ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်   စက်တင်ဘာ   ၁၂

    ကျန်းမာရေးဝန်ကြီးဌာန     ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)၌ ကျင်းပသည်။        

အခမ်းအနားသို့   ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ   အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အမျိုးသားအဆင့်   ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ (National Immunization   Technical Advisory Groups NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UNICEF ၊ WHO ။ GAVI နှင့် CHAI အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဗဟိုကာကွယ် ဆေး သိုလှောင်အအေးခန်း လေးထပ်ဆောင် အဆောက်အအုံသစ်ကို  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်) တွင်ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို အအေးလမ်းကြောင်းမပြတ် စနစ်တကျ သိုလှောင်ထိန်းသိမ်း ထားရှိပြီး  တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုအခါ ကာကွယ်ဆေးများ အမျိုးအစား တိုးချဲ့ထိုးနှံလာခြင်းနှင့် အတူ အဆိုပါ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရန် နေရာထပ်မံ လိုအပ်ပါသဖြင့်   လက်ရှိ လေးထပ်ဆောင် အဆောက်အအုံသစ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းကာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင်    ဆောက်လုပ်ပြီးစီးခဲ့ကြောင်း။        

ထို့ကြောင့် ယခုအခါ ကာကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်းမပြတ် စနစ်တကျ သယ်ယူပို့ဆောင် သွားနိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုး လုပ်ငန်းကို   ပိုမိုထိရောက်စွာ အားဖြည့်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း၏ လုပ်ငန်းများတွင် လိုအပ်သော ပံ့ပိုးမှုများအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်   ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် Video  မှတ်တမ်းကိုပြသပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က    ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပေးအပ်၍ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    အဆောက်အအုံ အတွင်းရှိ ကာကွယ်ဆေး သိုလှောင်အအေးခန်းများနှင့် အအေးလမ်းကြောင်း စနစ်များကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ    အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ    သိုလှောင်ထားရှိရန် အတွက်   လူဝင်လမ်းလျှောက်နိုင်သော အအေးခန်း   Walk In Cooler  ခုနစ်လုံး၊ အေးခဲခန်း Walk In Freezer  လေးလုံး ပါဝင်သည့် အခန်း၊ အပူချိန် အနုတ် ၈၀ဒီဂရီစင်တီဂရိတ်တွင် သိမ်းဆည်းသိုလှောင် နိုင်သည့် Ultra Cold Chain Freezer များ၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ လူ ၄၀၀ ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ တစ်ခုနှင့် သင်တန်းသား ၅၀ ခန့် တည်းခိုရန်နေရာ၊ လူစီးဓာတ်လှေကား စနစ်တစ်ခု၊   ပစ္စည်းအတင်အချ   ဓာတ်လှေကားစနစ်တစ်ခု၊ လျှပ်စစ်မီးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စနစ်များနှင့် 300 KVA Back-up Generator  မီးစက်နှစ်လုံး၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တို့ပါရှိပြီး ကာကွယ်ဆေးဆံ့ဝင်မှု အနေဖြင့် တစ်နိုင်ငံလုံး ကာကွယ်ဆေး လိုအပ်ချက်၏ တစ်နှစ်စာ သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း  သိရသည်။