၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  စက်တင်ဘာ  ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် Crowne Plaza ဟိုတယ်၌ ကျင်းပသည့် ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပိုးလမ်းမတစ်လျှောက် ဒေသများတွင် အီလက်ထရောနစ် စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများတိုးမြှင့်ဆောင်ရွက်ခြင်းမှာ အလွန် အဓိပ္ပာယ်ရှိကြောင်း၊  ယနေ့ခေတ် တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရန်ဆောင်ရွက်ရာတွင် e-Commerce မှာ အလွန်အရေးပါလှကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်၌ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်  ကူးသန်း ရောင်းဝယ်မှုများအပေါ် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ မကြာသေးမီ နှစ်များအတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုများ သိသာထင်ရှားစွာ တိုးတက်ဖြစ်ထွန်းလာကြောင်း၊  ဒစ်ဂျစ်တယ်ဂေဟစနစ် ခိုင်မာအားကောင်းစေရန် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ခေတ်နှင့် လျော်ညီစေရန် ဘက်စုံဒစ်ဂျစ်တယ်လမ်းပြမြေပုံကို ချမှတ်ဆောင်ရွက်နေကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ Digital Economy Development Committee - DEDC)  ကို  ဖွဲ့စည်းထားပြီးဖြစ်ကာ မိမိကဥက္ကဋ္ဌအဖြစ် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို  ဆောင်ရွက် နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး မြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေ ကြောင်း၊  အားလုံးပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးမှုကိုမောင်းနှင်ရန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ ပညာရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာစေရန် အရှိန်မြှင့်တင်ကာ ဆောင်ရွက်နေကြောင်း၊  ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်း ရောင်းဝယ်မှုများ ပိုမိုထွန်းကားလာစေရန် ပါဝင်သည့်နိုင်ငံများက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ ပြုခြင်းနှင့် ဆန်းသစ်တီထွင်မှု များနှင့် စွန့်ဦးတီထွင်ဆောင်ရွက်မှုများ ပြုခြင်းတို့အပေါ် အတူတကွအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာလီဖေ့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ မစ္စတာမြောင်ကျင်း ဝမ်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။  

 (သတင်းစဉ်)