သူတွေ၊  ဓာတုပစ္စည်း၊ အဆိပ်အတောက်တွေနဲ့ ထိမိသူတွေ၊ အဝလွန်သူတွေ၊ ဆီးချို ရောဂါရှိသူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ၊ သွေးအတွင်းထရိုင်ဂလစ်စရိုက်များတဲ့သူတွေ အစရှိ တဲ့သူတွေက ပိုပြီးဖြစ်စေနိုင်ပါတယ်။

အသည်းရောဂါမဖြစ်ရအောင်  ကိုယ်အလေးချိန်အချိုးအဆဘီအမ်အိုင်  ၁၈ ဒသမ ၉ ကနေ ၂၄ ဒသမ ၉ အတွင်းရှိသင့်ပါတယ်။ ဘီအမ်အိုင်ဆိုတာ အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့် မီတာ နှစ်ထပ်ကိန်းနဲ့စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတစ်ခုခု နာရီဝက်ကနေ  တစ်နာရီကြာပြုလုပ်သင့်တယ်။  လမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ စားသောက်ရာမှာ ပိုလျှံတဲ့ကယ်လိုရီတွေကို ချွေးအဖြစ်စွန့်ထုတ်ပစ်လို့ အဆီအဖြစ် မစုဆောင်းနိုင်ဘဲ အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အစားအသောက်တွေစားတဲ့အခါ အော်ဂဲနစ်ထွက်ပစ္စည်းတွေနဲ့ ချက်ပြုတ်စားသင့်ပါတယ်။ အဆီများတဲ့အစားအသောက်တွေနဲ့ စားအုန်းဆီတွေကို စားသုံးတာ၊ အသင့်အမြန်စားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်ချ်၊ ပီဇာ၊ အာလူးချောင်းကြော်နဲ့ လမ်းဘေးအစားအစာတွေ ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားတွေကို လုံလုံလောက်လောက် စားသုံးပေးရပါမယ်။

ဗီတာမင်ဖြည့်စွက်စာတွေကိုလည်း  စားသုံးပေး သင့်ပါတယ်။ အရက်သောက်တဲ့သူတွေ၊ အရက်ဖြတ် ထားတဲ့သူတွေအနေနဲ့  ညစာလျှော့စားတာ၊  နေ့စဉ် အားကစားပုံမှန်လုပ်တာတွေက ကုသမှုရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ ပြုလုပ်ပေးလို့ရပါတယ်။ ဝမ်းချုပ်မခံ သင့်သလို နေ့စဉ် ရေသန့် (နှစ်လီတာကနေ  သုံး လီတာ) သောက်သုံးသင့်ပါတယ်။

ဆေးဝါးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်ပါမှ   သောက်သုံးပေးသင့်ပါတယ်။တချို့ အသည်းရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဆေးတစ်ခုခုသောက်မယ်ဆိုရင်   အသည်းကိုထိခိုက်နိုင်တဲ့အတွက် ဂရုစိုက်ပြီးမှ သောက်သုံးပေးသင့်ပါတယ်။

အရက်သောက်သူတွေအနေနဲ့   အရက်မှာပါတဲ့ဓာတ်က အသည်းကိုထိခိုက်စေတဲ့အတွက် အရက်ကို ချက်ချင်းဖြတ်လိုက်တာနဲ့   အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်တာ၊ နာတာရှည်အသည်းရောင်တာ၊ အသည်းအမာရွတ်ထင်တာ၊ အသည်းကြွပ်ဆတ်နာနဲ့ အသည်းကင်ဆာဖြစ်ခြင်းတို့ကနေ  ရှောင်ရှားနိုင်မှာဖြစ်လို့ အရက်ဖြတ်သင့်ပါတယ်။ အရက်ဖြတ်ပြီးတာနဲ့ အသည်းရောဂါဖြစ်နှုန်းက သိသိသာသာ ကျဆင်းသွားမှာပါ။

အသည်းရောင်အသားဝါဘီပိုး၊  စီပိုးရှိသူတွေအနေနဲ့လည်း ခေတ်မီတဲ့ဆေးဝါးတွေနဲ့ ကုသလို့ပျောက်တဲ့အတွက် စိတ်ဓာတ်ကျစရာမလိုဘဲ အသည်းခြောက်တဲ့အထိ မဖြစ်အောင် ကုသနိုင်ပါတယ်။ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး ရှိ၊ မရှိ သွေးဖောက်စစ်ဆေးရင် သိနိုင်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးမရှိရင် သုံးလဆက်   အသည်းရောင်အသားဝါဘီကာကွယ်ဆေးထိုးနိုင်ပါတယ်။  အသည်းရောင်အသားဝါစီနဲ့ HIV  လူနာတွေအတွက်  အသည်းရောင်အသားဝါစီ ကာကွယ်ဆေး အခမဲ့ထုတ်ပေးနိုင်တာကြောင့် ပျောက်ကင်းအောင်ကုသသင့်တယ်။    အသည်းကင်ဆာက အသည်းရောင် အသားဝါဘီလူနာတွေ မကုသဘဲထားရင် ဖြစ်လွယ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အသည်းရောဂါမရှိသူတွေ အနေနဲ့လည်း အသည်းရောဂါမဖြစ်အောင် ဂရုတစိုက်နေထိုင်မှု မရှိရင်  အသည်းလုပ်ဆောင်ချက်  ရုတ်တရက်ကျဆင်းပြီး အသည်းပျက်စီးခြင်း ရောဂါဖြစ်စေနိုင်ပါတယ်။  ဒါ့ပြင် အသားအရေနဲ့ မျက်လုံးဝါခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ပျို့အန်ခြင်း၊ နုံးချည့်ခြင်း၊ သတိမေ့လျော့ခြင်းနဲ့ အမြဲအိပ်ငိုက်ခြင်း လက္ခဏာတွေဖြစ်လာရင်    အသည်းရောဂါရှိ၊ မရှိ တီဗီဓာတ်မှန်နဲ့စမ်းသပ်ပြီး ဆရာဝန်နဲ့ ပြသကုသ သင့်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။    ။

ဒေါက်တာလွင်သန့်