အိုဇုန်းလွှာနှင့် အိုဇုန်းလွှာထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ

အိုဇုန်းလွှာနှင့် အိုဇုန်းလွှာထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ

အိုဇုန်းဓာတ်ငွေ့သည် အပြာရောင်ဖျော့ဖျော့ ဓာတ်ငွေ့ဖြစ်ပြီး အိုဇုန်းမော်လီကျူးတစ်ခုစီတွင် အောက်ဆီဂျင်အက်တမ်သုံးလုံးပါဝင်သောကြောင့်  ဓာတုဗေဒသင်္ကေတအနေဖြင့် O3 အဖြစ်  သတ်မှတ်သည်။ အိုဇုန်းဟူသော စကားလုံးသည် ဂရိစကားလုံးဖြင့် အနံ့ဟု အဓိပ္ပာယ်ရသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး စူးရှသောအနံ့ရှိသည်။

ကမ္ဘာ့လေထုထဲရှိ အိုဇုန်းဓာတ်ငွေ့ ၉၀ ရာခိုင်နှုန်းခန့် ပါဝင်သော အိုဇုန်းလွှာသည် ကမ္ဘာ့မျက်နှာပြင်အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြားရှိ စထရာတိုစဖီးယားအလွှာခေါ် လေထုဒုတိယအလွှာ အတွင်းတွင်   သဘာဝအလျောက်တည်ရှိသည်။

ကျန်အိုဇုန်း  ၁၀ ရာခိုင်နှုန်းခန့်မှာ  လေထုပထမအလွှာတွင် တည်ရှိသည်။                               

အိုဇုန်းလွှာ(အကျိုးပြုအိုဇုန်း)နှင့် အကျိုးမပြုအိုဇုန်း အိုဇုန်းဓာတ်ငွေ့သည် မှန်လုံအိမ်ဓာတ်ငွေ့ အမျိုးအစားတစ်ခု ဖြစ်သော်လည်း  အမြင့်ပိုင်းရှိ ကမ္ဘာ့လေထု ဒုတိယအလွှာတွင်တည်ရှိသည့်အခါ လူ၊ သတ္တဝါနှင့် အပင်တို့အတွက် ကောင်းကျိုးပြုသဖြင့် အကျိုးပြု အိုဇုန်း  (Good Zone)ဖြစ်ပြီး လေထုအနိမ့်ဆုံးအပိုင်း (ပထမလေထုအလွှာ)တွင် တည်ရှိသည့် အိုဇုန်းဓာတ်ငွေ့သည် လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အရာတစ်ခုအဖြစ် ဆိုးကျိုးဖြစ်စေသဖြင့် အကျိုးမပြုအိုဇုန်း(Bad Zone) ဖြစ်သည်။

ကမ္ဘာ့လေထုအတွင်းရှိ    အိုဇုန်းပမာဏသည် စုစုပေါင်း ၃ ဘီလီယံမက်ထရစ်တန်ခန့် ရှိသောကြောင့် ပမာဏများစွာရှိသည်ဟု ထင်ရဖွယ်ရှိသည်။ သို့သော် NASA အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ အိုဇုန်းသည် ကမ္ဘာ့လေထု၏ သုညဒသမ ၀၀၀၀၆ ရာခိုင်နှုန်း မျှသာပါဝင်သဖြင့် အမှန်တကယ်တွင် အိုဇုန်းပမာဏသည် အံ့သြစရာကောင်းလောက်အောင် အနည်းငယ်သာ ရှိသည်။

 

အကယ်၍   လေထုဒုတိယအလွှာအတွင်းရှိ အိုဇုန်းလွှာမော်လီကျူးများအားလုံးကို  ပင်လယ် ရေမျက်နှာပြင်သို့ ဖိအားပေးဖြန့်ကြက်လိုက်ပါက အိုဇုန်းလွှာ၏အထူသည် ၃ မီလီမီတာ ရှိကာ ၎င်းသည် လိမ္မော်သီးတစ်လုံး၏   အခွံအထူခန့်သာထူသည်။ ယင်းပါးလွှာသော အလွှာငယ်လေးသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးကို အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည် အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် (B)နှင့် (C)အများစုကို စုပ်ယူထားပြီး ကမ္ဘာမြေပေါ်သို့ ကျရောက်ခြင်းမှ ကာကွယ်ပေးသည့်  အငွေ့စစ် ကိရိယာသဖွယ် ဝန်ဆောင်မှုပေးသဖြင့် အကျိုးပြုအိုဇုန်းဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်သက်ရောက်မှု      

နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် သုံးမျိုးဖြစ်သည့် ခရမ်းလွန်ရောင်ခြည့် UV-C (လှိုင်းအလျား ၁၀၀ မှ ၂၈၀ နာနိုမီတာ)၊ ခရမ်းလွန်ရောင်ခြည့် UV-B (လှိုင်းအလျား ၂၈၀ မှ ၃၁၅ နာနိုမီတာ)နှင့် ခရမ်းလွန်ရောင်ခြည့် UV-A(လှိုင်းအလျား ၃၁၅ မှ ၄၀၀ နာနိုမီတာ)တို့ကို ထုတ်လွှတ်နိုင်သည်။

စထရာတိုစဖီးယားအလွှာရှိ  အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည်သုံးမျိုးအနက် သက်ရှိများအတွက် အလွန်အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည့် UV-C ကို ၁၀၀ ရာခိုင်နှုန်းစုပ်ယူပြီး UV-B ကို ၉၅ ရာခိုင်နှုန်းအထိစုပ်ယူ၍   ကျန်ရှိသည့်  ပမာဏအနည်းငယ်ကိုသာ ကမ္ဘာမြေပြင်သို့ ကျရောက်စေသည်။ ခရမ်းလွန်ရောင်ခြည် UV-B သည် အလွန်အန္တရာယ်ရှိပြီး  တိုက်ရိုက်ထိတွေ့ပါက  လူသားများ၏ ကျန်းမာရေး၊  စိုက်ပျိုးရေး၊ ဂေဟစနစ်၊ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် တာရှည်ခံမှု၊ ရာသီဥတု စသည်တို့အပေါ် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများဖြစ်စေနိုင်သည်။ ကောင်းကင်တွင် အိုဇုန်း ၁ ရာခိုင်နှုန်း ပျက်စီးတိုင်း ကမ္ဘာမြေပြင်ပေါ်သို့ အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည် ၁ ရာခိုင်နှုန်း တိုးပွားဝင်ရောက်လျက်ရှိသည်။         

အိုဇုန်းအပေါက်ဖြစ်ခြင်း သို့မဟုတ် အိုဇုန်းလွှာပျက်စီးခြင်း

အိုဇုန်းလွှာရှိ အိုဇုန်းမော်လီကျူးပါဝင်မှုပမာဏသည် ပင်လယ်ရေမျက်နှာပြင်အထက်တည်ရှိမှု အမြင့်၊ တည်နေရာ လတ္တီကျု၊ ရာသီဥတု၊ လေကြောင်းပြောင်းလဲမှုနှင့် အခြားသဘာဝအချက်များအရ ကွဲပြားနိုင်သည်။ အိုဇုန်းလွှာ၏ ပျမ်းမျှအထူမှာ ၃၀၀ ဒေါ့ဘ်ဆန်ယူနစ် (၃ မီလီမီတာ) ရှိပြီး အပူပိုင်းဒေသ တွင် ၂၀၀ ဒေါ့ဘ်ဆန်ယူနစ် (၂ မီလီမီတာ)ခန့်မှ အလယ်ပိုင်းလတ္တီကျုဒေသတွင်   ရာသီအလိုက်  အများဆုံး  ၅၀၀  ဒေါ့ဘ်ဆန်ယူနစ်  (၅ မီလီမီတာ)အထိရှိနိုင်သည် (1 DU (Dobson Unit) = 0.01 millimeter/10 nanometer) ၁၉၇၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းမှစ၍ အန္တာတိက နေရာများစွာရှိ နွေဦးရာသီ၏ အိုဇုန်းပမာဏသည် တဖြည်းဖြည်းကျဆင်းသွားကြောင်း သိပ္ပံပညာရှင်များက ၁၉၈၅ ခုနှစ်တွင် တွေ့ရှိ ခဲ့ကြသည်။ အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာ၏အထူသည် ၁၉၈၁-၁၉၈၂ ခုနှစ်တွင် ၂၂၀ ဒေါ့ဘ်ဆန်ယူနစ် အောက်သာရှိကြောင်း တွေ့ရှိခဲ့ရပြီး ထိုကဲ့သို့အိုဇုန်းလွှာပါးလွှာမှုကို အိုဇုန်းအပေါက် ဖြစ်ခြင်းဟု ပထမဆုံးသိရှိခဲ့သည်။

အဓိကအားဖြင့်  အိုဇုန်းလွှာပျက်စီးရခြင်းသည် လူသားများ၏ ခေတ်မီနေထိုင်မှုဘဝအတွက် တီထွင် အသုံးပြုလာသော ဓာတုပစ္စည်းများကြောင့်ပင်ဖြစ်သည်။ လူသားများ  နေ့စဉ်အသုံးပြုလျက်ရှိသည့် ရေခဲသေတ္တာ၊ လေအေးပေးစက်စသည့် အအေးပေးပစ္စည်းများတွင် ပါဝင်သော ကလိုရင်း၊ ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအချို့ပါဝင်သော ဘရိုမင်းနှင့် မီးသတ်ဆေးဘူးများတွင်ပါဝင်သော ဟေလွန် ဒြပ်ပစ္စည်းများ သည် အိုဇုန်းလွှာ ပျက်စီးစေသော အဓိကဒြပ်ပစ္စည်း (Ozone Depleting Substance - ODS)များ ဖြစ်ကြပြီး ယင်းဒြပ်ပစ္စည်းများသည် စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းမော်လီကျူးကို   ဓာတ်ပြုပျက်စီးစေခြင်းဖြင့် ဝင်ရိုးစွန်းဒေသရှိ အိုဇုန်းလွှာပါးလွှာ၍ အပူချိန်လျော့ကျလာကာ ခရမ်းလွန်ရောင်ခြည့် UV-B ကို စုပ်ယူနိုင်မှုစွမ်းအား လျော့ကျစေခြင်းကို အိုဇုန်းလွှာပျက်စီးခြင်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

အိုဇုန်းလွှာပျက်စီးရခြင်းအကြောင်းရင်း

အိုဇုန်းလွှာပျက်စီးစေသည့်  ဓာတုပစ္စည်းအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိကြောင်းကို သိပ္ပံပညာ ရှင်များက ၁၉၇၀ ပြည့်နှစ်ကာလများကတည်းက တွေ့ရှိခဲ့ကြသည်။ အဓိကအားဖြင့်  လူတို့ဖန်တီး ထုတ်လုပ်သော ကလိုရင်းနှင့် ဘရိုမင်းတို့ ပါဝင်သော ရေခဲသေတ္တာ၊ အေးခဲစက်၊ လေအေးပေးစက်၊ စပရေးဘူး၊ ရေမြှုပ် စသည့်ပစ္စည်းများကို ပိုမိုအသုံးပြုလာခြင်းကြောင့်ဖြစ်သည်။   ယခုအခါတွင်  မှန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်  များပြားလာမှုကြောင့် ကမ္ဘာကြီးအား ပိုမိုပူနွေးလာစေပြီး ၎င်း၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ပျမ်းမျှ အပူချိန် တိုးမြင့်လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ပျမ်းမျှ အပူချိန်တိုးမြင့်မှုကို အံတုနိုင်ရန်အတွက် လူသားများသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများကို ပိုမိုအသုံးပြုလာကြရာ အဆိုပါ ပစ္စည်းများမှ ကလိုရင်းနှင့် ဘရိုမင်းဓာတုပစ္စည်းများ ထွက်ရှိလာပြီး အိုဇုန်းလွှာပျက်စီးမှုကို ပိုမိုမြန်ဆန်လာစေခဲ့သည်။

အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှု

အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့အကြား သိသာသည့် ဆက်နွှယ်မှုမှာ အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများနှင့် မှန်လုံအိမ်ဓာတ်ငွေ့များသည် လေထုအတွင်းရှိ ဓာတ်ရောင်ခြည် ဖြာထွက်ခြင်းဖြစ်စဉ်များကို ပြောင်းလဲစေပြီး ထိုမှတစ်ဆင့် ကမ္ဘာ့လေထုပူနွေးမှုနှင့် အိုဇုန်းလွှာပျက်စီးမှုကို ပိုမိုဆိုးရွားလာစေသည်။  လူတို့၏ လုပ်ဆောင်မှုများကြောင့် ထွက်ရှိသည့် အကျိုးမပြုအိုဇုန်း တိုးလာသဖြင့် ရလဒ်အနေဖြင့် ထရိုပိုစဖီးယားအလွှာကို သာမန်ထက် ပူနွေးလာစေပြီး လူတို့အသုံးပြုသည့် အအေးပေးဒြပ်ပစ္စည်းများ လေထုထဲသို့ အငွေ့ပြန်ရောက်ရှိပါက မှန်လုံအိမ်အာနိသင်ရှိသည့် အိုဇုန်းမော်လီကျူးများ ပျက်စီးပြီး  စထရာတိုစဖီးယားအလွှာကိုမူ  ပိုအေးလာစေသည်။

စထရာတိုစဖီးယားအလွှာတွင် ပိုမိုအေးလာခြင်းကြောင့် တိမ်များပိုမိုဖြစ်ထွန်းလာရာမှ ဝင်ရိုးစွန်းဒေသတွင် အိုဇုန်းလွှာ  ပြည်လည်ဖွဲ့စည်းရန်  နှေးကွေးပြီး အိုဇုန်းလွှာအပေါက်ဖြစ်ပေါ်မှု    များပြားလာစေသည်။

သာမန်အားဖြင့်   အိုဇုန်းလွှာပျက်စီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုကို  သိသာသောသက်ရောက်မှု ဖြစ်ပေါ်စေခြင်း မဟုတ်သော်လည်း အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းများဖြစ်သည့် ကလိုရို ဖလူရိုကာဗွန် -CFC၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်-HCFC များ စသည့်ကလိုရင်းပါဝင်သော ဓာတ်ငွေ့များ သည် ကမ္ဘာ့ပူနွေးမှုအလားအလာ (Global Warming Potential-GWP) မြင့်သည့် မှန်လုံအိမ်အာနိသင် ရှိသောဓာတ်ငွေ့များဖြစ်သည့်အတွက် ရာသီဥတုပြောင်းလဲမှု   ပိုမိုဖြစ်ပေါ်စေရန်   တွန်းအားပေးသည်။

ကလိုရိုဖလူရိုကာဗွန်-င်္ဃဃ ဓာတ်ငွေ့များသည် လေထုအတွင်း ၅၅ နှစ်မှ နှစ်ပေါင်း ၁၄၀ ခန့်အထိ တည်ရှိနိုင်သည်။  ၎င်းင်းတို့တွင်ပါဝင်သည့်  ကလိုရင်းအက်တမ် တစ်လုံးသည် စထရာတိုစဖီးယား လေထုအလွှာရှိ အိုဇုန်းမော်လီကျူးအရေအတွက် တစ်သိန်း  ၁၀၀၀၀၀ အထိကို ဖြိုခွဲဖျက်ဆီးနိုင်ကြောင်း ဓာတုဗေဒဆိုင်ရာ သုတေသနများအရ တွေ့ရှိရသောကြောင့် အိုဇုန်းလွှာပျက်စီးစေသော ဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနေသည်။

နောက်ပိုင်းတွင်  ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs)များအစား ဟိုက်ဒရိုဖလူရိုကာဗွန်(HFCs) များကို အစားထိုး သုံးစွဲခဲ့ကြသည်။  ထိုအစားထိုးအသုံးပြုသည့် HFCs များနှင့် HFC အရောအနှောများသည် အိုဇုန်းလွှာပျက်စီးမှု ညွှန်းကိန်းမရှိသော်လည်း  ကမ္ဘာ့ပူနွေးမှုအလားအလာကို  တိုးမြင့်စေသည်။ 

နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် ကမ္ဘာ့ပူနွေးမှုတိုးမြင့်လာသောကြောင့် ရာသီဥတုပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် အပူချိန်မြင့်မားမှုကြောင့်  ရေငွေ့ပြန်နှုန်းများခြင်းနှင့် မိုးရွာသွန်းမှုနည်းခြင်းကြောင့် မိုးခေါင်ခြင်း၊ ရေချိုအရင်းအမြစ်ဆုတ်ယုတ်ခြင်း၊ မိုးရွာသွန်းမှုမမှန်ခြင်း၊ ရေကြီးခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးမြေ၊ မြို့ပြဧရိယာများဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်း၊ မြေပြိုခြင်းများဖြစ်လာပြီး မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာစေသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း(ODS)များနှင့် ယင်းပစ္စည်းများ နေရာတွင် အစားထိုးအသုံးပြုသော  ကမ္ဘာ့ပူနွေးမှုမြင့်မားစေသည့်   အအေးပေးဒြပ်ပစ္စည်းများအသုံးပြုမှု    လျှော့ချရပ်ဆိုင်းခြင်းသည် အိုဇုန်းလွှာကို ကာကွယ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကိုလည်း အထောက်အကူ ဖြစ်သည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ

အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရေးသည် သက်ရှိ၊ သက်မဲ့အားလုံးတို့အတွက်  အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အမျှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ထိရောက်သည့် လုပ်ငန်းတစ်ရပ် ဖြစ်လာခဲ့သည်။ အိုဇုန်းလွှာပျက်စီးလာမှုကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ အိုဇုန်းလွှာကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ၁၉၈၅၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ၁၉၈၇၊ လန်ဒန်ပြင်ဆင်ချက် ၁၉၉၀၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် ၁၉၉၂၊ မွန်ထရီရယ်ပြင်ဆင်ချက် ၁၉၉၇၊ ပေကျင်းပြင်ဆင်ချက် ၁၉၉၉ နှင့် ကီဂါလီပြင်ဆင်ချက် ၂၀၁၆ တို့ကိုချမှတ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။          

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်  အိုဇုန်းလွှာသည် လူသားအားလုံးအတွက်သာမက လက်ရှိကမ္ဘာဂြိုဟ်အား သက်ရှိကမ္ဘာဂြိုဟ်အဖြစ် ဆက်လက်တည်တံ့နိုင်ရေးအတွက် အရေးကြီးသောကြောင့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်ကျင်းပသော (၄၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်  လက်မှတ်ရေးထိုးသည့် စက်တင်ဘာ  ၁၆ ရက်ကို   အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (International Day for the Preservation of the Ozone Layer ) အဖြစ်   သတ်မှတ်ခဲ့သည်။  အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့်   လှုပ်ရှားမှုများကို  မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများတွင် ၁၉၉၅ ခုနှစ်မှစတင်၍ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အစား ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့(World Ozone Day)အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့သည်။

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသကဲ့သို့ လူထုအသိပညာပေးလှုပ်ရှားမှု တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်မှစတင်၍ ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ်   ပြောင်းလဲသတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပသည့်အပြင် အသိပညာပေး လူထုလှုပ်ရှားမှုများလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အိုဇုန်းလွှာထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊  အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်တို့တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်တွင် ၂၀၀၉ ခုနှစ် မေ ၂၂ ရက်တွင်လည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက်တို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ပါဝင်ဆောင်ရွက်ခဲ့ပြီး စာချုပ်ပါသတ်မှတ်ချက်များ

အတိုင်း အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Ozone Depleting Substances)ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ခြင်းကို အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိပြီး အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP)၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်လျက်ရှိသည်။   ယခုအခါ ကမ္ဘာ့ပူနွေးမှုညွှန်းကိန်း မြင့်မားသည့် ဟိုက်ဒရိုဖလူရို ကာဗွန်များ ထုတ်လုပ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက် (Kigali Amendment))ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းရာတွင် သတ်မှတ်ထားသည့်နှစ်အလိုက် သတ်မှတ်ပမာဏထက် မကျော်လွန်စေရေးအတွက် ခွဲတမ်းစနစ်ဖြင့်   စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ရန် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းအမိန့် (Order on Imports Exports and Consumption of Ozone Depleting Substances) ကို ၂၅-၄-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ တင်သွင်းမည့် ကုမ္ပဏီ/လုပ်ငန်းရှင်များအား နှစ်စဉ်ခွဲတမ်းစနစ်ဖြင့် တင်သွင်းနိုင်ရန် မှတ်ပုံတင်ထုတ်ပေးခြင်း၊ ထောက်ခံချက်ပေးခြင်းတို့ကို ပတ်ဝန်းကျင်

ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်၍ မြန်မာနိုင်ငံအမျိုးသားအိုဇုန်းယူနစ်အဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင်  ကုန်စည်များပိုးမွှားကာကွယ်မှုနှင့်  တင်ပို့ခြင်းမပြုမီ   ပိုးမွှားသန့်စင်မှု  (Quarantine & pre-shipment fumigation-QPS )အနေဖြင့် ခြွင်းချက်အဖြစ်သာ တင်သွင်းသုံးစွဲခွင့်ပြုထားသည့် မီသိုင်း ဘရိုမိုက်နှင့် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများအစား အခြားအစားထိုးဒြပ်ပစ္စည်းများ တင်သွင်းမှုကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စိစစ်ထောက်ခံပေးလျက်ရှိသည်။

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC  R22)သုံးစွဲသည့်မြင်းကောင်ရေ  ၂ ဒသမ ၅ အောက် အင်အားရှိ လေအေးပေးစက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ရပ်ဆိုင်းရန် အမိန့်ကြော်ငြာစာအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂-၄-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၈^၂၀၂၀ ဖြင့် ထုတ်ပြန်နိုင်ခဲ့ပြီး ဆက်လက်၍   HCFC အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အထက် အင်အားရှိ အကြီးစားစက်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းမှုကို တားမြစ်ကန့််သတ်ရန်ကို လည်း ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအနေဖြင့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ပါ သတ်မှတ်ချက်များကို အဖွဲ့ဝင်နိုင်ငံများက လိုက်နာဆောင်ရွက်ခဲ့၍ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြုခြင်းကို လျှော့ချလာနိုင်သည့် အပြင် လျှော့ချရပ်ဆိုင်းလိုက်သည့် ဒြပ်ပစ္စည်းများနေရာတွင် အစားထိုးအသုံးပြုမည့် ဒြပ်ပစ္စည်းများကို တီထွင်ကြံဆလာနိုင်ခြင်း၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက်တစ်ရပ်ဖြစ်သော ကီဂါလီ ပြင်ဆင်ချက်ကို ဝင်ရောက်ပြီးပါကလည်း ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန်(HFC) အသုံးပြုမှုနှင့် ပြည်တွင်းသို့ တင်သွင်းခြင်းကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို  သုညဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။

အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်ကြပါစို့

မြန်မာနိုင်ငံတွင်    အမျိုးသားအိုဇုန်းယူနစ်ကို ဆက်စပ်ဌာနများဖြင့်ဖွဲ့စည်းကာ အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကို တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုမရှိသည့်အပြင် ပြည်တွင်းသုံးစွဲမှု နည်းပါးသောနိုင်ငံဖြစ်သော်လည်း မွန်ထရီရယ်သဘောတူစာချုပ်ပါ ကတိကဝတ်များနှင့်အညီ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှုကို အဆင့်ဆင့်လျှော့ချကာ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတို့တွင် ကမ္ဘာ့နိုင်ငံများအားလုံးနှင့်အတူ တက်<ကစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို လက်ဆင့်ကမ်းနိုင်ရန် လက်ရှိမျိုးဆက်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး  ထိုသို့ လက်ဆင့်ကမ်း

ပေးနိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအပြင် အိုဇုန်းလွှာထိန်းသိမ်းခြင်းလုပ်ငန်း

သည်လည်း များစွာ အရေးပါလှသည်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသော ကမ္ဘာကြီးကို ဖော်ဆောင်နိုင်စေရန်မှာ မြန်မာနိုင်ငံသားများအပါအဝင် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ဖြစ်သည့်အပြင်  အိုဇုန်းလွှာအား  နောင်အနာဂတ်မျိုးဆက်များအထိ ကာကွယ် ထိန်းသိမ်းသွားခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေပြီး လူသားနှင့် သဘာ၀ ပတ်ဝန်းကျင်တို့ ဟန်ချက်ညီညီ အချင်းချင်း အကျိုးပြုနေထိုင်သွားရင်း ကောင်းမွန်လှပသောအနာဂတ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ '' ontreal Protocol: Fixing the Ozone Layer and Reducing Climate Change}'' ရာသီဥတုပြောင်းလဲမှုလျှော့ချရေး    အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး  ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ်  စက်တင်ဘာလ ၁၆ ရက်(ယနေ့)တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။   ။

ကိုးကား

-https://ozone.unep.org/treaties/ montreal-protocol

- www.epa.gov/ghgemissions/understanding-global-warming-potentials

- www.unep.org/ozonaction@unep.org

- https://www.ecd.gov.mm/

- https://www.kingspan.com/qa/en/knowledge-articles/what-is-a-blowing-agen...

- Wikipedia Website rS World Ozone Day အကြောင်း သိကောင်းစရာ

- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေထားသော အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း များထိန်းချုပ်ခြင်းဆိုင်ရာ  လမ်းညွှန်ချက်များနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအကြောင်း သိကောင်းစရာစာအုပ်