(၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၄

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေကျင်းမြို့ (National Medical Products Administration of China) မှ Chief Commissioner ဖြစ်သူ  Mr. Li Li နှင့်   ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  Vice Governor ဖြစ်သူ Mr. Maio Qingwang တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး တက်ရောက်လာသော အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အမှာစကား ပြောကြားကြသည်။ 

ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်ခိုင်ဝင်းက မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသည် ဒေသအတွင်း ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ယခုနှစ်သည်   "Conveying  the  voice of  traditional Chinese  Medicine  to  the  World, ushering in a new future for traditional medicines"ခေါင်းစဉ်ဖြင့် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၏ သတ္တမအကြိမ်မြောက်လည်း ဖြစ်ကြောင်း၊ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာသည် နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲ၍ ကြွယ်ဝသော သမိုင်းကြောင်းလည်းရှိသည့်    ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုဖြစ်ကြောင်း။

ယနေ့    ထိပ်သီးအစည်းအဝေးသည် အရည်အသွေး အာမခံမှု၊    အကဲဖြတ်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် မဟာဗျူဟာအစပြုမှုများကို အကောင်အထည်ဖော်ရေး တို့ကို အဓိကထားဆွေးနွေး၍ တိုင်းရင်းဆေးဝါးများဆိုင်ရာ မူဝါဒများနှင့်   စည်းမျဉ်းများကို နိုင်ငံအချင်းချင်း ဖလှယ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ  ပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ကြုံတွေ့နေကြရသော တိုင်းရင်းဆေးဝါး ကဏ္ဍ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး အဓိကသော့ချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း အနောက်တိုင်းဆေးနှင့် ဆေးဝါးများ၊ ကျန်းမာရေးဖြည့်စွက်စာများ၊ စားသောက်ကုန်များ အရည်အသွေး အာမခံမှုရှိစေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေး၊ အစားအသောက်နှင့် ဆေးဝါးများ မှတ်ပုံတင်ရေး လုပ်ငန်းများနှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်အတွင်းရှိ    အစားအသောက်နှင့် ဆေးဝါးများကို  စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယနေ့ကျင်းပသော ထိပ်သီးအစည်းအဝေးမှ ဒေသတွင်းနိုင်ငံများ ဘေးအန္တရာယ်ကင်းဝေးပြီး    ပိုမိုကောင်းမွန်သော  တိုင်းရင်းဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေမည်ဟု    ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသည့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေးပညာဌာန အကြီးအကဲများက  နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးဝါးများ အရည်အသွေးနှင့်   ဘေးကင်းလုံခြုံမှုရှိစေရေး၊  သုတေသနပြု ဆောင်ရွက်လျက်ရှိသည့်မူဝါဒများ၊ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ    မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှုများ၊   မူဝါဒလုပ်ငန်းစဉ်များ၊ သုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် ဝိသမ အဖျားပျောက်ဆေး တိုင်းရင်းဆေးဝါးကို သိပ္ပံနည်းကျ ဖော်စပ်၍ ကုသနိုင်ခဲ့သည့် အောင်မြင်မှုများကို တင်ပြဆွေးနွေးသည်။ 

မွန်းလွဲပိုင်းတွင် အစီအစဉ်အရ တရုတ်-အာဆီယံ ဆေးဝါးထိန်းချုပ်ရေး အရာရှိများ သင်တန်းဖွင့်ပွဲ အခမ်းအနား၊  တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲနှင့်    တရုတ်-အာဆီယံ ဆေးဝါးထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း   သိရသည်။