ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသည့် သခွားသီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးကောင်းရရှိလာ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ရှ ိကျေးရွာများမှ စိုက်ပျိုးထွက်ရှိသည့် သခွားသီးများ လှိုင်လှိုင်ပေါ်ချိန် တွင် ဈေးကောင်းရရှိလာသည့်အတွက် စိုက်ပျိုးတောင်သူများ အဆင်ပြေ တွက်ခြေ ကိုက်လျက်ရှိကြောင်း မုန့်ကုန်းကျေးရွာမှ သခွားစိုက်ပျိုးသူ ဦးနေမျိုးထွန်း၏ ပြောပြ ချက်အရ သိရသည်။
သခွားစိုက်ပျိုးရာတွင် ကိုးသုံးလုံးတံဆိပ် ကိုဝယ်ယူ၍ အစေ့တိုက်ရိုက်ချ စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင် နှစ်ပေခြားစိုက်ပျိုးရ ကြောင်း၊ တိုင်ထောင်စနစ်ဖြင့်စိုက်ပျိုးပြီး အပင်၏နွယ်ကို တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး တစ်လပြည့်လျှင် အဖူး၊ အပွင့် များပွင့်ကာ အသီးစတင်သီးကြောင်း၊ သုံးရက်တစ်ကြိမ် ဆွတ်ခူးရပြီး ရေသွင်းသည့်အခါ မြောင်းစနစ်ဖြင့် ရေသွင်းရကြောင်း၊ သခွားသီး စတင်ပေါ်ချိန်တွင် တစ်လုံးလျှင် ငွေကျပ် ၁၅၀ ရရှိပြီး လှိုင်လှိုင် ပေါ်ချိန်တွင် ငွေကျပ် ၂၀၀ အထိ ဈေး ကောင်းရရှိလာကြောင်း သိရသည်။
သခွားစိုက်ပျိုးခြင်းကို ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ လက်ပံအိုင့်ကျေး ရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ မုန့်ကုန်းကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာတို့၌ အများဆုံးစိုက် ပျိုးကြခြင်းဖြစ်သည်။
အဆိုပါကျေးရွာများမှ စိုက်ပျိုးထွက်ရှိ သည့်သခွားသီးများကို ကျောက်ပန်းတောင်း မြို့ မြို့မဈေးသို့ သွားရောက် ရောင်းချကြကြောင်း၊ ထို့ပြင် ကုန်သည်များက စိုက်ခင်း အထိလာရောက် ဝယ်ယူကြပြီး မကွေး၊ နတ်မောက်၊ ချောက်နှင့် ညောင်ဦးမြို့တို့မှ ဖောက်သည်များထံ ပြန်လည်တင်ပို့ ရောင်းချကြကြောင်း၊ သခွားသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀ မှ ၂၀၀ အထိ ဈေးကောင်းရရှိခြင်းကြောင့် သခွားစိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။