ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းစို့

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းစို့

(ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး)

 

    ယနေ့ကာလတွင်    ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ  ခြိမ်းခြောက်လာသည့် အကြောင်းရင်းများစွာ ပေါ်ပေါက်နေပြီး အိုဇုန်းလွှာပျက်စီးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။   ကျွန်ုပ်တို့သက်ရှိ ဂေဟစနစ်တွင် နေစွမ်းအင်ကို   မရှိမဖြစ်လိုအပ်သည်။ သို့ရာတွင် နေစွမ်းအင်၌ ပါရှိသော  ခရမ်းလွန်ရောင်ခြည်တို့မှာကား သက်ရှိများကို  အန္တရာယ်ဖြစ်စေသည့် အပြင်  အရာဝတ္ထုများကိုပါ ပျက်စီးစေသည်။  အဆိုပါ ခရမ်းလွန်ရောင်ခြည်များသည် ကမ္ဘာ့မြေမျက်နှာပြင်အထက် အမြင့်၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြား၊ ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရာတိုစဖီးယား အလွှာအရောက်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော အိုဇုန်းလွှာကစုပ်ယူပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးမှုနှင့်  ဂေဟစနစ် ထိခိုက်မှုကို ကာကွယ်ပေးလျက်ရှိသည်။

နေရောင်ခြည်နှင့် အတူပါလာသော ခရမ်းလွန်ရောင်ခြည်  သုံးမျိုးရှိသည်။

UV-  A?UV -Bနှင့့် UV-Cတို့ဖြစ်သည်။ ထိုခရမ်းလွန်ရောင်ခြည် သုံးမျိုးတွင် လူနှင့် သက်ရှိတို့အား  အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် UV-B ကို  ၉၅ ရာခိုင်နှုန်းအထိ လည်းကောင်း၊ UV-C  ကို ၁၀၀ ရာခိုင်နှုန်း  အထိ လည်းကောင်း အိုဇုန်းလွှာက  စုပ်ယူထိန်းသိမ်း ကာကွယ်ပေးသည်။ အိုဇုန်းလွှာ၏ အနိမ့်ဆုံးပျမ်းမျှ အထူမှာ ၂ ဒသမ၂ မီလီမီတာဖြစ်ပြီး ယင်းပျမ်းမျှအထူထက်  လျော့နည်းလာခြင်းကို  အိုဇုန်းလွှာပျက်စီးခြင်း သို့မဟုတ်  အိုဇုန်းလွှာပေါက်ပြဲခြင်းဟု  ခေါ်ဝေါ်သတ်မှတ်သည်။

၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်ပေါ်တွင်  စတင်တွေ့ရှိခဲ့ သည်။ လူသားနှင့် သက်ရှိတို့ ထိခိုက်မှုမရှိစေရေး   သဘာ၀၀န်ဆောင်မှု ပေးအပ်နေသော အိုဇုန်းလွှာသည်    လူသားတို့ ထုတ်လုပ်သုံးစွဲသည့်    ဟေလိုဂျင်ဓာတ်ငွေ့ အမျိုးအစားများဖြစ်သော ကလိုရင်းနှင့် ဘရိုမင်းကဲ့သို့ ဓာတ်ငွေ့များကြောင့် ပျက်စီးရခြင်းဖြစ်သည်။ ထိုကလိုရင်းနှင့် ဘရိုမင်း ပါဝင်သည့် ဒြပ်ပေါင်းများသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ပါက   ဓာတ်ပြုမှုလွယ်ကူသည့် ဓာတ်ငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး အိုဇုန်းလွှာကို ဆိုးရွားစွာပျက်စီးစေသော ဓာတ်ကူဓာတ်ပြုခြင်းများ ဖြစ်ပေါ်စေသည်။

အိုဇုန်းလွှာပျက်စီးစေသည့် ကလိုရင်းပါဝင်သော အဓိကဒြပ်ပစ္စည်းများမှာ ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် ရေမြှုပ်ပါဝင်သော ထုတ်ကုန်များတွင် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန် (CFCSှ) များနှင့် ယင်း CFCS တို့အတွက် အစားထိုးအသုံးပြုသော ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFCs) များဖြစ်သည်။   အိုဇုန်းလွှာ ပျက်စီးစေသည့်   ဘရိုမင်းပါဝင်သော အဓိကဒြပ်ပစ္စည်းများမှာ မီးသတ်ဆေးဘူးများတွင် အသုံးပြုသည့်   ဟေလွန်နှင့် ပိုးသတ်ခြင်းတွင် အသုံးပြုသည့်    မီသိုင်းဘရိုမိုက်ဒြပ် ပစ္စည်းများဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အတူရေမွှေး ထုတ်လုပ်ရာတွင် အသုံးပြုသော ဖရီယွန်ဓာတ်ကြောင့်လည်း အိုဇုန်းလွှာကို ထိခိုက်စေသည်။

အိုဇုန်းလွှာပျက်စီးမှုကြောင့် လူတို့တွင် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့်   ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ  ယိုယွင်းပျက်စီးမှုတို့ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကြောင့်   ကမ္ဘာတစ်ဝန်းနှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြား ကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး  နှစ်စဉ်လူဦးရေ ပျမ်းမျှ ၆၆၀၀၀ ခန့်  သေဆုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း   ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အစီရင်ခံစာတစ်ရပ် အရသိရသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းအများစုသည်   ကမ္ဘာ့ပူနွေးမှု ညွှန်းကိန်းမြင့်မားကြပြီး အင်အားကြီးသော မှန်လုံအိမ် အာနိသင်   ဓာတ်ငွေ့များဖြစ်ကြသဖြင့် ယင်းဒြပ်ပစ္စည်းများကို  အလွန်အကျွံသုံးစွဲမှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်စေသည့် အဓိက အကြောင်းတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ကလိုရိုဖလူရိုကာဗွန်နှင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်များ အစား အစားထိုး သုံးစွဲသည့် ဟိုက်ဒရိုဖလူရိုကာဗွန်(HFCs)များသည် အိုဇုန်းလွှာပျက်စီးမှု ညွှန်းကိန်း မရှိသော်လည်း ကမ္ဘာ့ပူနွေးမှု အလားအလာကို တိုးမြင့်စေသည်။

ထိုသို့တိုးမြင့်မှု၏   နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့်   ကမ္ဘာ့ပူနွေးမှု တိုးမြင့်လာသောကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် အပူရှိန်မြင့်မားမှုကြောင့် ရေငွေ့ပြန်နှုန်း များခြင်းနှင့်  မိုးရွာသွန်းမှု နည်းခြင်း၊ မိုးခေါင်ခြင်း၊ ရေချိုအရင်းအမြစ် ဆုတ်ယုတ်ခြင်း၊ မိုးရွာသွန်းမှု မမှန်ခြင်း၊ရေကြီးခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများကြောင့်  အိုဇုန်းလွှာ ပျက်စီးလာမှုနှင့် ယင်း၏အကျိုးဆက်များ ဖြစ်သည့် လူသားများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အပေါ်သက်ရောက်မှုများကို ကမ္ဘာ့နိုင်ငံများ အနေဖြင့် သတိပြုမိလာသောကြောင့် အဆိုပါအကျိုးသက်ရောက်မှုကို     ထိန်းချုပ်နိုင်ရန် ၁၉၈၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံအချို့နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)တို့ ဦးဆောင်၍ “အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း”  ကို သဘောတူချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာ ပျက်စီးစေသောဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ”မွန်ထရီရယ်   နောက်ဆက်တွဲစာချုပ်” ကို၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ထပ်မံ ချုပ်ဆိုနိုင်ခဲ့သည်။

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာ၁၆ ရက်ကို “ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းအသစ်များကို ထပ်မံတွေ့ရှိလာရသည့် အတွက်  မွန်ထရီရယ် သဘောတူစာချုပ်၏ ပြင်ဆင်ချက်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ် လန်ဒန်ပြင်ဆင်ချက်ဖြင့် ကလိုရိုဖလူရို ကာဗွန်အမျိုးအစားဒြပ်ပစ္စည်း ၁၀ မျိုး၊   ကာဗွန်တက်ထရာ ကလိုရိုက်နှင့် မီသိုင်းကလိုရိုဖောင်း၊   ၁၉၉၂ ခုနှစ်ကိုပင် ဟေဂင်ပြင်ဆင်ချက်ဖြင့်   ဟိုက်ဒရိုကလို ရိုဖလူရိုကာဗွန် အမျိုးအစား ဒြပ်ပစ္စည်း ၄၀၊ ဟိုက်ဒရိုဘရိုမို ဖလူရိုကာဗွန်ဒြပ် ပစ္စည်း ၃၄ မျိုး၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ် ပြင်ဆင်ချက်ဖြင့် မီသိုင်းဘရိုမိုက်၊ ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက်ဖြင့် ဘရိုမိုကလိုရိုမီသိန်း၊ ၂၀၁၆ ခုနှစ် ကီဂါလီ ပြင်ဆင်ချက်ဖြင့် ဟိုက်ဒရို ဖလူရိုကာဗွန် အမျိုးအစားဒြပ်ပစ္စည်း ၁၈ မျိုးစသည့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုများကို    ကန့်သတ်ထိန်းချုပ် ဆောင်ရွက်ခဲ့သည်။

ယခုအခါ အိုဇုန်းလွှာကိုပျက်စီးစေသော အအေးပေး ဒြပ်ပစ္စည်းများအစား အစားထိုး အသုံးပြုနေသည့် ဟိုက်ဒရိုဖလူရိုကာဗွန်များသည်  အင်အားကြီးသော မှန်လုံအိမ် အာနိသင်ရှိသည့် ဓာတ်ငွေ့များဖြစ်ကြောင်း တွေ့ရှိချက်များအရ အဆိုပါဓာတ်ငွေ့များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့မှ အစပြု၍ လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှအစပြု၍ လည်းကောင်း လျှော့ချခြင်းဖြင့်     အိုဇုန်းလွှာ ပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့် အတူ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးကိုပါ တစ်ကမ္ဘာလုံး ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “]Montreal Protocol: Fixing the Ozone Layer and Reducing Climate Change” ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေးဟု သတ်မှတ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသည့်  ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ် သဘောတူစာချုပ်တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ထပ်မံပြင်ဆင်ချက်များတွင်လည်း   အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။  စာချုပ်ပါ သတ်မှတ်ချက်များအတိုင်း အိုဇုန်းလွှာ ပျက်စီးစေသည့် အဓိကဒြပ်ပစ္စည်းဖြစ်သော  ကလိုရိုဖလူရိုကာဗွန် ထုတ်လုပ်အသုံးပြုမှုကို  ၂၀၁၀ ပြည့်နှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်များ အသုံးပြုမှုကိုလည်း ၂၀၄၀ ပြည့်နှစ်အရောက်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍   နှစ်အလိုက် ကန့်သတ်ပမာဏအတိုင်း   ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။ အလားတူစွာ  အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအား သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့်   ၎င်းဒြပ်ပစ္စည်းများကို အသုံးပြုသည့်ပစ္စည်းများမှာ ကလိုရိုဖလူရိုကာဗွန်ကို ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေအေးပေးစက်၊ အအေးပေးပစ္စည်းတို့တွင် အသုံးပြုသည်။ ထို့ပြင် ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုခြင်း၊   ရင်ကျပ်ရောဂါ ဝေဒနာရှင်များအတွက်  ရှူဆေးများတွင် အသုံးပြုခြင်း၊   လျှပ်စစ်ပစ္စည်းများကို သန့်စင်ရာတွင် အသုံးပြုခြင်းတို့ဖြစ်သည်။

ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန်ကို လေအေးပေးစက်များ၊ အအေးပေးပစ္စည်းများ၊ ဆိုဖာရေမြှုပ်ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ်အသုံးပြုသည်။ ကာဗွန်တက်ထရာကလိုရိုက်ကို သတ္တုပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသည်။ မီသိုင်းကလိုရိုဖောင်းကို အီလက်ထရွန်နစ်ပစ္စည်း သန့်စင်ရာတွင်အသုံးပြုသည်။   မီသိုင်းဘရိုမိုက်ကို စိုက်ပျိုးရေးဆိုင်ရာ ပိုးသတ်ခြင်း၌ အသုံးပြုသည်။ ဟေလွန်ကို မီးသတ်ဆေးဘူးများတွင် အသုံးပြုသည်။

ပြည်သူများအနေဖြင့် ရေခဲသေတ္တာ၊ လေအေးပေးစက်ပစ္စည်းများ ဝယ်ယူရာတွင် Ozone Friendly  သို့မဟုတ် Energy Efficiency  အမှတ်အသားပါသော ပစ္စည်းများကိုသာ    ရွေးချယ်ဝယ်ယူသုံးစွဲခြင်း၊ ဟေလွန်ပါဝင်သော   မီးသတ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ခြင်း၊ ပန်းနာရောဂါနှင့် နာတာရှည်အဆုတ်ရောဂါအတွက် ကလိုရိုဖလူရိုကာဗွန် ပါဝင်သော ရှူဆေးများအစား အခြားခေတ်မီ အစားထိုး ကုသနည်းများကို ခံယူခြင်း၊ ပြည်ပတင်ပို့သည့် သီးနှံထုတ်ကုန်များကို ပိုးသတ်ရာတွင်   မီသိုင်းဘရိုမိုက် အစား အခြားအိုဇုန်းလွှာ ထိခိုက်မှုမရှိသည့် အစားထိုးပစ္စည်းများကို အသုံးပြုခြင်း များနေပါက အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို  ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။

လင်းအာရုဏ်ဦး(ပဲခူး)