ကြိုတင်ကာကွယ် မီးဘေးအန္တရာယ်

အချိန်မရွေး၊ နေရာမရွေး၊ ဥတုရာသီမရွေး အစဉ်အဆက်ဒုက္ခပေးတတ်သော ရန်သူမှာ မီးဘေးအန္တရာယ်ဖြစ်သည်။ မီးလောင်လျှင်ကုန်းကောက်စရာပင်မကျန် ဖြစ်တတ်သဖြင့် လူတိုင်းမီးလောင်မည်ကို ကြောက်လန့်ကြသည်။ စိုးရွံ့ကြသည်။ သို့သော် မီးကိုသတိမပြုကြ။ နမော်နမဲ့အသုံးပြုကြသည်။ မီးအတွက် ကြိုတင်ကာကွယ်မှုမရှိ။ မီးသည်သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်ရကြောင်းကိုလည်း သတိမမူကြ။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်များ အတောမသတ်ကြုံရသည်။ အဖြစ်အများဆုံး  မီးလောင်မှုသည် ပေါ့ဆမှုကြောင့်ဖြစ်ရသည်။ မီးသုံးလျှင် မပေါ့မဆ သတိထားသုံးရမည်ဖြစ်သလို အိမ်ထောင်စုတိုင်းကလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  မလွဲမသွေပြုကျင့် လိုက်နာဆောင်ရွက်ရေး လိုအပ်သည်။

ကြိုတင်ကာကွယ်မှုကောင်းခြင်းသည် အန္တရာယ်အရပ်ရပ်မှလွတ်ကင်းရသလို အောင်မြင်သည့်ဘက်သို့ သယ်ယူ သွားတတ်သည်။ သဘာဝဘေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအရပ်ရပ်တွင် ကြိုတင်ကာကွယ်မှု ထားရှိရေး လိုအပ်သည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းအောင် ထားရှိရှင်းလင်းခြင်း၊ ထင်းမီးဖို၊ မီးသွေးမီးဖိုတို့ကို အကာအရံဖြင့်ထားရှိအသုံးပြုခြင်း၊ မီးဖိုဘေးတွင် မီးအလွယ်တကူ လောင်ကျွမ်းစေသော အရာများမထားခြင်း၊ ဂက်မီးဖိုများလုံခြုံမှုရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ခြင်း၊ အိမ်စောင့်မရှိလျှင် လျှပ်စစ်မိန်းခလုတ်ချပြီးမှ ပြင်ပသို့ထွက်ခွာခြင်း၊ မီးဖိုအသုံးပြုစဉ် လူစောင့်အမြဲထားရှိခြင်း၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိပြီးပါက မီးငြှိမ်းသတ်မှု မပျက်မကွက် ပြုခြင်း၊ မီးကြွင်းမီးကျန်များအား ရေဖြင့်သေချာအောင် ငြှိမ်းသတ်ခြင်း စသည့် ကြိုတင်ကာကွယ်မှု အရပ်ရပ် အားကောင်းလျှင် အားကောင်းသလို မီးဘေးအန္တရာယ် ကင်းလွတ်လွယ်ပေမည်။ အထူးသဖြင့် မီးစလောင်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်ဘူး၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်တို့ အသင့်ဆောင်ထားအပ်သည်။

မီးစတင်လောင်ကျွမ်းရာ အခြေခံအကြောင်းတရားများစွာရှိသည်။ ပေါ့ဆမီး၊ ဝါယာရှော့မီး၊ လျှပ်စစ်ဝန်နှင့်အားမမျှ၍ အပူလွန်ကဲလောင်သောမီး၊ မီးကြွင်းမီးကျန်မှလောင်သောမီး၊ ဂက်အိုးမလုံသဖြင့် လောင်သောမီး၊ ဆေးလိပ်မီးတို့မှအစ တောမီးလောင်ကျွမ်းမှုအထိ အမျိုးမျိုးရှိသည်။ အရေးကြီးသည့်အချက်မှာ မည်သို့ပင် မီးစတင်လောင်ကျွမ်းသည်ဖြစ်စေ အတွင်းကျိတ်မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို ဦးစွာအသိပေး အကူအညီခေါ်သလို မီးသတ်ဦးစီးဌာနသို့ မပျက်မကွက် အကြောင်းကြားခြင်း ပြုရပေမည်။ သို့မှသာ မီးမကြီးမီ   အမြန်ဆုံးငြှိမ်းသတ်နိုင်မည် ဖြစ်သည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခြင်းသည် ကနဦး စတင်မီးလောင်စဉ် ဝိုင်းဝန်းမငြှိမ်းသတ်နိုင်ခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။

အလားတူစွာ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ နေရာဌာနအလိုက် မီးဘေးကာကွယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုပြုသည့် အလေ့အထမရှိခြင်းကလည်း အကြောင်းအချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ် ကြုံတွေ့မှသာ  ဖြစ်သလိုမီးငြှိမ်းသတ်ခြင်းမဟုတ်ဘဲ ရပ်ကွက်၊ ကျေးရွာလမ်းအလိုက် ကြိုတင်လေ့ကျင့် ဇာတ်တိုက်ထားသင့်သည်။ မီးလောင်နေချိန် မီးသတ်ကားများ ဝင်ထွက်နိုင်အောင် လမ်းများရှင်းလင်းခြင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာမကျန်းသူများကို ဦးစားပေးကယ်တင်ရန် စီစဉ်ထားခြင်း၊ ရပ်ကွက်အလိုက် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးလွတ်ရာချထားသည့် ပစ္စည်းများကို မသက်ဆိုင်သူများ သယ်ယူမှုမပြုနိုင်အောင် လုံခြုံရေးထားရှိခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုထားလျှင် ဆုံးရှုံးမှုသက်သာမည်ဖြစ်သည်။     မီးငြှိမ်းသတ်ရေးအဖွဲ့၊ ရွှေ့ပြောင်းရေးအဖွဲ့၊ လမ်းရှင်းလင်းရေးအဖွဲ့၊ လုံခြုံရေး အဖွဲ့များအပြင် ဖြစ်နိုင်ပါက ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များထားရှိပါက   ပို၍လွယ်ကူအဆင်ပြေချောမွေ့စွာ ကာကွယ်နိုင်မည် ဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်တချို့တွင် လူသေဆုံးမှုများရှိသည်။ ညအချိန်အိပ်ပျော်နေစဉ် မီးလောင်လျှင်သော်လည်းကောင်း၊ ခိုင်ခံ့သောအခန်းနှင့် အသံလုံခန်းများ အတွင်းရှိနေလျှင် သော်လည်းကောင်း သေဆုံးရလေ့ရှိသည်။ မီးလောင်နေစဉ် သေဆုံးရခြင်း အကြောင်းရင်းမှာ မီးခိုးမွှန်အသက်ရှူကျပ် သေဆုံးရခြင်းသာ ဖြစ်ပြီး သေဆုံးပြီးမှ မီးလောင်ခံရခြင်း ဖြစ်သည်။

မီးလောင်သည်ကိုသိလျှင်သိချင်း တံခါးအမြန်ဖွင့်ပြီး အိမ်ပြင်ထွက်ပေါက်   သို့မဟုတ်  လှေကားသို့ လေးဖက်ထောက်အမြန်သွားရန် လိုအပ်သည်။ မတ်တတ်သွားလျှင် မီးခိုးကြောင့် အသက်ရှူမရဖြစ်ကာ လဲကျသတိမေ့တတ်သည်။ ပြီးလျှင် ပြင်ပသို့ ဆောလျင်စွာ ထွက်တတ်ရန်လိုသည်။ သို့မှသာ  အသက်ဘေးမှ လွတ်ကင်းမည်ဖြစ်သည်။

မီးဘေးကြိုတင်ကာကွယ်ရေးသတိပေးဆောင်ပုဒ်များစွာရှိသည်။ မီးသတိပြု၊ သင့်ကြောင့်မီးမလောင်ပါစေနှင့်၊ မီးဘေးရှောင်မလောင်ခင်တား၊ မီးကြွင်းမီးကျန်သတိပြု၊ ဝိုင်းဝန်းကာကွယ်မီးဘေးအန္တရာယ်၊အမှိုက်ကစ ပြာသာဒ်မီးလောင်၊ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ပါနှင့်၊ မီးမပေါ့ဆနှင့် အစရှိသည့် ဆောင်ပုဒ်များသည် လူတိုင်းလိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ်များဖြစ်သည်။ လိုက်နာ ဆောင်ရွက်သည်နှင့်အမျှ မီးဘေးအန္တရာယ် လျော့နည်းသက်သာမည်ဖြစ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခြောက်သွေ့ရာသီမတိုင်မီ မီးသတ်ဦးစီးဌာနကဲ့သို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ် ကြည်သာစွာ အစစ်ဆေးခံပြီး ထိုပုဂ္ဂိုလ်များ၏  အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည်လည်း   ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်တိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာလူထု၏ စုပေါင်းငြှိမ်းသတ်နိုင်မှုက အရေးပါသလို အဓိကတာဝန်လည်း ဖြစ်ပြီး ကူညီကယ်ဆယ်ရေးကို ဆောင်ရွက်ပေးနေသော နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မှာ များစွာအရေးကြီးသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားရေးအတွက် အစဉ်အမြဲလေ့ကျင့် ဆောင်ရွက်လျက်ရှိသလို မီးသတ်အထောက်အကူပြု စက်ပစ္စည်းကိရိယာများနှင့်ခေတ်မီ မီးသတ်ယာဉ်များကိုလည်း ဖြည့်တင်းပေးလျက်ရှိသည်။ သာဓကအားဖြင့် မီးလောင်မှုကြီးများဖြစ်သည့် ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော မင်္ဂလာဈေးမီးလောင်မှု၊ အချိုရည်ဂိုဒေါင်မီးလောင်မှု၊ ပဲဆီသန့်စက်ရုံ  မီးလောင်မှု၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှု၊ ဒိုင်စုကျေးရွာအနီးရှိ ဆီဂိုဒေါင်မီးလောင်မှု၊ ဂျီဝယ်ပက်ခ်ရတနာဘူးခွံစက်ရုံမီးလောင်မှု၊ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှု စသည့်မီးလောင်မှုများတွင် စွမ်းစွမ်းတမံမီးငြှိမ်းသတ်ကြပြီး ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုကို ဖြေသိမ့်ခဲ့ကြသည်။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်တိုင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များကို အားကိုးအားထားပြုလျက် လိုအပ်သည့်အပိုင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရေး လိုအပ်သည်။

မီးလောင်မှုဖြစ်စဉ် ကြီးကြီးမားမားကြုံတွေ့ရသော နေရာများမှာ သိုလှောင်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ တရားမဝင်စက်သုံးဆီ သိုလှောင်ရာနေရာများပင် ဖြစ်သည်။ ထိုနေရာများတွင် မီးလောင်ပါက အတောမသတ်လောင်တတ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ အကြံပြုချက် နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်မှသာ မီးဘေးအန္တရာယ် ကင်းဝေးမည်ဖြစ်သည်။ ထို့အတူ အသီးလည်းစားမီးလည်းတား ဆိုသလိုမည်သည့်အိမ်ရာ၊ သိုလှောင်ရုံ၊ စက်ရုံ၊ အလုပ်ရုံတွင်မဆို သရက်ပင်စိုက်ပျိုး သင့်သည်။ သရက်ရွက်သည် မီးလောင်စဉ်ကာကွယ် ပေးတတ်သဖြင့် မီးမကူးအောင်တားဆီးပေးနိုင်စွမ်းရှိသည်။ ထိုသို့မဟုတ်ပါက အရပ်ဒေသအလိုက် အဖြစ်မြန်အပင်များ စိုက်ပျိုးလျှင်ကြိုတင်ကာကွယ်ရာရောက်သည်။

လူနေရပ်ကွက်၊ လူနေအိမ်များတွင် မီးလောင်ရန် လောင်စာအများဆုံးနေရာမှာ မီးဖိုချောင်မဟုတ်၊ အိပ်ခန်းအတွင်းသာ ဖြစ်သည်။ အိပ်ရာအသုံးအဆောင်ပစ္စည်းသာမက အဝတ်အစားနှင့် အခြားမီးလောင်လွယ်သောပစ္စည်းများ အိပ်ခန်းအတွင်းထား တတ်သဖြင့် ပို၍ဂရုစိုက်သင့်သောနေရာ ဖြစ်သည်။  မိမိတို့၏ နေအိမ်တွင် အရေးကြီးသည့်ပစ္စည်း၊ သာမန်ပစ္စည်းများ ခွဲခြားထားပြီး အလွယ်တကူရွှေ့ပြောင်းသယ်ယူရန် စီမံထားတတ်လျှင်    ဆုံးရှုံးမှု သက်သာနိုင်သည်။

အလားတူစွာ မီးလောင်စဉ်မီးကို ဝိုင်းဝန်းကူညီငြှိမ်းသတ်ရမည့်အစား မိမိတို့အိမ်နှင့် ပစ္စည်းမီးထဲမပါရေးကိုသာ အာရုံထားတတ်သဖြင့် မီးငြှိမ်းသတ်မှုတွင် အားနည်းကာ ပို၍လောင်ကျွမ်းဆုံးရှုံးခံရမှုများလည်း ရှိသည့်အတွက် ကြိုတင်ပြင်ဆင် ကာကွယ်မှုသည်သာလျှင် မီးဘေးသက်သာရာရမည် ဖြစ်သည်။ အထူးလိုအပ်သည်မှာ  ရေကန်များတွင်  ရေအမြဲပြည့်အောင် ဖြည့်တင်းမှုသည်   အကောင်းဆုံးကြိုတင်ကာကွယ်မှု ဖြစ်သည်။

မီးလောင်မှုသည် အချိန်ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း ခြောက်သွေ့ရာသီတွင် မီးလောင်လွယ်သဖြင့် ထိုအချိန်တွင် ပို၍ဂရုစိုက်သင့်သည်။ ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များသည် မီးလောင်လွယ်သော မီးစာများဖြစ်သည်။ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးသာမက ပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ခြင်းများမှာလည်း မီးဘေးကြိုတင်ကာကွယ်ခြင်း ဖြစ်သည်။ သစ်တောများသည် ခြောက်သွေ့ရာသီတွင် တောမီးလောင်တတ်သဖြင့်    သစ်တောအတွင်း သို့မဟုတ် သစ်တောနှင့်နီးကပ်စွာ တည်ရှိသော ကျေးရွာများတွင် မီးတားလမ်းလုံလောက်စွာ ဖောက်ထားသင့်သည်။

လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မီးသည်မရှိမဖြစ်လိုအပ်သည်။ မီးသည်သုံးတတ်လျှင်မိတ်ဆွေ သတိမူသင့်လှသည်။ သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ပြုတ် ဆုံးရှုံးခံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှုပြုကြမှ ဘေးဆိုးအန္တရာယ်မှ လွတ်ကင်းချမ်းသာရကြမည်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကြောင့် မီးဘေးကြုံလာရသည်ရှိသော် မိမိတို့၏ ကိုယ်စီအသိဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခြင်း၊ မီးသတ်ကားများဆောလျင်စွာ ဝင်ထွက်နိုင်ရေး လမ်းရှင်းလင်းပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီဆောင်ရွက်ပေးခြင်း တို့ဖြင့်  မီးအမြန်ဆုံးငြိမ်းအောင် ပူးပေါင်းဆောင်ရွက်ကြရေး လိုအပ်သည်။ အထူးသဖြင့် မီးဘေးမကျရောက်ရအောင် မီးဘေးကြိုတင်ကာကွယ်မှု အရပ်ရပ် ပြုလုပ် ထားကြရမည်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။  ။