အများထင်ထားတဲ့ ဝူဟန် . . . ကျွန်တော်သိတဲ့ ဝူဟန် (၁)

                   အများထင်ထားတဲ့ ဝူဟန် . . . ကျွန်တော်သိတဲ့ ဝူဟန် (၁)               

တစ်နေ့ ကျွန်တော့်ဆီကို အထက်ဌာနမှ ညီငယ်တစ်ယောက်က ဖုန်းဆက်လာသည်။ “အစ်ကိုကြီးရေ။ တရုတ်ကို   နှီးနှောဖလှယ်ပွဲသွားတက်ဖို့အတွက် အထက်လူကြီးက အစ်ကိုကြီးကိုရွေးထားတယ်။ အဲဒါ ရုံးလုပ်ငန်းဆိုင်ရာကိစ္စတွေ၊ ပတ်စပို့ကိစ္စတွေအတွက် အသင့်ပြင်ထားဖို့ လှမ်းအကြောင်းကြားတာပါ။” ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိပျော်သွားသည်။ နိုင်ငံခြားဆိုလို့ စိတ်ကူးဖြင့်ပင် မရောက်ဖူးသော ကျွန်တော့်အတွက်သည် သတင်းက  ပြောမပြတတ်လောက်အောင် ကြည်နူးမှုကိုပေးစွမ်းနိုင်စေသည်။ ဒီလိုနဲ့ ပြည်ပကိုတာဝန်နဲ့ခရီးသွားဖို့ အထက်ဌာနကနေ စာထွက်လာသည်။ သွားရမယ့် နေရာကြည့် လိုက်တော့ ဝူဟန်မြို့။

ဝူဟန်မြို့လို့ဆိုလိုက်တာနဲ့ ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားရခြင်းရဲ့ မူလဇာစ်မြစ်အဖြစ် လူအများက သိထားကြသည်။ သူတို့ရဲ့အတွေးထဲမှာ ဝူဟန်ကို   တကယ့်မြို့ပျက်ကြီး တစ်ခုအသွင်ဖြစ် လောက်အောင် ပုံဖော်ထားကြသည်။ ဝူဟန်ကို ရောက်တာနဲ့ကိုဗစ်-၁၉ ရောဂါကူးစက်ပြီး ကွယ်လွန် တော့လေမလားဖြစ်အောင် သွေးပျက်မတတ်ကြောက်ကြသည်။ ဒါတွေအားလုံးက သူတို့ စိတ်ကူးထဲမှာ ဖြစ်ပေါ်နေသော ယုံကြည်မှုဟုဆိုရလျှင်မမှားပေ။

ကျွန်တော့်အနေနဲ့ ဝူဟန်မြို့ကို တာဝန်နဲ့သွားရမည်ဆိုတော့ မိတ်ဆွေ၊ သူငယ်ချင်းတချို့ကလည်း စနောက်ကြသေးသည်။ “မင်းပြန်လာရင်တော့ ကွာရန်တင်းဝင်ရမယ်နော်။” “သူငယ်ချင်း ဂရုလည်း စိုက်ဦး။ ကိုဗစ်လည်း ကူးလာနေဦးမယ်။” သူတို့အနေနဲ့ဒီလိုပြောခြင်း၊ လူအများအနေနဲ့ ဝူဟန်ကို  မြို့ပျက်ကြီးတစ်ခုသဖွယ် တွေးမြင်နေခြင်းများက သူတို့တတွေအတွက်တော့ မမှားပေ။ အကြောင်းမှာ မူကား ကမ္ဘာ့သတင်းမီဒီယာတချို့က ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေအားလုံး ဒီလိုမျိုးမြင်လာအောင် သတင်းအမှန်ကို ပုံဖျက်ပြီး ရေးသားထုတ်လွှင့်ခဲ့မှုများကြောင့်သာဖြစ်မည်ဟု ကျွန်တော်တော့ ယုံကြည် သည်။

ဒီလိုနဲ့ခပ်တိုတိုဆိုကြပါစို့။ တရုတ်နိုင်ငံ ဝူဟန်မြို့ကိုသွားဖို့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ လေယာဉ်စီးပြီး ခရီးထွက်ခွာပါပြီ။ ဒါနဲ့စကားဆက်လို့ တစ်ခုပြောစရာရှိသေးသည်။ လေဆိပ်မှာ ကျွန်တော်စီးရမယ့် လေယာဉ်ကို စောင့်နေတုန်း ခရီးတစ်ခုကနေပြန်လာတဲ့ သီတဂူဆရာတော် ဘုရားကြီးကို ဖူးတွေ့လိုက်ရသည်။ ဒါနဲ့ကျွန်တော်လည်း သံဃာ့ဂုဏ်ကိုရည်မှန်းပြီး ရှိခိုးကန်တော့ လိုက်သည်။ ဒီလိုမမျှော်လင့်ဘဲ ဖူးတွေ့ရခြင်းကြောင့် ကျွန်တော့်ရဲ့ခရီးစဉ်တစ်လျှောက်လုံး ဘေးရန် ကင်းကွာတော့မည်ဟုလည်း   တထစ်ချယုံကြည်လိုက်မိသည်။

ဒီလိုနဲ့လေယာဉ်နဲ့ ခရီးထွက်လာသည်။ ခရီးစဉ်အဆုံးက ကူမင်းလေဆိပ်ကိုဖြစ်သည်။  ကူမင်းကနေမှ တစ်ဆင့် ဝူဟန်ကိုရောက်ဖို့ လေယာဉ်နောက်တစ်ဆင့် ထပ်စီးရသည်။ လေယာဉ်လက်မှတ်ကို တရုတ် အစိုးရဘက်က ကျခံပေးခြင်းဖြစ်သည်။

ဝူဟန်ကိုရောက်တော့ နံနက် ၁ နာရီခွဲပြီးနေပြီ။ ကျွန်တော်နဲ့အတူ လိုက်ပါလာတဲ့တခြားဌာနများမှ တာဝန်ရှိသူ သုံးဦးအနက်တစ်ဦးက တရုတ်နိုင်ငံကိုတော့ ရောက်ဖူးသည်။ ဒါပေမဲ့ ဝူဟန်ကိုမဟုတ်။ ကျွန်တော်အပါအဝင် ကျန်သုံးဦးစလုံးက အခုမှတရုတ်နိုင်ငံကို သွားဖူးခြင်းဖြစ်သည်။ ဒီတော့ အချိန်မတော်မှ ရောက်လာတဲ့ ကျွန်တော်တို့ကို ဘယ်သူကများ လာကြိုပါလိမ့်မလဲလို့ စိုးရိမ်စိတ် ဖြစ်မိသည်က အမှန်ပင်။ ဒါပေမဲ့ "Are you Myanmar?" ဆိုတဲ့အသံကြားလိုက်တော့ ပျော်သွား ရသည်။   တရုတ်နိုင်ငံမှ ဆက်ဆံရေးတာဝန်ရှိသူ နှစ်ယောက်က ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့နဲ့ တစ်ချိန်တည်း လေယာဉ်ဆိုက်တဲ့ ဂါနာနဲ့ဆီယာရာလီယွန်နိုင်ငံတို့မှ တာဝန်ရှိသူများကို လာကြိုကြခြင်း ဖြစ်သည်။ ဆက်ဆံရေးတာဝန်ရှိသူဆိုလို့ အသက်ခပ်ကြီးကြီးမဟုတ်။ အသက် ၂၀ ကျော်သာရှိသေးသည့် အမျိုးသမီးငယ်နှစ်ဦးဖြစ်သည်။

ဒီလိုနဲ့ ကျွန်တော်တို့ကို တည်းခိုနေထိုင်ရမယ့်ဟိုတယ်သို့ခေါ်သွားသည်။ လေဆိပ်ကနေဟိုတယ်သို့ သွားရာလမ်းတစ်လျှောက် ကျွန်တော်စိတ်ဝင်တစား ကြည့်မိသည့် အရာတစ်ခုရှိသည်။   အဲဒါကတော့ လမ်းမီးတိုင်များမှာ တပ်ဆင်ထားတဲ့ CCTV (စောင့်ကြည့်ကင်မရာ)များပင် ဖြစ်သည်။ တစ်ချက် တစ်ချက်မှာ တဖျတ်ဖျတ်နဲ့ရိုက်နေသည်။ အချိန်ကား နံနက် ၃ နာရီထိုးပေပြီ။ ဗိုက်တွေလည်း ဆာလှပေသည်။ ရန်ကုန်လေဆိပ်ကနေထွက်လာတဲ့ ညနေကတည်းက လေယာဉ်ပေါ်မှာကျွေးတဲ့ ပေါင်မုန့်နဲ့ အအေးသာ စားရသေးသည်။

အခုတော့  ဟိုတယ်ရောက်ပါပြီ။ ဟိုတယ်နာမည်က Marshal Palace။

ဟိုတယ်ကခမ်းနားလွန်းသလို ကြိုဆိုမှုကလည်း နွေးထွေးလှသည်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဗိုက်ဆာနေမှာကို ကြိုသိတဲ့ အလား ထမင်းဘူးများကိုအဆင်သင့်ပြင်ထားသည်။ ဟင်းက ကြက်သား ဟင်းအပါအဝင် အသားဟင်း နှစ်မျိုး၊ မုန်ညင်းကြော်၊ မုန်လာဥနီကြော်နဲ့ ဒိန်ချဉ်တစ်ဘူး။ နှီးနှော ဖလှယ်ပွဲကိုလည်း ဒီဟိုတယ်မှာပဲ လုပ်မှာဟုသိရသည်။ ဟိုတယ်အခန်းတွေနေရာချတော့ နှစ်ယောက် တစ်ခန်း နေရမှာလားဟု တွေးမိသေးသည်။ နောက်တော့မှ တစ်ယောက်တစ်ခန်းနေရာရသည်။ အခန်းကိုရောက်တော့လည်း နှစ်ယောက်ခန်းကို တစ်ယောက်တည်းသာ ထားတာတွေ့ရသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။

နောက်တစ်နေ့မွန်းလွဲ ၂ နာရီခွဲမှာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပသည်။ နှီးနှောဖလှယ်ပွဲ အတွက်ခေါင်းစဉ်က Seminar on Information and Communication Development for Belt and Road Countries ဖြစ်သည်။ အဓိကကတော့ ခါးပတ်ကွင်း လမ်းကြောင်းတစ်လျှောက်နိုင်ငံများမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်သည့် ဆွေးနွေးပွဲဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကျင်းပပြီးတော့ ဆွေးနွေးပွဲနှစ်ခုလုပ်သည်။ တစ်ခုက 5G Drives Value Creation ခေါင်းစဉ်ဖြစ်ပြီး နောက်တစ်ခုက Network Information Technology ခေါင်းစဉ် ဖြစ်သည်။ ဆွေးနွေး ပေးသူများက CICT ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။

ပထမခေါင်းစဉ်ဖြင့်ဆွေးနွေးရာမှာ ပဉ္စမမျိုးဆက် ဆက်သွယ်ရေးကွန်ရက်စနစ်လို့ခေါ်တဲ့ 5G ကွန်ရက် ကြောင့် ဆက်သွယ်ရေးနယ်ပယ်မှာ ဒစ်ဂျစ်တယ်ပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့အကြောင်းနဲ့ အဲဒီ ပြောင်းလဲမှုတွေထဲမှာ စမတ်စွမ်းအင်၊ အသိဉာဏ်ရှိသယ်ယူပို့ဆောင်ရေးစနစ်၊ စမတ်မိုင်းတွင်း၊ စမတ်မီးရထား၊ စမတ်ဘတ်စကား စသည်တို့ပါဝင်ကြောင်း ဆွေးနွေးသွားသည်။

ဒုတိယခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဆိုက်ဘာလုံခြုံရေး အရေးကြီး ပုံမှတ်ချက်ကို ထည့်သွင်းပြောသွားသည်။ “ဆိုက်ဘာလုံခြုံရေးမရှိပါက အမျိုးသားအဆင့် မဟာဗျူဟာ များကို မဖော်ဆောင်နိုင်” ဟု တရုတ်သမ္မတက မှတ်ချက်ပြုပြောထားခြင်း ဖြစ်သည်။ တကယ်ကို မှတ်သားရပေစွ။

ညနေဘက်ရောက်တော့ ဟိုတယ်နဲ့အနီးပတ်ဝန်းကျင်ကို လိုက်လံလေ့လာကြည့်မိသည်။ ရုံးဆင်းချိန် ဖြစ်တဲ့အတွက် ကားများဖြင့် ယာဉ်ကြောကျပ်နေသည်။ သို့သော် စည်းမဲ့ကမ်းမဲ့သွားလာခြင်းကြောင့် ယာဉ်ကြော ကျပ်ခြင်းမျိုးမဟုတ်။ ကားအစီးရေ များပြားခြင်းကြောင့်သာ ဖြစ်သည်။ မိမိက ကားတွေမြင်ရင် စိတ်ဝင်စားတတ်သူမို့ ကားတွေကိုဂရုပြုပြီး ကြည့်မိသည်။ နာမည်ကျော် ဇိမ်ခံကားတွေ များပြားလှသည်။

နောက်တစ်ခု ထူးခြားသည်က သူတို့ရဲ့နံပါတ်ပြားများဖြစ်သည်။ လိုင်စင်နံပါတ်ပြားများကို အရောင်နဲ့ ခွဲခြားလေ့ရှိသည်မှာ မှန်သော်လည်း ဒီမှာတော့ တစ်မူထူးခြားနေသည်။ အထူးသဖြင့် အိမ်စီးကား ငယ်များနဲ့ တက္ကစီများဖြစ်ပြီး အရောင်နှစ်မျိုးကို အများဆုံးတွေ့ရသည်။ အပြာရောင်နဲ့ အစိမ်းရောင်။ ဘာကြောင့်လဲဆိုတာ နောက်မှစုံစမ်းတော့မည်။

ထက်မြတ်