ကမ္ဘာ့ရေနံဈေးဘာကြောင့် ဆက်တိုက်တက်လာရတာလဲ . . . စွမ်းအင်အတွက် သူ့အပေါ်မှီခိုသင့် သေးရဲ့လား . .. .

ကမ္ဘာ့ရေနံဈေးဘာကြောင့် ဆက်တိုက်တက်လာရတာလဲ . . . စွမ်းအင်အတွက် သူ့အပေါ်မှီခိုသင့် သေးရဲ့လား . .. .

သည်ရက်ပိုင်းအတွင်း  ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေက တော်တော်လေးမြင့်တက်လာပါတယ်။ အကြောင်းရင်းကို ရှာကြည့်တော့  ကမ္ဘာ့ရေနံဈေးကလည်း   မိုးထိအောင်  လှေကားထောင်တက်နေတဲ့ အလားပါပဲ။

သည်သီတင်းပတ်အတွက် ကမ္ဘာ့ရေနံဈေးအပိတ်က ဘရန့်ရေနံစိမ်းဆိုရင် တစ်စည်ကို ၉၃ ဒသမ ၉၃ ဒေါ်လာနဲ့ WTI ရေနံစိမ်းဆိုရင် တစ်စည်ကို ၉၀ ဒသမ ၇၇ ဒေါ်လာရှိပါတယ်။

နိုင်ငံတချို့ရဲ့   ပြည်တွင်းစက်သုံးဆီဈေးကွက်ကို ကြည့်မယ်ဆိုရင် အမေရိကန်မှာ ဒီဇယ်တစ်ဂါလန်ကို ၄ ဒသမ ၅၄၉   ဒေါ်လာရှိပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးပျမ်းမျှဈေးပါ။

ဆိုတော့ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်းအရ မြန်မာကျပ်ငွေနဲ့ပြန်တွက်ကြည့်ရင် ၉၅၅၂ ကျပ်နဲ့ ၉ ပြားရှိပါတယ်။ ဒါဟာ မိမိတို့နိုင်ငံအတွင်း ရိုးရိုးဒီဇယ်လက်ကားဈေးနှုန်း (ရန်ကုန်ပေါက်ဈေး)နဲ့ နှိုင်းယှဉ်ရင်   အတူတူလောက်သွား ကျပါတယ်။

စက်သုံးဆီဈေးတွေ ဒီလိုမြင့်တက်လာတော့ ဘယ်သူတွေမှာ ပိုပြီးနစ်နာစေလဲဆိုရင် နောက်ဆုံး စားသုံးသူတွေပါပဲ။ ဒီလိုဖြစ်တာဟာ ကိုယ့်တစ်နိုင်ငံတည်းလားဆိုတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ဖြစ်နေတာပါ။ ဟိုတစ်နေ့ကပဲ ဂျာမနီက အိန္ဒိယကနေ လောင်စာ ဆီတွေကို တိုးမြှင့်ဝယ် ယူနေရတယ်ဆိုတဲ့ သတင်းတစ်ပုဒ် တွေ့လိုက်ပါတယ်။ အိန္ဒိယလောင်စာဆီဆိုတာ  ရုရှားနိုင်ငံကနေ တင်သွင်းထားတာပါ။

တကယ်လို့သာ ဂျာမနီအနေနဲ့ ရုရှားဆီကနေ တိုက်ရိုက်ဝယ်လိုက်ရင် လောင်စာဆီတစ်ဂါလန်အတွက်    ကုန်ကျစရိတ်ကအများကြီးလျော့နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့  ဒီလိုလုပ်လို့မရနိုင်ပါဘူး။ အကြောင်းရင်း လား။ ဥရောပသမဂ္ဂက ရုရှားကိုပိတ်ဆို့မှုတွေချမှတ်ထားတယ်လေ။ ဒီတော့ ရုရှားဆီက   လောင်စာတွေကို သူတို့မရနိုင်တော့ဘူးပေါ့။ ကိုယ်ကလိုလည်းလိုချင်တယ်။ သူ့ဆီကနေလည်း  မဝယ်ချင်ဘူး ဆိုရင်တော့ တခြားဆီကနေပဲ ဝယ်ရတော့မှာပေါ့။

မိမိအနေနဲ့ အားလုံးကို ပထမဆုံးအသိပေးချင်တဲ့ အကြောင်းအရာကတော့ လောင်စာဆီဈေးနှုန်းတွေက အဆမတန်မြင့်တက်နေတယ်ဆိုတာ ကိုယ့်တစ်နိုင်ငံတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးဖြစ်နေတယ် ဆိုတာရယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ နောက်ဆုံးစားသုံးသူတွေက ဒီအကျိုးဆက်ကို ခံစားနေရတယ် ဆိုတာပါပဲ။

ဒီနေရာမှာ အစိုးရတွေက ဘယ်လိုမှမကူညီနိုင်ဘူးလားဆိုပြီး မေးလို့ရပါတယ်။ အစိုးရအနေနဲ့ လုပ်ပေးလို့ရတဲ့ အတိုင်းအတာက ကိုယ့်နိုင်ငံအတွက်လိုအပ်တဲ့လောင်စာဆီကို လျှော့ဈေးနဲ့ရရှိစေဖို့ အတွက် ညှိနှိုင်းပေးဖို့သာရှိပါတယ်။

အစိုးရက ငွေထုတ် အကုန်အကျခံပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်း လျှော့ချပေးဖို့ဆိုတာကတော့ သူ့မှာငွေလိုပါတယ်။ အဲဒီလိုအပ်တဲ့ငွေအတွက် ကိုယ်က အခွန်ဘယ်လောက် ဆောင်ပြီးပြီလဲ။ ကိုယ်ဆောင်ထားတဲ့ အခွန်ပမာဏနဲ့ ကိုယ်ရှောင်ထားတဲ့ အခွန်ပမာဏမှာ ဘယ်ဟာကပိုများလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးဖြစ်မှာပါ။ ကိုယ်အပါအဝင် ပြည်သူတွေအားလုံးက အခွန်ဆောင်ကြမှသာ အစိုးရမှာ ငွေရှိမှာပါ။ အစိုးရမှာငွေရှိမှ ပြည်သူတွေအဆင်ပြေအောင် ပြန်လုပ်ပေးလို့ရမှာဖြစ်ပါတယ်။ ဒါကစကားစပ်လို့ ပြောတာပါ။ အခု စက်သုံးဆီအကြောင်း ဆက်ပြောပါမယ်။

ဒီလိုမျိုး စက်သုံးဆီဈေးနှုန်းတွေမြင့်တက်မှုဆိုတဲ့အကျိုးထွက်ပေါ်လာစေဖို့ သူ့နောက်က အကြောင်းရင်း ရှိပါတယ်။   ကမ္ဘာ့ရေနံဈေးနှုန်းကို အများဆုံး ထိန်းချုပ်ထားနိုင်သူက OPEC လို့ခေါ်တဲ့   ရေနံတင်ပို့ သည့် နိုင်ငံများအဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ကို အဓိကဦးဆောင်နေတာက ဆော်ဒီအာရေဗျပါ။ ဆိုလိုတာက ဆော်ဒီအာရေဗျရဲ့ ရေနံနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်ရပ်ဟာ ကမ္ဘာ့လောင်စာဆီဈေးကွက်အပေါ် များစွာသက်ရောက် စေတယ် ဆိုတာပါပဲ။

ဟိုတလောလေးတုန်းက ဆော်ဒီအာရေဗျက သူတို့ရဲ့နေ့စဉ် ရေနံထုတ်လုပ်မှု ပမာဏကနေမှ စည် တစ်သန်း လျှော့ချလိုက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုလုပ်ရခြင်းဟာ သူ့ရဲ့ဈေးကွက်ကို ထိန်းသိမ်းဖို့ ဖြစ်တယ်ဆိုပြီး   အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

ဘောဂဗေဒအရ ကြည့်မယ်ဆိုရင်   ဈေးကွက်အတွင်းမှာ ရောင်းလိုအား နည်းသွားတဲ့အတွက် အဲဒီကုန် ပစ္စည်းဈေးနှုန်းကမြင့်တက်လာမှာပါ။ အခုလည်းအဲဒီသဘောတရားပါပဲ။

ဒီလိုမျိုးနေ့စဉ် ရေနံထုတ်လုပ်မှုပမာဏကို လျှော့ချတဲ့အထဲမှာ ဆော်ဒီအာရေဗျ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ OPEC အဖွဲ့ဝင်  တခြားနိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီလို ရေနံထုတ်လုပ်မှု လျှော့ချမယ် ဆိုတဲ့သတင်းထုတ်ပြန်ပြီး နောက်ပိုင်းကစလို့  အခုအချိန်အထိ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတွေက မြင့်တက်လာနေခဲ့တာပါ။

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက ရေနံကိုလျှော့ချ ထုတ်လုပ်မယ်ဆိုတာ ဘာကြောင့်ပါလဲ။ သူတို့ရဲ့ ဈေးကွက်ကို ဟန်ချက်ညီထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်း အတွက်လား။ တခြား အကြောင်းအရာတွေရော ရှိနေဦးမလားဆိုတာကို  မိမိကရှာဖွေ တင်ပြပေးလိုက်ရပါတယ်။

ဒီနေရာမှာ ငွေကြောင့်လား၊ နိုင်ငံရေးကြောင့်လားဆိုပြီး   နှစ်ပိုင်းခွဲနိုင်ပါတယ်။ မိမိအမြင်အရပြောရရင်  အဓိက ကငွေကြောင့်ပါပဲ။ ဘာကြောင့်ပါလဲ။ တကယ်လို့များ  သူတို့အနေနဲ့ ရေနံကို  အလျှံပယ် ထုတ်လုပ်နေရင်  ရေနံဈေးနှုန်းကျမယ်။

သူတို့အတွက်ဝင်ငွေနည်းမယ်။ ဒါပါပဲ။ ငွေဆိုတာ လူတိုင်းလိုအပ်တဲ့အရာပါ။ ဆော်ဒီအာရေဗျ ဆိုရင်လည်း ၂၀၃၀ ပြည့်နှစ်မှာ NEOM ဆိုတဲ့ခေတ်မီမြို့သစ်ကြီး  တည်ဆောက်ပြီးစီးနိုင်စေဖို့ ငွေလို အပ်ပါ တယ်။ တခြားသော အကြောင်းအရာများ ကြောင့်လည်း ငွေလိုအပ်နိုင်ပါတယ်။

နောက်တစ်ချက်က ကမ္ဘာ့ရေနံဝယ်လိုအားဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအပေါ် များစွာမှီခို နေပါတယ်။ တရုတ်ရဲ့စီးပွားရေးက တိုးတက်မှုရှိမယ့်အလားအလာမြင်ရရင် ရေနံတိုးထုတ်မယ်။ တိုးတက်မယ့် အလားအလာနည်းရင် ရေနံလျှော့ထုတ်မယ်။ ရေနံဆိုတာ ထုတ်ပြီးရင် မြေကြီးထဲ ပြန်ထည့် လို့မှမရတာ။ တကယ်လို့များ  ကိုယ်ကတိုးထုတ်ထားပြီးလို့မှ ဝယ်လိုအားနည်းသွားရင် ရေနံတွေကိုထားစရာ နေရာမရှိတဲ့အတွက် လျှော့ဈေးနဲ့ထုတ်ရောင်းရလိမ့်မယ်။ ဒီအခါမှာ ထုတ်လုပ်သူ ဘက်က ဝင်ငွေကျဆင်းသွားမယ်။

ပုံမှန်ရေနံစည် တစ်သန်းရောင်းရလို့ ဒေါ်လာတစ်သန်းမြတ်မယ့်အစား လျှော့ဈေးနဲ့ထုတ်ရောင်းရရင် ဒေါ်လာ ငါးသိန်းပဲ အမြတ်ကျန်တော့မှာလေ။ ဒါကဥပမာပြောပြတာပါ။

နိုင်ငံရေးအရ ဒီလိုမျိုးလုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဖို့ရာကျတော့ တော်တော်ခက်ပါတယ်။ ဥပမာဆို ကြပါစို့။ ဆော်ဒီနဲ့အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကမတည့်ဘူး။ ဒါပေမဲ့ အနောက်အုပ်စုက ဆော်ဒီကနေရေနံဝယ်ရတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကမတည့်တော့ ဆော်ဒီက   ရေနံဈေးကို တင်လိုက်တယ်။ ဒီအခါ  အနောက်အုပ်စုစီးပွားရေး ယိမ်းယိုင်သွားတယ်။

ဒါပေမဲ့ ဒီလိုရည်ရွယ်ချက်နဲ့ လုပ်စရာ အကြောင်းမရှိပါဘူး။ OPEC နဲ့ အနောက်အုပ်စုကြားမှာ တင်းမာမှုလေးတွေ အနည်းငယ် ရှိနေပေမယ့်လည်းပေါ့။ ဒါကြောင့် အခုလိုမျိုး ရေနံဈေးနှုန်းမြင့် တက်ရတာဟာအဓိကက  ငွေကြောင့်ပါပဲ လို့ဆိုရခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် ရေနံလျှော့ထုတ်တဲ့သူတို့ကို သွားပြီးအပြစ်တင်လို့ရမလား။ မရပါဘူး။ ကိုယ့်ခြံထဲကကြက်မက ကြက်ဥ အလုံး ၁၀၀ ဥထားလည်း ကိုယ်က ၁၀ လုံးပဲထုတ်ရောင်းချင်ရောင်းမှာပေါ့။ ဒီတော့ မိမိတို့ လိုအပ်တဲ့စွမ်းအင်အတွက် ပုဂ္ဂလိကပိုင်ဖြစ်တဲ့ လောင်စာဆီအပေါ် မှီခိုသင့်သလားဆိုတဲ့ မေးခွန်းထွက် လာပါတယ်။ အဖြေကတော့ အားလုံးသိပြီးဖြစ်မှာပါ။ ဟုတ်ပါတယ်။ မမှီခိုသင့်ပါဘူး။ ဒါဆိုရင် မိမိတို့အတွက်  စွမ်းအင်လိုအပ်ချက်ကို ဘယ်ကနေထုတ်ယူရမလဲ။ ဘုံပိုင်ဖြစ်တဲ့  သဘာဝ အရင်းအမြစ် တွေကနေပဲ ထုတ်ယူရမှာပါ။

ဘုံပိုင်သဘာဝအရင်းအမြစ်တွေထဲမှာမိုးပေါ်ကအလင်းတန်းထိုးပေးနေတဲ့နေရောင်ခြည်ရှိမယ်။ အတားအဆီးမဲ့စွာ   တသွင်သွင်စီးဆင်းနေတဲ့    ရေပြင်ရှိမယ်။ ကိုယ်တွေအမောပြေ ချွေးသိပ်အောင် တိုက်ခတ်ပေးနေတဲ့ လေညင်းလေး တွေရှိပါမယ်။

တစ်နည်းပြောရရင် နေအားလျှပ်စစ်၊ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ် စတာတွေကိုအားကိုးပြီး မိမိတို့လိုအပ်တဲ့ စွမ်းအင်ထုတ်ယူနိုင်ပါတယ်။

မိမိတို့တစ်ကမ္ဘာလုံးမှာ ရုပ်ကြွင်းလောင်စာစွမ်းအင်တွေကို အများဆုံးအသုံးပြုနေတဲ့ကဏ္ဍက သယ်ယူ ပို့ဆောင်ရေး ကဏ္ဍဖြစ်ပါတယ်။

အဲဒီထဲမှာ ဆိုင်ကယ်များမှသည် လေယာဉ်ပျံအထိ အားလုံးပါဝင်နေတာပါ။ သူတို့အနေနဲ့ ရုပ်ကြွင်း လောင်စာအသုံးပြုမှုကို လျှော့ချလို့ရလားဆိုတော့ မရပါဘူး။ ဒါပေမဲ့ ရုပ်ကြွင်းလောင်စာကို လုံးဝ အသုံးမပြုနိုင်မယ့် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုတာပါပဲ။ လျှပ်စစ် ဆိုင်ကယ်၊ လျှပ်စစ်ကား၊ လျှပ်စစ်ရထား၊ လျှပ်စစ်လေယာဉ်ပျံ စတာတွေကို အသုံးပြုနိုင်ဖို့အတွက် နည်းပညာကို အသုံးပြုရပါမယ်။

လိုအပ်လာမယ့် လျှပ်စစ်စွမ်းအင်ကိုလည်း ဘုံပိုင်သဘာဝ အရင်းအမြစ်တွေကို အသုံးပြုပြီး ထုတ်လုပ် နိုင်နေပါပြီ။ ဒီထက်များများ ပိုတိုးပြီးထုတ်လုပ်ဖို့ပဲ လိုအပ်တာပါ။

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကမ္ဘာမြေသည်လည်း ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ ကမ္ဘာကြီး အဖြစ် ပြောင်းလဲလာမှာဖြစ်ပြီး  ကမ္ဘာကြီးနဲ့အတူကမ္ဘာသူ ကမ္ဘာသားများသည်လည်း ကျန်းမာစွာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။          ။

Ref: OilPrice, NYT

သီရိချို