အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံသင့်သောအကြောင်းရင်း

အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံသင့်သောအကြောင်းရင်း

အသက်ကိုးနှစ်ပြည့်ပြီး အသက် ၁၂  နှစ်မကျော် သေးသော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက်က နေပြည်တော် ရှိ  ကျန်းမာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် အသက်ကိုးနှစ် ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သေးသော အသက်အပိုင်းအခြားရှိကြသည့် မိန်းကလေးငယ် ၁၄၆ ဦး တို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးနောက် တာဝန်ရှိသူများက လက်ဆောင် ပစ္စည်းများလည်း ပေးအပ်ကြသည်။ အဆိုပါကာကွယ် ဆေးထိုးနှံခြင်းအစီအစဉ်ကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်    ကျောင်းအခြေပြုထိုးနှံပေးခြင်းဖြစ်ပြီး အောက်တိုဘာလတွင်   ပြည်သူလူထု အခြေပြုထိုးနှံပေးမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၂ ခုနှစ် သြဂုတ်လက   ထုတ်ပြန်ချက်အရ   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  မြန်မာနိုင်ငံ၊ ဘူလ်တန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုး အစီအစဉ်များတွင် ထည့်သွင်းထိုးနှံ ပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင်  ၁၃  မျိုးမြောက်   ထိုးနှံပေးသည့် ကာကွယ်ဆေးဖြစ်သည်။

ကမ္ဘာတစ်ဝန်း သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒသမ ၃  ဦးရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးသူမှာ  ၆ ဒသမ ၉ ဦးရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုး မှုနည်းသောနိုင်ငံများ၌ဖြစ်ပြီး    အဆိုပါ နိုင်ငံများ၌ ရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရ ကြောင်း၊   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့်   အသက်အရွယ်ငယ်သည့် မိန်းကလေးများတွင် ယင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့်  Human Papillomavirus – HPV (ခေါ်) သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုးကူးစက်မှု နှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV  ပိုးအမျိုး အစားလေးမျိုးကို    ကာကွယ်နိုင်သည့်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ် ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်၌  ကင်ဆာရောဂါအမျိုးအစား မြောက် မြားစွာရှိသည့်အနက် သားအိမ်ခေါင်းကင်ဆာရောဂါ သည် အမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံးနှင့် အသေအပျောက်များသော   ရောဂါဖြစ်သော်လည်း ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းဖြင့် ဘေးကင်း လုံခြုံမှုရှိသည်။  သားအိမ်ခေါင်းကင်ဆာရောဂါ၏ ထူးခြားချက်မှာ တခြားကင်ဆာရောဂါများနှင့်မတူဘဲ အကြိုအဆင့်ရှိသည်။  တစ်နည်းဆိုသော်  ကင်ဆာ အဆင့်မဖြစ်မီ တွေ့ရှိနိုင်သောအဆင့်ကို အကြိုအဆင့် ကင်ဆာဟုခေါ်သည်။ သားအိမ်ခေါင်းကင်ဆာရောဂါ ကို အကြိုအဆင့်တွင်  ကုသပါက  ကင်ဆာအဆင့်သို့ မရောက်တော့ပေ။   သားအိမ်ခေါင်းအခွဲျအမြှေးကို ကြိုတင်စစ်ဆေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါအကြိုအဆင့်ကို တွေ့ရှိနိုင်သည်။     ထို့ကြောင့်  အမျိုးသမီးများသည်  မိမိတို့၏အသက်အရွယ်ပေါ် မူတည်၍ သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်စစ် ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ လုပ်ဆောင် သင့်သည်။

ကာကွယ်ဆေးထိုးနှံခြင်းနှင့် စစ်ဆေးခြင်း

အဆိုပါကင်ဆာရောဂါ    ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆင့်သုံးဆင့် သတ်မှတ်ထားရာ ပဏာမအဆင့်တွင် HPV ကာကွယ်ဆေးထိုးနှံခြင်း၊   ဒုတိယအဆင့်တွင် သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် စစ်ဆေး ခြင်းနှင့် တတိယအဆင့်တွင် လိုအပ်သောကုသခြင်းတို့

ကို တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းဖြင့်  ထိရောက်စွာ ကာကွယ်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို   အသက်ကိုးနှစ်မှ အသက်  ၁၂  နှစ်အရွယ်  မိန်းကလေးတိုင်း  နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ပြီး  အသက်  ၂၆  နှစ်အရွယ်အထိ သုံးကြိမ်ထိုးနှံနိုင်သည်။ သားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးခြင်းကို အိမ်ထောင်ကျပြီးသူ အမျိုးသမီးတိုင်း အသက် ၃၀ ကျော်ပါက သုံးနှစ်တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း  ဆက်လက်စစ်ဆေး ရန်လိုသည်။

သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ရသော အကြောင်းရင်း

ရောဂါဖြစ်ရသော အဓိကအကြောင်းရင်းများမှာသားအိမ်ခေါင်းဆိုင်ရာ ပုံမှန်မဟုတ်သောဆဲလ်များ ကြီးထွားလာခြင်း၊ ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုစတင်ခြင်း၊ သန္ဓေတားဆေးများသုံးစွဲခြင်း၊    ကိုယ်ခံအားစနစ် အားနည်းခြင်း  စသည်တို့ကြောင့်  ဖြစ်လာရသည်။ အောက်ဖော်ပြပါအခြေအနေများကို ဖတ်ရှုလေ့လာ ရှောင်ရှား၍ ဆက်လက်မျှဝေအသိပညာပေးခြင်းဖြင့် မိမိနှင့်တကွ    တခြားသောအမျိုးသမီးများအတွက်  အကျိုးရှိစေမည်ဖြစ်သည်။

-  စားသောက်မှုပုံစံနည်းစနစ်မကျခြင်းနှင့် အဝလွန် သည့်အမျိုးသမီးများ အာဟာရဓာတ်မပြည့်မီသော အသင့်စား  အစားအစာများကို  နိစ္စဓူဝစားသောက် ခြင်းကြောင့်  သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်လာစေရန် တွန်းအားဖြစ်စေသည်။

- သန္ဓေတားဆေးကို ငါးနှစ်နှင့်အထက်စွဲ၍ သုံးစွဲ လာသူအမျိုးသမီးများမှာ    သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်မှုအခွင့်အလမ်းများသည်။

- သုတေသနပြုချက်များအရ   မိခင်၊   အဘွား၊ ကြီးတော်  စသူတို့တွင်  ထိုကင်ဆာရောဂါရှိနေပါက မိမိတွင်လည်း    ကင်ဆာဖြစ်နိုင်ခြေအလားအလာ  သုံးဆခန့်ရှိကြောင်း တွေ့ရသည်။

- HIV ပိုးကြောင့်ဖြစ်လာသော AIDSရောဂါက  ကိုယ်ခံစွမ်းအားများကိုဖျက်ဆီးပစ်၍ HPV ဗိုင်းရပ်စ် ရောဂါပိုး အဆမတန်တိုးပွားလာပြီး   နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်    သားအိမ်ခေါင်းကင်ဆာဖြစ်စေရန် တွန်းအားဖြစ်စေသည်။

- ဆေးရွက်ကြီးထဲရှိဓာတ်ပစ္စည်းများက သားအိမ်ခေါင်း၏ဆဲလ်အတွင်းရှိ  DNA ကို ပျက်စီးစေရုံသာမက ကင်ဆာဆဲလ်များကို အဆမတန်ပြန့်ပွားစေသည်။ ထို့ပြင်   ဆေးရွက်ကြီးက   ကိုယ်ခံစွမ်းအားစနစ်ကို ဆုတ်ယုတ်လာကာ   သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်စေနိုင်သည့်  HPV ကူးစက်ပိုးမွှားများကို  မတိုက် ခိုက်နိုင်တော့ပေ။ ထို့ကြောင့် ဆေးလိပ်သောက်သော အမျိုးသမီးများက လုံးဝမသောက်တတ်သူများထက် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်နိုင်ခြေ   အလားအလာ နှစ်ဆကျော်ပိုလာနိုင်သည်။

- သားသမီး သုံးဦးနှင့်အထက်  မွေးဖွားသောမိခင် များတွင်  သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်နိုင်ခြေ အလားအလာပိုများသည်။

- အသက် ၁၇ နှစ်မတိုင်မီ (အရွယ်မရောက်သေးမီ)မှာ  မိမိ၏ပထမဆုံးကလေးကို   ကိုယ်ဝန်ဆောင် ခဲ့သူများသည် အသက် ၂၅  နှစ်ရောက်မှ  ကိုယ်ဝန် ဆောင်သူများထက်   သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်နိုင်ခြေအလားအလာ နှစ်ဆမျှပိုသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ

ထိုရောဂါ၏ဆိုးရွားချက်မှာ အစဦးပိုင်းတွင် ထင်သာ မြင်သာသောလက္ခဏာများပြလေ့မရှိဘဲ နောက်ပိုင်း တွင် ပုံမှန်မဟုတ်ဘဲ မျိုးပွားအင်္ဂါမှ သွေးဆင်းခြင်း၊ ဆီးခုံနာကျင်ခြင်းတို့  ခံစားရလေ့ရှိသည်။ ဝေဒနာရှင် များတွင်  အောက်ပါရောဂါလက္ခဏာများ   အများဆုံး တွေ့ရတတ်သည်။

- ကင်ဆာရောဂါ၏ ပထမအဆင့်မှာ သားအိမ်ခေါင်း ရောင်ရမ်းလာပြီး   ခန္ဓာကိုယ်အောက်ပိုင်းသို့   သွေး စီးဆင်းမှုပိတ်ဆို့သွားကာ  ခြေထောက်များရောင်ရမ်း လာပြီး နာကျင်မှုကိုခံစားရလေ့ရှိသည်။

- ယောနိမှ အရည်ဆင်းမှုပမာဏ ပို၍များလာခြင်း၊ အနံ့အသက်မကောင်းခြင်း စသည့် ပုံမှန်ထက်လွန်ကဲ သောလက္ခဏာများက သားအိမ်ခေါင်းကင်ဆာရောဂါ ၏ အရိပ်အယောင်ဖြစ်၍ မပေါ့ဆသင့်ပေ။

- ဓမ္မတာရာသီရက်မဟုတ်ဘဲ  သွေးဆင်းခြင်း၊ ရာသီလာစဉ် ပုံမှန်ထက်ပို၍ သွေးများများဆင်းခြင်း၊ လိင်ဆက်ဆံစဉ် သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက်ပိုင်း ရုတ်တရက်သွေးဆင်းလာခြင်း စသည့်လက္ခဏာ များသည် သားအိမ်ခေါင်းကင်ဆာရောဂါ၏ ရှေ့ပြေး လက္ခဏာရပ်များဖြစ်၍ အချိန်မဆိုင်းဘဲ ဆရာဝန်နှင့်ပြ၍ ကုသမှုခံယူသင့်သည်။

- ဆီးကိုအားစိုက်၍ ညှစ်ချနေရခြင်းသည် ကင်ဆာတစ်သျှူးများ ဘေးသို့ပျံ့နှံ့လာနေပြီဖြစ်၍  ကုသမှုကို အမြန်ဆုံးခံယူသင့်သည်။

- မကြာခဏဆိုသလို ဆီးသွားခြင်း၊ ဆီးမထိန်းနိုင်ဘဲ ဆီးထွက်ကျခြင်း၊ ဆီးထဲတွင် သွေးပါခြင်းတို့သည် သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာဖြစ်သည်။

- သားအိမ်ခေါင်းရောဂါသာမက သားအိမ်ရောဂါ အမျိုးမျိုးတို့မှာလည်း ဖိုမကိစ္စပျော်ရွှင်မှုကို မခံစားရ နိုင်ပေ။   ထိုအခြေအနေမျိုးမှာ   လျစ်လျူမရှုသင့်ဘဲ ကုသမှုကိုခံယူသင့်သည်။

- ရက်လကြာရှည်ခါးနာခြင်းနှင့် ရံဖန်ရံခါမဟုတ်ဘဲ မကြာခဏဆိုသလို   တင်ပါးဆုံရိုးနာကျင်နေပါက သို့မဟုတ် ရက်ရှည်နာကျင်လာပါက  ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

- သားအိမ်ခေါင်းကင်ဆာရောဂါသည် ကျန်းမာသော သွေးနီဥပမာဏအမြောက်အမြားကို  လျော့ကျသွား စေ၍   ပင်ပန်းနွမ်းနယ်မှုကိုခံစားရခြင်း၊    သွေးအားနည်းခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်အလေးချိန် ထိုးကျသွားခြင်း၊ အစာစားချင်စိတ်မရှိခြင်းများ ဖြစ်စေနိုင်သည်။

အထူးသတိပေးလိုသည်မှာ  မြန်မာနိုင်ငံ၌  အမျိုး သမီးများ (အသက်အရွယ်အားလုံး)တွင်  ဖြစ်လေ့ရှိ သောကင်ဆာရောဂါ အားလုံး၏ ၂၃ ဒသမ ၅  ရာခိုင် နှုန်းသည်    သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီးများတွင် အများဆုံးဖြစ်သည့်အပြင်  ကင်ဆာကြောင့်  သေဆုံး ရခြင်း၏    အဓိကအကြောင်းရင်းလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ၌  ပြုလုပ်ခဲ့သောစစ်တမ်း အရ သားအိမ်ခေါင်းကင်ဆာရောဂါလူနာများ၏  ၈၆  ရာခိုင်နှုန်းတွင် အန္တရာယ်များသော HPV အမျိုးအစား (၁၆) နှင့် (၁၈) တို့  ကူးစက်ခံထားရသည်ကို  တွေ့ရှိ ခဲ့ရကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုသော် Precaution is better than cure ရောဂါမဖြစ်လာအောင် ကြိုတင်ကာကွယ် ခြင်းက ရောဂါဖြစ်လာမှ ကုသခြင်းထက် ပိုမိုကောင်းမွန်၏ဟူသော ဆိုရိုးစကားရှိပေသည်။ စစ်ဆေးခြင်း၊ ကုသခြင်းနည်းလမ်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို မျိုးဆက်တစ်ခုအတွင်း ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ဖယ်ရှားပစ်နိုင်သကဲ့သို့  ကြိုတင်ကာကွယ် ဆေးထိုးနှံခြင်းလွှမ်းခြုံမှုမြင့်မားသည်နှင့်အမျှ သားအိမ် ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုနှင့်  ထိုရောဂါကြောင့် သေဆုံးမှုတို့လည်း   လျော့နည်း ကျဆင်းစေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံချက်ဖြင့် အခမဲ့ထိုးနှံ ပေးနေသော သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို  ကျန်းမာရေးအသိ၊  သတိတို့ဖြင့်  သတ်မှတ်သောကာလအတွင်း  မပျက်မကွက်ထိုးနှံထားကြရန်လိုကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်