စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၅

    စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်အတွင်းရောက်ရှိနေသော နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု ၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၁၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၅ ဦး၊ ခွဲစိတ် ရောဂါ ၆၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၅၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၁၉၈ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၄ ဦး တို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၅၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃၀ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း  ထိုးနှံ ရန်လိုအပ်သူ ၆၃ ဦးအား   ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းနောက် မျက်စိခွဲစိတ်ကုသမှု ခံယူထားသည့် ဒေသခံပြည်သူများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက နေကာမျက်မှန်များ တပ်ဆင်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

    ထို့ပြင် နယ်လှည့်အထူးဆေးကုသရေး အဖွဲ့ထံသို့ လာရောက် ဆေးကုသမှု ခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံ စေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှု့အားပေးသည်။

နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ ၏ စကားသံများကိုလည်း ယခုလိုကြားသိရပါတယ် -

စစ်ကိုင်း၊ ရွှေဘိုနယ်လှည့်ဆေးကုမှ ပြည်သူများ၏စကားသံများ

(၁) တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့ ကနေဆေးကုပေးနေတဲ့အကြောင်း ရပ်ကွက်အတွင်းလူတွေ သွားရောက်ကုသနေတာ သိတဲ့အတွက် ကျွန်တော်လည်း လာရောက်ပြသခြင်းဖြစ်ပါတယ်။ အားရကျေနပ်ပါတယ်။ ဝမ်းလည်းသာ ပါတယ်။ ကျွန်တော့်အတွက်လည်း အများကြီး အကျိုးကျေးဇူးရှိပါတယ်။ အဲလိုဖြစ်တဲ့အတွက် ဒီမှာကျတော့လည်း ကျွန်တော်လို ရောဂါသည်တွေအများ ကြီး အများကြီးလာရောက်ကုသနေတာ တွေ့တဲ့အတွက် ကိုယ်လည်း အားတက်သွားပါတယ်။ အခုလို လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီး အကဲနဲ့တကွ တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ကျွန်တော်တို့ကို လိုလေသေးမရှိ ဆေးကုသခွင့်ရအောင်ဆောင်ရွက်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆေးကု သပေးတဲ့ ဆရာဝန်ကြီးများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို လိုလိုသေးမရှိ လိုအပ်တာကိုဖြည့်ဆည်း ပေးတဲ့ မြို့နယ်အတွင်းမှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့ရဲ့အကူအညီကြောင့် ဘာမှအခက်အခဲမရှိ တစ်နေရာက တစ်နေရာကို သွားရောက်လုပ်ကိုင် ဆောင်ရွက်တဲ့အခါမှာ အဆင်ပြေပါတယ်။ အားလုံး အလွန်ကောင်းတဲ့လုပ်ငန်း ကြီးတစ်ခုဖြစ်ပါတယ်။ ဒါထက်တိုးချဲ့ပြီးတော့ ရပ်ကွက်အတွင်းမှာ မြို့နယ်တွေ အတွင်းမှာ လှည့်လည်ပြီးတော့ဆေးကုသပေး နိုင်မယ်ဆိုရင် ပြည်သူတွေ အတွက်အများကြီးအကျိုးရှိမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

(၂) မျက်စိလည်းကြည်လည်းကြည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အမြဲတန်းလည်းဆုတောင်းပေးမယ်။ မျက်စိခွဲတာ တစ်ဘက်ကခွဲပြီးသား။ ကျန်တစ်ဘက်ကမမြင်ရလို့ လုံးဝကိုမမြင်ရသလောက်ပါဘဲ။ အရိပ်အယောင် လောက်ဘဲမြင်ရတယ်။ အဲဒါကြောင့် ဒီကိုလာခွဲလိုက်တာ။ အခုတော့ကြည်လင် သွားပြီ။ ကောင်းသွားပြီ။ ကျေးဇူးတအားတင်ပါတယ်။ နောင်နှစ်လည်းလာခဲ့ကြ ပါအုံး။ အဲဒီကျလည်းလာပြပါအုံးမယ်။