(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုပါ၏

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုပါ၏

အကြောင်းအပေါင်းသင့်လာလို့                  အပေါင်းအသင်းရေ ပြောပြချင်တယ်               

 ခေတ်ဆန်တာမှကြိုက်တယ်                     မင်းစကားကို ဘဝင်မကျလို့ရယ်                    ကိုယ့်ဘဝကိုသေချာတွေး 

 တွေး-တွေးလို့မှာချင်စမ်းတယ် သူငယ်ချင်းရယ်             မင်းဘာလူမျိုးလဲလို့                              မှန်ထောင်ကာ အသေအချာကြည့်ဦးကွယ်...

မိုးနှောင်းကာလ ရက်စွဲတစ်ခု၏ နံနက်ခင်းတွင် အဆိုတော်ကြီး တွံတေးသိန်းတန်၏ ဂန္ထဝင်မြောက် လက်ရာများစွာထဲမှ တစ်ပုဒ်ဖြစ်သည့် အမေ့ပါးက သနပ်ခါး သီချင်းကို ကျွန်တော်နားထောင်ဖြစ်သည်။ နားထောင်ဖြစ်ရသည့် အကြောင်းရင်းက ယခုနှစ်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ကျင်းပနေသည့်သတင်းနှင့်    ချမှတ်ထားသည့် ဦးတည်ချက်များကို တွေ့ရသောကြောင့်လည်းဖြစ်သည်။ ထို့ပြင်   ယခုရက်ပိုင်းအတွင်းရောက်ခဲ့သည့်     ဘုရား၊ သွားခဲ့သည့် ဈေးဝယ်စင်တာများ၌  မြင်တွေ့ခဲ့ရသည့်  မြင်ကွင်းတို့ကြောင့်လည်း  ယခုကဲ့သို့ ရေးသားဖြစ်စေရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။                    ကျွန်တော့်အဖေနှင့်  ဦးလေးတို့အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရိုးရာယဉ်ကျေးမှုဓလေ့ကို တန်ဖိုးထားကြသည့် သက်ကြီး သက်လတ် လူတန်းစားပေါင်းစုံ သဘောကျနှစ်သက်ကြသည့် အမေ့ပါးက သနပ်ခါး သီချင်းကို ကျွန်တော်ငယ်စဉ်က အမှတ်တမဲ့သာ နားထောင်ဖြစ်ခဲ့သည်။ လူငယ်ပီပီ အတွေးအခေါ်များက မလေးနက်ခဲ့။ ယနေ့မှာတော့ ဘာကြောင့်    ထိုသီချင်းများဖြစ်ပေါ်ခဲ့ရသည်ကို လေးလေးနက်နက်  ဆင်ခြင်သုံးသပ်နိုင်ခဲ့ပြီဖြစ်သည်။

စိတ်ကြည်နူးရွှင်လန်းစွာ  ဘုရားသွားဖူးသော်လည်း ဘုရားပေါ်တွင်တွေ့ရသည့် ရှေ့ကွဲနောက်ကွဲ အမြင်မသင့်လျော်ဖွယ် ဝတ်ဆင်လာမှုများကြောင့် ယိုသူမရှက် မြင်သူရှက်ခဲ့ရသည့် မြင်ကွင်းများလည်း ယနေ့ထက်တိုင် ရှိနေဆဲပင်။    ဘုရားပေါ်တွင် ဝတ်ဆင်မှုစည်းကမ်းချက်များ ထုတ်ပြန်အသိပေး ထားပါသော်လည်း မလိုက်နာနိုင်သည်ကို   အံ့သြမိသည်။ ထို့ထက်   အတူပါလာသည့် အုပ်ထိန်းသူများက မတားမြစ်သည်ကိုလည်း ပို၍အံ့သြမိသည်။ ဘုရားဖူးလာသည့်ဝတ်စုံနှင့်  နွေရာသီ အိမ်နေရင်း ဝတ်သည့်ဝတ်စုံများ မှားလာသလားပင်ထင်ရသည်။ လမ်းကြုံ၍  ဘုရားဖူးချင်သည်ဆိုသည့်တိုင်  မိမိဝတ်ဆင်လာသော ဝတ်စုံကိုဆင်ခြင်လျက် အဝေးမှ ဖူးတန်ဖူးရပါမည်။   မကြာမီရက်ပိုင်းက ကျွန်တော်တို့မိသားစု  ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဆွမ်းကပ်ခဲ့ကြသည်။ မိမိတို့ကဲ့သို့  လာရောက်ကပ်လှူကြသည့် မိသားစုများကိုတွေ့ခဲ့ရသည်။ ထိုအထဲမှာမှ အဖေ၊  အမေက  မြန်မာဆန်ဆန်ဝတ်ဆင်လာသော်လည်း သားဖြစ်သူက ဒူးလောက်ရှိသည့် သရီးကွာတား ဘောင်းဘီတိုဝတ်လာသည့်   မိသားစုကိုလည်းတွေ့ခဲ့ရပါသေးသည်။   တစ်ခါတုန်းကလည်း အေးလွန်းလှသည့် ဆောင်းတွင်းနံနက်ခင်းတစ်ခုတွင်   ပေါင်ရင်းထိဖော်ကာ ဝတ်ထားသည့် အမျိုးသမီးငယ်တစ်ဦး၏   ဖက်ရှင်တစ်ခုကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါသေးသည်။ သာသနာ့နယ်မြေ မဟုတ်သည့်  ဈေးဝယ်စင်တာကြီးများ ရောက်ပါကလည်း  ပို၍ပို၍  ဆိုးလှပါ၏။ တိုးတက်ခြင်းနှင့် ခေတ်မီခြင်းအပေါ်  လိုရာဆွဲယူ အသုံးချနေကြသော မြင်ကွင်းများကို မြင်တွေ့ရတိုင်း စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ နားထဲစွဲနေသည့် ဘယ်ခရီး ဘယ်ထီး၊   ဘယ်လမ်းဘယ်ပန်း၊   ဘယ်အရပ် ဘယ်ဖိနပ် ဆင်မြန်းရမည်ကို လူငယ်တွေပင်မဆိုနှင့် အချို့သော သက်ကြီးလူကြီးများပင် အလေးအနက်ထား ရကောင်းမှန်း မသိကြတော့ပေ။  မြန်မာ့ရိုးရာ အစဉ်အလာကောင်းများအပေါ်     ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ရှေးရိုးစွဲခြင်း မဟုတ်ပါ။ မဖော်သင့်သော မပေါ်သင့်သောအရာများကို  သူ့နေရာ အချိန်အခါနှင့်သူ ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်ခြင်းသာဖြစ်သည်။                          

နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုပုံစံအသီးသီးရှိကြသည်။   တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုတော့မရှိကြ။ ရောမ ရောက်လျှင် ရောမလို ကျင့်ဟုဆိုကြသော်လည်း    သူ့အရပ်သူ့ဇာတ်နှင့် လျော်ညီစွာ ဝတ်ဆင်နေထိုင်ကြရပါမည်။ မြန်မာလူမျိုးများဖြစ်သည့်အတွက်  မည်သည့်နေရာတွင် ပင်ရောက်ရောက် မြန်မာမှုနယ်ပယ်မှမသွေဖည်ဘဲ ဝတ်ဆင်နေထိုင်တတ်ဖို့   အရေးကြီးလှပါသည်။ ဤနေရာတွင်  ဆက်စပ်မိ၍ မြန်မာ့လူသန်ကြီးဟု တင်စားခံခဲ့ရသူ ကာယဗလသမားကြီး  ဦးဇော်ဝိတ်၏ အိုလံပစ်ဆင်နွှဲခဲ့သည့်ဖြစ်စဉ်ကို   သတိရမိသည်။  ဂျာမနီနိုင်ငံတွင်ကျင်းပသည့်   အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ဆင်နွှဲရန်  ဦးဇော်ဝိတ်သွားရောက်ခဲ့ရာ သူဝတ်ဆင်လာသော  မြန်မာအမျိုးသားဝတ်စုံက ဘာလင်မြို့တွင်း၌ လူအများစိတ်ဝင်စားစရာဖြစ်စေခဲ့သည်။ ရွှေဖလားရောင်ခေါင်းပေါင်းနှင့် ဗန်ကောက်လုံချည်၊ မန္တလေးပိုးတိုက်ပုံဝတ်ကာ ကတ္တီပါဖိနပ်စီး လျက် အိမ်တော်ရာထီး    လက်ကကိုင်လာသော ဦးဇော်ဝိတ်၏ အသွင်ကြောင့်  အချို့အမျိုးသား၊ အမျိုးသမီးများ ဓာတ်ပုံ တွဲရိုက်သည်အထိ ဖြစ်ခဲ့ကြသည်။ ဘယ်နိုင်ငံ ဘယ်လိုရောက်၍ ဘယ်လိုဝတ်ရပါသည်ဟု ဆင်ခြေပေးရန်မလိုပါချေ။ အိန္ဒိယလူမျိုးများ သူတို့ရိုးရာဝတ်စုံအား မည်သည့်နိုင်ငံသို့ ရောက်ရောက် အမြတ်တနိုးဝတ်ကြသည်။ အာဖရိကလူမျိုးများ ထိုနည်းအတိုင်းသာပင်။          

ပုဆိုးနှင့်တိုက်ပုံ၊ ရင်ဖုံးအင်္ကျီနှင့်လုံချည်ကိုသာ အချိန်ပြည့်ဝတ်ဆင်နေရမည်ဟု မဆိုလိုပေ။ သူ့အရပ် သူ့ဇာတ် လျော်ညီစွာဝတ်ဆင်စေဖို့သာဖြစ်ပါသည်။  အင်္ဂလိပ်စာကိုသာ  ဦးစားပေးသင်ကြားရင်း မြန်မာစကား မပြောတတ်လောက်အောင်ဖြစ်သွားသော သားသမီးများ၏အားထုတ်မှုအပေါ် အဆိုး၊ အကောင်း မခွဲခြားတတ်သည့် မိဘများ၊ လူမြင်မသင့်လျော်သော ဖျော်ဖြေတင်ဆက်မှုများဖြင့်  အောင်မြင်မှုရှာဖွေနေသည့် သားသမီးများ၏ ကြိုးစားမှုအပေါ်   အသိအမှတ်ပြုနေကြသော မိဘများကို မြင်တွေ့နေရသည်မှာ   ကာယကံရှင်တွေတော့မသိ၊ မြင်တွေ့ရသူအများစုအတွက်   စိတ်မချမ်းမြေ့စရာပင် ဖြစ်သည်။ ထိုသူတို့အား တစ်ဖက်လှည့်နည်းဖြင့် မြေတောင်မြှောက်ပေးနေသည့်   မီဒီယာအမည်ခံ   တိုင်းပြည်ပျက်စီးရေး  သပ်လျှိုဝင်ရောက်သူများကလည်း တစ်စတစ်စ တိုးပွားလာလျက်ရှိနေပါသည်။ တိုးတက်ပြောင်းလဲလာသော    ခေတ်မီနည်းပညာများကို အသုံးချကာ  မြန်မာ့ယဉ်ကျေးမှုများ ယုတ်လျော့ လာခြင်းမှ အစပြုလျက် အမျိုးသားရေးလက္ခဏာများ ပျက်စီးအောင်    ခေတ်သစ်နယ်ချဲ့ နည်းများဖြင့်  ဆောင်ရွက်လာသည့်အပေါ် သမိုင်းအမြင်နှင့် ဆင်ခြင်သုံးသပ်နိုင်သူများဖြစ်ကြဖို့   အရေးကြီးပါသည်။ မိမိတို့၏  ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများ တိုင်းတစ်ပါး၏ လွှမ်းမိုးမှုခံရခြင်းသည်    ရေရှည်အတွက်    ကောင်းသော အရာတစ်ခုမဟုတ်ပါချေ။   ထိုသို့ အမျိုးသားရေးယဉ်ကျေးမှုနှင့်ပတ်သက်၍ လမ်းမှားမရောက်စေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲကြီးကို   ဦးတည်ချက်များ ချမှတ်ကာ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။

အတိတ်ကာလတွင်လည်း ဆောင်ရွက်ပေးခဲ့ကာ အမျိုးသားရေးကိုယ်ခံစွမ်းအားများ မြှင့်တင်နိုင်အောင် ကြံဆောင်ပေးခဲ့ပါသည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်လည်း (၂၄) ကြိမ်တိုင်ခဲ့ပြီဖြစ်သည့်   မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊  မျိုးဆက်သစ် လူငယ်များအကြားတွင်   ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို   ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ   ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဟူသည့်   ဦးတည်ချက်(၄)  ရပ်ကို  ချမှတ်ကာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး ရေသောက်မြစ်  ရှင်သန်ခိုင်မာစေရန် ကြိုးစား  ဆောင်ရွက်ပေးလျက်ရှိပါသည်။                         

အမေ့ပါးကသနပ်ခါးသီချင်းထဲတွင် အဆိုတော်ကြီး တွံတေးသိန်းတန်က-

ကြုံကြိုက်လို့ ပြောလိုက်ပါရစေ သူငယ်ချင်းရေ တကယ်တော့  ခေတ်ဆန်တာမှကြိုက်ပါတယ် ဆိုတဲ့မင်းရဲ့စကားလေးတွေကို ဘဝင်မကျလို့ပြောရမှာပါ

အေး...  ခေတ်ဆန်တယ်ဆိုတာရယ် တိုးတက်တယ်ဆိုတာရယ်  ဆိုတဲ့စကားနှစ်မျိုးကိုလည်းပဲ နားလည် စေချင်ပါတယ်။ ပြီးတော့  ကိုယ့်ယဉ်ကျေးမှု ကိုယ့်အနုအလှ ကိုယ့်ဂီတဆိုတာကိုအမေ့ပါးက သနပ်ခါးသဖွယ်ထားပြီး    ဖြစ်စေချင်လွန်းလို့  ဒီသီချင်းကို စေတနာသန့်သန့်နဲ့ တင်ပြရမှာပါဟု ဆိုထားခဲ့သကဲ့သို့ ကျွန်တော့်အနေဖြင့်လည်း  ခေတ်မီလွန်ကာ ခေတ်ကိုဆန်တက်လျက် သရုပ်ပျက်နေကြသူ တစ်စု၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊    အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်စေရေး အလို့ငှာ ဤစာစုအား စေတနာသန့်သန့်ဖြင့် ရေးသားရခြင်းဖြစ်ပါသည်။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက    အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းရန်အလို့ငှာ  (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များ  ပေါ်ထွက်လာရန်  စီစဉ်ကျင်းပသည့် ပြိုင်ပွဲကြီးအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။   ။

နွေကံ့ကော်(မြို့လှ)