အများထင်ထားတဲ့ ဝူဟန် . . . ကျွန်တော်သိတဲ့ ဝူဟန် (၂)   

အများထင်ထားတဲ့ ဝူဟန် . . . ကျွန်တော်သိတဲ့ ဝူဟန် (၂)   

နောက်တစ်နေ့ တရုတ်နိုင်ငံအကြောင်းဆွေးနွေးမှုမှာတော့ မိမိသိချင်နေသည့်အကြောင်းအရာတစ်ခုကို သိလိုက်ရသည်။ လိုင်စင်ပြားအပြာရောင်မှာ ဓာတ်ဆီ၊ ဒီဇယ်သုံးကားများဖြစ်ပြီး အစိမ်းရောင်ကတော့ လျှပ်စစ်ကားများဖြစ်သည်ဟုဆိုခြင်း ဖြစ်သည်။

မိမိတွေ့ခဲ့ရသည့် အစိမ်းရောင်လိုင်စင်ပြားများမှာ အများအားဖြင့် တက္ကစီများ၊ အများပြည်သူသုံး ဘတ်စကားများတွင် ဖြစ်သည်။ ဒါဆိုရင် အဲဒီကားတွေအားလုံးက လျှပ်စစ်ကားများဖြစ်ပေမည်။ တစ်ရက်တော့ လျှပ်စစ်ကားတက္ကစီကို တားပြီးငှားစီးကြည့်သည်။ စီးလို့ကောင်းလိုက်တဲ့အရသာ။ ငြိမ့်ညောင်းမှုက အပြည့်။ ကားဘီးတာယာနဲ့ကတ္တရာလမ်း ပွတ်တိုက်သံကိုပဲကြားရသည်။ တခြားဘာအသံမှမကြား။

ယာဉ်စီးတာနဲ့ပတ်သက်လို့  စကားဆက်ပြီးပြောစရာရှိသည်။ ဘာလဲဆိုတော့ အမြန်ရထားစီးသည့် အတွေ့အကြုံဖြစ်သည်။ ဝူဟန်ကနေ ပေကျင်းကိုသွားတုန်းက အမြန်ရထားစီးရသည်။ ဘူတာရုံဆိုပေမယ့် လေဆိပ်နဲ့မခြား။ လုံခြုံရေးအရ စစ်ဆေးမှုတွေ၊ အိတ်တွေကိုစစ်ဆေးမှုတွေက လေဆိပ်အတိုင်းပင်ဖြစ်သည်။

ဝူဟန်ကနေ ပေကျင်းကို ကားနဲ့သွားမယ်ဆိုရင် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၁၆၀ ရှိသည်။ မိုင်အားဖြင့် ၇၂၀ ကျော်သည်။ မိမိတို့စီးသည့်ရထားက တစ်နာရီကိုအမြင့်ဆုံးအမြန်နှုန်း ၃၄၇ ကီလိုမီတာနှုန်းရှိသည်။ ဒါကြောင့်   အချိန်အားဖြင့် သုံးနာရီခွဲ၊ လေးနာရီအတွင်းရောက်သွားသည်။ ရထားလမ်းရဲ့ ငြိမ့်ညောင်းမှုက ပြတင်းပေါက်ပေါင်ပေါ်မှာ ကော်ဖီခွက်တင်ထားနိုင်သည်အထိဖြစ်သည်။

ဝူဟန်ကိုမသွားခင်တုန်းက ရာသီဥတုအခြေအနေဘယ်လိုရှိလဲဆိုတာကို အင်တာနက်ကနေတစ်ဆင့် ရှာဖွေကြည့်ဖူးသည်။ အပူချိန်က ၃၂ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိသည်။

ဒါပေမဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းမှာကား ၅၀ ကျော်မျှသာဖြစ်သည်။ ဆိုရလျှင် လေထုသန့်စင်မှု တော်တော်ကောင်းသည်ဟု ပြောရမည်။ ဘာကြောင့် လေထုသန့်စင်ရသလဲဆိုတဲ့အဖြေကိုတော့ ဒီရောက်မှ ပင်သိတော့သည်။

တွေ့သမျှကားတွေကလည်း အိပ်ဇောကနေမီးခိုးတလူလူထွက်နေတာမရှိ။ ကားတော်တော်များများက မော်ဒယ်အသစ်များဖြစ်သည်။  ကမ္ဘာကျော်ကားကုမ္ပဏီအများစုက တရုတ်မှာစက်ရုံရှိကြသည်။

ဒီတော့ တရုတ်နိုင်ငံသားတွေအနေနဲ့ အဲဒီလိုကားတွေကို ဈေးသက်သက်သာသာနဲ့စီးနိုင်ကြသည်။

ကားတွေကအသစ်ဖြစ်တဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည်။ လျှပ်စစ်ကားများဆိုရင် အဲဒီလို ဓာတ်ငွေ့ထုတ်လွှတ်မှုမျိုးမရှိ။ ဒါ့အပြင် လမ်းတွေမှာလည်း ဖုန်တွေ၊  သဲတွေဆိုတာ မရှိသလောက်ဖြစ်သည်။   ဒီလိုမရှိရခြင်းရဲ့အကြောင်းရင်းကိုတော့   မိမိတို့ပြန်လာတဲ့အချိန်မှသာ   သိရသည်။

မိမိတို့အနေနဲ့ မြန်မာနိုင်ငံကိုပြန်ရတော့မယ်ဆိုတော့ လေယာဉ်က နံနက်အစောဖြစ်တဲ့အတွက် ၄ နာရီထိုးလောက်မှာ ဟိုတယ်ကနေထွက်လာသည်။ အဲဒီအခါ လမ်းပေါ်မှာရေဖျန်းယာဉ်တွေက လမ်းဘေးဝဲ၊ ယာတစ်လျှောက်ကို ရေဖျန်းနေကြသည်။ ဒါကြောင့်လည်း  ဖုန်တွေ၊ သဲတွေမရှိတာဖြစ်မည်။ ဒီတော့ ဝူဟန်မြို့မှာ လေထုသန့်စင်တယ်ဆိုတာကို လက်ခံလိုက်ရသည်။

နောက်တစ်ခုက   ငွေကြေးတတ်နိုင်သူများက ကားစီးကြပေမယ့် ဒေသခံပြည်သူအများစုကတော့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ဘတ်စကားစီးခြင်းတို့ဖြင့်သာသွားလာလေ့ရှိသည်။ ဒါပေမဲ့ ဘတ်စကားတွေမှာ ကျပ်ညပ်နေအောင်တိုးဝှေ့နေရတာမျိုးမဟုတ်။

ဘတ်စကားအားလုံးက အဲကွန်းဖွင့်ထားသည်။

လိုက်ပါသူတွေအနေနဲ့  သက်သောင့်သက်သာစီးနိုင်သည်။  မတ်တတ်ရပ်စီးရရင်တောင်မှ စိတ်လက်သက်သာမှုရှိသည်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် မိမိတို့ကိုယ်တိုင် အဲဒီမှာ ဘတ်စကားစီးခဲ့ဖူးလို့ ဖြစ်သည်။

ဆိုင်ကယ်စီးကြတယ်ဆိုရာမှာလည်း အားလုံးက လျှပ်စစ်ဆိုင်ကယ်များသာဖြစ်သည်။ လောင်စာဆီစွမ်းအင်သုံးဆိုင်ကယ် ဟူ၍   တစ်စီးမျှမတွေ့မိ။ ဒါကြောင့်လည်း လေထုသန့်စင်ရခြင်း ဖြစ်မည်ထင်သည်။ အပြင်ထွက်လိုက်ရင် ရာသီဥတုက ပူသာပူပေမယ့်  အသက်ရှူတော့ဝသည်။

ဒါ့အပြင် ဒေသခံပြည်သူများကလည်း လမ်းစည်းကမ်းကိုလိုက်နာကြသည်ဟုဆိုနိုင်သည်။ လမ်းကူးမျဉ်းကျား မရှိတဲ့ နေရာကနေ လမ်းဖြတ်ကူးသူမရှိ။

မရှိဆို လမ်းအလယ်မှာသံပန်းကာထားသည်။ ဒါပေမဲ့ သံပန်းကနေကျော်ခွတက်ပြီး လမ်းကူးသူမရှိ။

သူတို့ရဲ့လမ်းစနစ်ကိုလေ့လာကြည့်ရာမှာ ယာဉ်သွားလမ်းပေါ်မှာ ကားတွေရပ်ထားတာတစ်စီးမှ မရှိသည်ကိုတွေ့ရသည်။ ကားများအားလုံး ပလက်ဖောင်းပေါ်မှာသာရပ်ရသည်။ သူတို့ရပ်ဖို့အတွက် ပလက်ဖောင်းကို    သီးသန့်လုပ်ပေးထားသည်။

ဒါကြောင့်လည်း  ယာဉ်နှစ်ထပ်၊ သုံးထပ်ပိတ်တာမျိုးမရှိဘဲ  ယာဉ်ကြောမကျပ်ခြင်းဖြစ်မည်ဟု  ဆိုနိုင်သည်။

သူတို့ပလက်ဖောင်းက တော်တော်ကျယ်သည်။

ဒါပေမဲ့လည်း ပလက်ဖောင်းမှာ  ဈေးဆိုင်ခင်းတာမတွေ့မိ။ အစားအသောက်အတွက် ဆိုင်ခန်းငယ်လေးတွေ ရှိပေမယ့် သူ့ဆိုင်ထဲမှာပင် ခုံဆံ့သလောက်ခင်းထားသည်။ ပလက်ဖောင်းပေါ်မှာ စားပွဲခုံတစ်လုံးမရှိ။

တာဝန်ရှိသူများက ကျွန်တော်တို့ကို စက်ရုံတွေဆီလေ့လာရေးခရီးတွေလိုက်ပို့တော့ ရောက်သွားကြသေးသည်။ လမ်းတစ်လျှောက်မှာ အမှိုက်တစ်စမရှိ။

နေရာတော်တော်များများမှာ အမှိုက်ပုံးတွေ ထားပေးထားသည်။ အမှိုက်တွေမရှိတာမှ ကြွေကျတဲ့သစ်ရွက်တွေကအစ ရှင်းလင်းနေတာဖြစ်သည်။

အကြောင်းရင်းက သန့်ရှင်းရေးဝန်ထမ်းတွေအနေနဲ့ အမှိုက်များကို   အချိန်ပြည့်လိုလို လှည်းကျင်း နေတာကြောင့် ဖြစ်မည်ထင်သည်။ သန့်ရှင်းရေးဝန်ထမ်းအများစုက အသက်ကြီးပိုင်းတွေများသည်။ ဒါကြောင့်လည်း လူတွေရဲ့စိတ်ထဲမှာ အားနာမှု၊ သနားမှုတို့နဲ့အတူ အမှိုက်တွေကို တွေ့ကရာမပစ်ကြခြင်းဖြစ်မည်။ ဒါကမိမိအထင်ပါ။

သူတို့တွေရဲ့ စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ အနည်းငယ်ပြောပြချင်သည်။ ဘာလဲဆိုတော့ သူတို့ဆီမှာ ခါးပိုက်နှိုက်ခြင်းလိုမျိုး သူတစ်ပါးပစ္စည်းလုယူမှု၊ ခိုးယူမှုဆိုတာ မရှိသလောက်ပင်ဖြစ်သည်။ ဒါ့အပြင် လူစည်ကားရာနေရာတွေမှာ လက်ဝါးဖြန့်ပြီး တောင်းရမ်းစားသောက်နေသူမျိုးတွေကိုလည်း မတွေ့ရ။

လူငယ်များအားလုံး အလုပ်ကိုယ်စီရှိကြသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အတွက် ကုမ္ပဏီများက လူငယ်များကို အလုပ်အကိုင်နေရာပေးထားနိုင်သည်။ သို့သော်လည်း လူဦးရေအလွန်များပြားလွန်းတာကြောင့် လူတိုင်းကိုတော့   အလုပ်မပေးနိုင်ပေ။ ဒါပေမဲ့ လူငယ်များကတော့ သမ္မာအာဇီဝနည်းဖြင့် ငွေရှာကြသည်။

တချို့က အစားအသောက်လိုက်ပို့သည့်အလုပ်ကို လုပ်သည်။ တချို့က လူစည်ကားရာနေရာမျိုးတွေမှာ ညနေဘက်ဆိုရင် သီချင်းသီဆိုဖျော်ဖြေပြီး အနုပညာအလုပ်ဖြင့်  အသက်ရှင်ရပ်တည်သည်။ တချို့က လက်မှုပစ္စည်းလေးတွေလုပ်ပြီး ရောင်းချကြသည်။

ဆိုင်တွေမှာလည်း   နိုင်ငံခြားသားတွေဆိုပြီး ဈေးနှုန်းကိုပိုမတင်ကြ။ ဈေးနှုန်းအမှန်အတိုင်းသာ ရောင်းချကြသည်။   အရပ်စကားနဲ့ပြောရရင် ဂျင်းမထည့်ကြ။ ဈေးဆစ်ရင်လည်း ဈေးလျှော့ပေး တတ်ကြပြန်သည်။

အစားအသောက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် မိမိတို့က ဟိုတယ်မှာတည်း၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာကို ဟိုတယ်မှာဘူဖေးစားရသည်။ ဟိုတယ်ကအစားအသောက်တွေက   မကောင်းဘူးမဟုတ်၊ ကောင်းသည်။ ဒါပေမဲ့ မြန်မာပါးစပ်နဲ့ခံတွင်းမလိုက်။

ကြာတော့ ချဉ်ချဉ်စပ်စပ်လေးစားချင်လာသည်။

ဒီတော့ လမ်းဘေးဆိုင်လေးတွေမှာ သွားစားကြည့်ကြသည်။

လမ်းဘေးဆိုင်ဆိုပေမယ့် ဖြစ်သလိုရောင်းချခြင်းမျိုးမဟုတ်။ အရသာရှိရှိကြော်လှော်ချက်ပြုတ်ပေးခြင်း ဖြစ်သည်။ ဈေးနှုန်းကလည်းသင့်သည်။ အရသာက လည်းကောင်းသည်။ ဒီလိုစားလိုက်ရမှပဲ မြန်မာ ပါးစပ်နဲ့ခံတွင်းလိုက်တော့သည်။

ဝူဟန်မှာ တစ်ခုအခက်တွေ့တာက အကြွေရှားပါးမှုပြဿနာဖြစ်သည်။ ဝူဟန်မှမဟုတ် တရုတ်တစ်နိုင်ငံလုံးမှာပင် ဖြစ်သည်ဟုဆိုနိုင်သည်။ အကြွေရှားမှာပေါ့။

သူတို့ဆီမှာ ငွေသားကိုင်ပြီးသုံးတယ်ဆိုတာ ရှိမှမရှိတာကိုး။ ခြောက်နှစ်၊ ခုနစ်နှစ်သာရှိသေးသည့် ကလေးကအစ ဈေးဝယ်ရင်ဖုန်းကိုထုတ်၊ စကန်ဖတ်ပြီးရှင်းလိုက်သည်။ အများစုကတော့ Ali Pay နဲ့  Wechat Pay ကိုသုံးကြသည်။

မိမိတို့ကဈေးဝယ်ပြီးလို့ အကြွေအမ်းရတော့မယ်ဆိုရင် ဆိုင်ရှင်တွေမှာ မျက်နှာပျက်သွားတတ်သည်။

ဘာဖြစ်လို့လဲဆိုရင် သူတို့ကအကြွေတွေကို မရမကလိုက်လဲရတော့မှာကိုး။ သူတို့ တစ်ခါအကြွေလိုက်လဲရရင် ၁၅ မိနစ်အထိ ကြာတတ်သည်။ အကြွေအစား သကြားလုံးတို့၊ ပီကေတို့တော့မပေး။

ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဆိုလို့ပြောရဦးမည်။

အပေါ်မှာပြောခဲ့တဲ့ လမ်းဘေးဆိုင်လေးတွေကအစ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကိုလက်ခံသည်။ ကုန်ကုန်ပြောရရင် လူစည်ကားရာနေရာမှာ သီချင်းဆိုသူတွေက သူများနိုင်ငံတွေကလို ခွက်တစ်ခွက်ကို ရှေ့ချထားတာမျိုး၊ ဦးထုပ်ကိုရှေ့ချထားတာမျိုး၊ ဂီတာအိတ်ကိုရှေ့ချထားတာမျိုးမရှိတော့။

Ali Pay နဲ့ Wechat Pay တို့အတွက် QR ကုတ်ကို ဘုတ်အသေးဖြင့်ထောင်ထားကြသည်။ ညမိုးချုပ်လို့ ဘုတ်ပေါ်က QR ကုတ်ကိုမမြင်မှာမစိုးလေနဲ့။ အဲဒီဘုတ်ကို  LED  ဘုတ်နဲ့လုပ်ထားခြင်းဖြစ်တာကြောင့် မိုးချုပ်သွားလည်း LED မီးက လင်းနေတဲ့အတွက် QR ကုတ်ကို စကန်ဖတ်ပြီး အနုပညာအတွက် ငွေကြေးထည့်ဝင်နိုင်သည်။

ပြီးတော့ သူတို့ကို ဘယ်သူမှအထင်မသေးကြ။

လမ်းဘေးမှာသီချင်းဆိုနေတဲ့သူဆိုပြီး  စော်ကားမော်ကားပြောဆိုခြင်းမျိုးမရှိ။  သီချင်းအဆိုကောင်း၊ ဂီတာအတီးကောင်းရင် အနည်းဆုံး လူအယောက် ၂၀ လောက်က ရပ်ကြည့်နေပြီး အားပေးတတ်သည်။

မိမိတို့ တရုတ်နိုင်ငံကို အလုပ်သဘောခရီးသွားရသည်ကား   ဆက်သွယ်ရေးနဲ့နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအတွက်ဖြစ်သည်။   ဒီလိုဆွေးနွေးပွဲမှာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့စီမံကိန်းတချို့ကို သိလာရသည်။  အဓိကအကျဆုံးအချက်ကတော့ AI စနစ်အသုံးပြုမှု   ဖွံ့ဖြိုးတိုးတက်စေရေးဖြစ်သည်။

ဒီလိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် သုတေသနလုပ်ငန်းများကို ဝူဟန်မြို့မှာလုပ်ဆောင်နေခြင်းဖြစ်သည်။

အဲဒီလို  သုတေသနလုပ်ငန်းတွေကိုလည်း မိမိတို့သွားရောက်လေ့လာရသည်။ ဒါကြောင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး ဗဟုသုတများကို အလျဉ်းသင့်သလို ရေးသားဖော်ပြပေးသွားပါမည်။

ယခုဆောင်းပါးကိုတော့ ဤနေရာမှာတင်နိဂုံးချုပ်လိုက်ပါမည်။ နိဂုံးမချုပ်ခင် ကျွန်တော်သိခဲ့တဲ့ ဝူဟန်အကြောင်းကို အကျဉ်းချုပ်ပြန်ပြောရရင် ဝူဟန်ဆိုတာ လေထုသန့်စင်မှု အကောင်းဆုံးတစ်နေရာဖြစ်

သည်။   သန့်ရှင်းမှုအရှိဆုံးမြို့တစ်မြို့ဖြစ်သည်။

ဖော်ရွေမှုအရှိဆုံးမြို့လည်းဖြစ်သည်။   ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း ဖွံ့ဖြိုးတိုးတက်နေသည့် မြို့ဖြစ်သည်။ ဒေသခံတွေရဲ့စည်းကမ်းရှိမှုကလည်း အားကောင်းလှသည်။

ဒါကြောင့် အများထင်နေတဲ့ဝူဟန်ဆိုတာ တကယ့်ကို   ဘေးဆိုးကပ်ဆိုးတွေနဲ့   ကြုံတွေ့နေရတဲ့မြို့တစ်မြို့ အလားဖြစ်ပေမယ့်   ကျွန်တော့်ရဲ့ အမြင်မှာတော့ အင်မတန်မှ နေထိုင်ချင်စရာ ကောင်းတဲ့မြို့တစ်မြို့ဖြစ်တယ် ဆိုတာကို စာချစ်သူများဗဟုသုတ တိုးပွားရလေအောင် မိမိရဲ့ကိုယ်ပိုင် အတွေ့အကြုံများကို မခြွင်းမချန်ဘဲ အမှန်အတိုင်း ရေးသားတင်ပြ လိုက်ရပါသည်။ ဒီလိုအတွေ့အကြုံကောင်းတွေရရှိအောင် ပြည်ပခရီးစေလွှတ်ပေးသည့် အကြီးအကဲများကိုလည်း ကျေးဇူးအထူးပင်တင်ရပါသည်။    ။

ထက်မြက်