နာတာရှည်အဆုတ်ရောင်ရောဂါကိုပင် သက်သာပျောက်ကင်းစေနိုင်မယ့် ခန္ဓာကိုယ်ထဲက ကလာပ်စည်း

နာတာရှည်အဆုတ်ရောင်ရောဂါကိုပင် သက်သာပျောက်ကင်းစေနိုင်မယ့် ခန္ဓာကိုယ်ထဲက ကလာပ်စည်း

ကမ္ဘာပေါ်မှာ တတိယမြောက်လူသေဆုံးမှု အများဆုံးကိုဖြစ်စေတဲ့ ရောဂါတစ်ခုရှိပါတယ်။ အဲဒါကတော့ နာတာရှည် အဆုတ်ရောင်ရောဂါပါပဲ။ တစ်နှစ်ကို လူသုံးသန်းလောက်အထိ သေဆုံးစေတာပါ။ သူက အမေရိကန်နိုင်ငံမှာလည်း ဆဋ္ဌမမြောက် လူသေဆုံးမှုအများဆုံးကိုဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးဌာနရဲ့ ခန့်မှန်းတွက်ချက်မှုအရဆိုရင်လည်း လက်ရှိအမေရိကန်မှာ နာတာရှည် အဆုတ်ရောင် ရောဂါခံစားနေရသူ ၁၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်စရာအကောင်းဆုံး အချက်တစ်ချက်က ၁၅ သန်းသာမကဘဲ တခြား သူတွေမှာလည်း နာတာရှည် အဆုတ်ရောင်ရောဂါရှိနေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ သူတို့အနေနဲ့ အဲဒီ အခြေအနေတွေကို မသိထားကြပါဘူး။

နာတာရှည် အဆုတ်ရောင်ရောဂါဆိုတာ လူနာတစ်ဦးရဲ့အသက်ရှူလမ်းကြောင်းဟာ ပိတ်ဆို့သွားပြီး  အသက်ရှူရခက်ခဲလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။

နာတာရှည် ချောင်းဆိုးရင်ကျပ်တာနဲ့ လေအောင်းတာလိုမျိုး အခြေအနေများဟာ နာတာရှည် အဆုတ်ရောင် ရောဂါဖြစ်ပွားခြင်းရဲ့ အဖြစ်အများဆုံး ရောဂါများပါ။

သူ့ရဲ့ရောဂါ လက္ခဏာတွေမှာတော့ ချွဲသလိပ်များထခြင်း၊ ရင်ဘတ်တင်းကျပ်ကျပ်ကြီးဖြစ်ခြင်းနဲ့ နာတာရှည် ချောင်းဆိုးခြင်းတို့ဖြစ်တဲ့အထိ ပါဝင်ပါတယ်။

စိတ်မကောင်းစရာအချက်တစ်ခုက လူတော်တော်များများဟာ ဒီလိုအစောပိုင်း အခြေအနေတွေကို  လျစ်လျူရှုလေ့ရှိကြတာပါပဲ။ ဒါဟာအချိန်ကြာလာတာနဲ့အမျှ နဂိုအတိုင်းပြန်မဖြစ်နိုင်တဲ့ အဆုတ် ပျက်စီးမှုကို ဖြစ်သွားစေပါတယ်။

အခုတော့ သုတေသနပညာရှင်တချို့ရဲ့ လေ့လာမှုတွေအရ ဒီလိုမျိုး နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ လောက်အောင် ပျက်စီးသွားတဲ့အဆုတ်ကို နဂိုအတိုင်းပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်မယ့် နည်းတစ်ခု ကို ဖော်ထုတ်တွေ့ရှိလိုက်ပါပြီ။

သုတေသနစာတမ်းပြုစုသူများဟာ ဒါနဲ့ပတ်သက်ပြီး ပထမအဆင့်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုထဲမှာ နာတာရှည်အဆုတ်ရောင်ရောဂါကြောင့် မကြာခင်မှာ လူ့ဘဝကြီးကနေ ထွက်ခွာ သွားရတော့မယ့်လူနာတွေ ပါဝင်နေပါတယ်။

ဒါပေမဲ့   အံ့အားသင့်ဖို့ကောင်းစွာပဲ သုတေသနပညာရှင်များဟာ လူနာများရဲ့ ပျက်စီးနေတဲ့ အဆုတ်များ ကို ပြန်ကောင်း အောင်ကုသပေးနိုင်ခဲ့ပြီး သူတို့ရဲ့ကျန်းမာရေး အခြေအနေကိုလည်း တိုးတက်လာ စေခဲ့ပါတယ်။

ဒီလို တိုးတက်လာစေဖို့အတွက် သုတေသနပညာရှင်များက လူနာရဲ့အဆုတ်အတွင်းမှာရှိတဲ့ ကလာပ် စည်းများကိုသာ အသုံးပြုခဲ့ကြတာပါ။

“ပထမအဆင့် စမ်းသပ်မှုကနေ ထွက်ပေါ်လာတဲ့ရလဒ်က တကယ့်ကိုအားတက်စရာပါပဲ။ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ နာတာရှည်အဆုတ်ရောင်ရောဂါဟာ ထိရောက်မှုရှိတဲ့ ကုသမှုအသစ်ကိုသာ လိုအပ်နေ တယ်ဆိုတာ တွေ့လာရပါတယ်။ တကယ်လို့များ နောက်ထပ်လုပ်ဆောင်မယ့် စမ်းသပ်မှုအဆင့် တွေမှာသာ ဒီလိုမျိုးရလဒ်တွေကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာတကယ့်ကိုအံ့အားသင့်သွားစေမှာပါ” လို့ အိုမာစမန်နီက ပြောပါတယ်။

သူကတော့ သုတေသန စာတမ်းပြုစုရာမှာမပါဝင်ဘဲ အင်ပီရီယယ် ကောလိပ်လန်ဒန်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဆေးပညာပါမောက္ခတစ်ဦးပါ။

ဒီလိုလက်တွေ့စမ်းသပ်မှုမှာ အထက်ကပြောခဲ့တဲ့ လူနာအယောက် ၂၀ ပါဝင်ပါတယ်။ အဲဒီအယောက် ၂၀ ထဲမှာ အလွန်အမင်းပြင်းထန်တဲ့ နာတာရှည် အဆုတ်ရောင်ရောဂါကို ခံစားနေရသူကိုးဦး၊ ပြင်းထန် နာတာရှည် အဆုတ်ရောင်ရောဂါကို ခံစားနေရသူခြောက်ဦး၊ အနုစားနာတာရှည် ချောင်းဆိုးရင် ကျပ်သူနှစ်ဦးနဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသူသုံးဦးဖြစ်ပါတယ်။

အဲဒီသုတေသနအတွင်းမှာ ပညာရှင်များက P63+ ဘိုးဘေးဘီဘင် ကလာပ်စည်းများဟာ အဆုတ် ပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးနိုင်မယ့် အရာတစ်ခုဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီကလာပ်စည်းဆိုတာဟာ လူ့အရေပြား၊ ရင်သား၊ အူလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတို့ရှိ အမျိုးမျိုးသောတစ်သျှူးများ မှာတွေ့ရလေ့ရှိတဲ့ ပင်မကလာပ်စည်းများလိုပါပဲ။

ပင်မကလာပ်စည်းတွေဆိုတာက ခန္ဓာကိုယ်ရဲ့အတွင်းအပြင်မှာရှိတဲ့ တစ်သျှူးများကို ထိန်းသိမ်းခြင်းနဲ့ ပျက်စီးသွားပါကလည်း ပြုပြင်ခြင်းတို့ကို လုပ်ဆောင်တဲ့လုပ်ငန်းကို ဆောင်ရွက်ပါတယ်။

ဒါကြောင့် သုတေသနပညာရှင်များက P63+ ကလာပ်စည်းတွေဟာ အသက်ရှူလမ်းကြောင်း အပါအဝင် အဲဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နံရံတွေကိုထိန်းသိမ်းခြင်းနဲ့ ပြုပြင်ခြင်းတို့လုပ်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သိထားပါတယ်။

ဒီလိုနဲ့သိပ္ပံပညာရှင်များက လူတွေနဲ့လက်တွေ့စမ်းသပ်မှုမလုပ်မီ တိရစ္ဆာန်တွေနဲ့ လက်တွေ့ စမ်းသပ်မှု ကို အရင်လုပ်ပါတယ်။

အဲဒီလိုလုပ်တဲ့အခါ အဆုတ်အတွင်းရှိ လေပေါက်လေးတွေရဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေကို ကောင်းစွာ ပြုပြင်လိုက်နိုင်တယ်ဆိုတာတွေ့ရပါတယ်။

အဲဒီလေပေါက်လေးတွေဆိုတာက ရှူသွင်းလိုက်တဲ့လေနဲ့ အဆုတ်ဆီထောက်ပံ့ပေးတဲ့ သွေးတို့ကြားမှာ ဓာတ်ငွေ့များကို အပြန်အလှန် ဖလှယ်ပေးခြင်းကို အဓိကလုပ်ဆောင်ပါတယ်။

ဒီအချက်အလက်တွေအပေါ် အခြေခံပြီးတဲ့နောက် သိပ္ပံပညာရှင်များဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ လက်တွေ့ စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

သူတို့က လူနာတွေရဲ့အဆုတ်မှ P63+ ဘိုးဘေးဘီဘင်ကလာပ်စည်းတချို့ကို ထုတ်ယူပါတယ်။ ပြီးတဲ့အခါ ကလာပ်စည်းတွေကို သန်းပေါင်းများစွာ ပွားများလာစေတဲ့အထိ ဓာတ်ခွဲခန်းထဲမှာ ထားပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ရရှိလာတဲ့ကလာပ်စည်း သန်းပေါင်းများစွာကို လူနာရဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပြန်ထည့်ပေးလိုက်ပါတယ်။

ပြီးတဲ့အခါ သုတေသနပညာရှင်များက လူနာတွေရဲ့ အခြေအနေကို ၂၄ ပတ်ကြာစောင့်ကြည့်ကြပါတယ်။ အဲဒီလိုစောင့်ကြည့်ရာမှာ အဆုတ်ကျန်းမာရေး အခြေအနေ တိုးတက်လာတယ်ဆိုတဲ့ အညွှန်းကိန်း အများအပြားကို တွေ့ရှိခဲ့ပါတယ်။

မကြာခင်မှာ    သိပ္ပံပညာရှင်များဟာ ဒုတိယအဆင့်    လက်တွေ့စမ်းသပ်မှုကို လုပ်ဆောင်ပါတော့မယ်။ အဲဒီစမ်းသပ်မှုမှာ နာတာရှည်အဆုတ်ရောင် ရောဂါခံစားနေရသူ အများအပြားပါဝင်ပါမယ်။

သိပ္ပံပညာရှင်များကတော့ သူတို့ရဲ့နည်းလမ်းဟာ အဆုတ်နဲ့ပတ်သက်တဲ့ တခြားရောဂါတွေကိုလည်း   ကောင်းစွာ ကုသပေးနိုင်စွမ်းရှိမယ်လို့ ယုံကြည်ထားကြပါတယ်။

အခုလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိသူများကတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ထောင်ဂျီတက္ကသိုလ် ဆေးကျောင်းမှ ပါမောက္ခဝေကျိုး ဦးဆောင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။    ။

Ref: IE