ကယားပြည်နယ်၏ အထင်ကရ ဘီလူးချောင်း တစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ မှုံပြာကျေးရွာသူ ကျေးရွာသားများ၊  ဒေသခံများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍  ဘီလူးချောင်း တစ်လျှောက်ရှိ    အမှိုက်သရိုက်များ၊ ဒိုက်နှင့် ရေညှိရေမှော်များကို ယနေ့နံနက်ပိုင်းတွင် ပူးပေါင်းရှင်းလင်း ခဲ့ကြသည်။

“ကျွန်တော်တို့   ဒီနေ့  စုပေါင်းဘီလူးချောင်း သန့်ရှင်းရေး လုပ်ရတဲ့ အကြောင်းက   ကျွန်တော်တို့ဘီလူးချောင်းကြီးဟာ လွိုင်ကော်မြို့တင်မကဘူး ကယားပြည်နယ်ရဲ့ တကယ့်အထင်ကရ တကယ့်ကျက်သရေဆောင်ကြီးဖြစ်တယ်။    ကျွန်တော်တို့ရဲ့တကယ့်သွေးကြောတစ်ခုလည်းဖြစ်တယ်ပေါ့။  ဒီဘီလူးချောင်းကို မှီပြီး စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ၊ သောက်သုံးရေတွေ၊ ရေအားလျှပ်စစ်တွေသုံးနေတဲ့ ကျွန်တော်တို့အတွက် မရှိမဖြစ်တဲ့ ဘီလူးချောင်းကြီးဖြစ်တယ်။   ဒီဘီလူးချောင်းကြီးဟာ ရှမ်းပြည်နယ်ကနေ စီးဆင်းလာပြီးတော့ စီးဆင်းလာတဲ့ ချောင်းတစ်လျှောက်မှာဆိုရင် အမှိုက်သရိုက်တွေ၊ ဒိုက်တွေ၊ မှော်တွေဟာ တော်တော်များများဖြစ်လာတဲ့အခါ ချောင်းကြီးဟာ ရေရှည်မှာ တိမ်ကောပျောက်ကွယ်သွားနိုင်စရာရှိတယ်။ ဒီလိုဆောင်ရွက်ခြင်းကြောင့် ကျွန်တော်တို့ဘီလူးချောင်းကြီးရဲ့  ရေဟာနှစ်ရှည်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘောမျိုးဖြစ်ပါတယ်ဟု လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ဒုတိယညွှန်ကြားရေးမှူး   အမှုဆောင်အရာရှိ ဦးသန်းထွန်းကပြောသည်။

ရေစီးကွေ့များနှင့် ရေတားသည့်နေရာများတွင် အမှိုက်များ   သွားစုနေကြောင်း၊ စည်းကမ်းမဲ့သည့်   ပြည်သူများကြောင့်  ဝက်သေ၊ ကြက်သေနှင့် မလိုလားအပ်သည့် အမှိုက်များ၊ အညစ်အကြေးများ လာပစ်သည့်အတွက်ကြောင့် ဘီလူးချောင်းအသုံးပြုသည့်ပြည်သူများ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း၊ အဓိကက တိမ်ကောသွားမည်ကို စိုးရိမ်ရကြောင်း၊   တိမ်ကောသွားလျှင် သယံဇာတတစ်ခုဖြစ်သည့် ရေအားလျှပ်စစ် ထုတ်လုပ်သည့်နေရာတွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်း ဘေးတစ်လျှောက်တွင် လျှောက်လမ်းများ၊ ညအလှမီးလေးများနှင့် သာယာလျက်ရှိသည်။ သန့်ရှင်းရေးပြုလုပ်ခြင်းသည် ယခုနှစ်အတွင်း စည်ပင်ဌာနအနေဖြင့် သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး ပရဟိတအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ယခုတစ်ကြိမ်သာ ရှိကြောင်းနှင့် ယနေ့သန့်ရှင်းရေး ဆောင်ရွက်ခြင်းသည် မှုံပြာကျေးရွာထိပ် (မိုင်းလုံးရေစက်ရုံ)မှ နန်းကွတ်ရပ်ကွက်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။