ကျိုက်ထိုမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်ချောင်ကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေး ဂိတ်၌ သြဂုတ် ၁၀ ရက် ၈ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် သိမ်ဇရပ်ဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင် လာသည့် Canter အမျိုးအစား မော်တော်ယာဉ်အမှတ် ၊ YGN-4G/--— နှင့် Estima အမျိုးအစားမော်တော်ယာဉ်အမှတ် ၊ YGN-7D/-— တို့အား ရပ်တန့်စစ်ဆေးရာ Estima အမျိုးအစားမော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း ဦးစိုးမြင့်(ဘ) ဦးစိန်းဝင်း နှင့် မဖြူ(ဘ) ဦးရုန်း တို့ ၂ ဦးကို တွေ့ရှိရပြီး Canter အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းသိရှိရသည်။

အဆိုပါ ယာဉ်မောင်းထွက်ပြေးသွားသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်ရှိ ကြက်သွန်ဖြူအိတ်များအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၉၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄၅၀၀ သိန်း)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ထွက်ပြေးသွားသည့် ယာဉ်မောင်းမှာ ဇေယျာထွန်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပိုင်ရှင်မှာ မဖြူ ဖြစ်ကြောင်းနှင့် ၎င်းမူးယစ်ဆေးဝါး များကို ကျိုက်ထိုမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် ဖမ်းဆီးရခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါးဘိုးတောလမ်းဆုံအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းစဉ် သြဂုတ် ၁၀ ရက် ည ၁၀ နာရီခွဲခန့်တွင် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ စိုင်းကျော်မိုး(ဘ)ဦးကျော်လှိုင် မောင်းနှင်၍ ဦးလွန်းရွှေ(ဘ)ဦးတင့်၊ မဝင်းဝင်းမော်(ဘ)ဦးမြင့်လွင် နှင့် မနန်းခရောင်း(ဘ) ဦးမော်ဘွား တို့လိုက်ပါလာသည့် ဆူဇူကီး အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2M/--— အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ကြက်သွန်ဖြူအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၅၀၀)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရေး သိမ်ဇရပ်နယ်မြေရဲစခန်းနှင့် မြိုင်ကလေးနယ်မြေ ရဲစခန်းများသို့ နစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။