ဗြိတိန်အတွက် ဘက်စုံအသုံးဝင်လာမယ့် တစ်ခါသုံးဥရောပကျီးကန်း

ဗြိတိန်အတွက် ဘက်စုံအသုံးဝင်လာမယ့် တစ်ခါသုံးဥရောပကျီးကန်း

Jackdaw ဆိုတာ ဥရောပကျီးကန်းတစ်မျိုးကို ခေါ်တာပါ။ ဒါကြောင့် ဒီနေရာမှာ Jackdaw အစား ဥရောပ ကျီးကန်းလို့သာ သုံးနှုန်းသွားပါမယ်။

အခုတင်ပြချင်တဲ့ ဥရောပကျီးကန်းဆိုတာက တိရစ္ဆာန်တစ်ကောင်အကြောင်း မဟုတ်ပါဘူး။ ဥရောပ ကျီးကန်းလို့ အမည်ပေးထားတဲ့ မောင်းသူမဲ့လေယာဉ်တစ်မျိုးအကြောင်းပါ။

ဥရောပကျီးကန်းကို ထုတ်ဖော်ပြသလိုက်တာက ဗြိတိန်နိုင်ငံအခြေစိုက် QinetiQ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ဥရောပကျီးကန်းက သမားရိုးကျမဟုတ်ပါဘူး။ တစ်ခါသုံးမောင်းသူမဲ့လေယာဉ် အမျိုးအစားပါ။ အထူးသဖြင့် အုပ်ဖွဲ့လိုက်ပျံသန်းမှုနဲ့ မောင်းသူပါ၊ မောင်းသူမဲ့ အုပ်စုဖွဲ့ခြင်းအပါအဝင် အလိုအလျောက် လုပ်ငန်းများကို စုပေါင်းလုပ်ဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဥရောပကျီးကန်းအနေနဲ့ ကင်းထောက်ခြင်း၊ အီလက်ထရွန်နစ်စစ်ဆင်ရေး ဆောင်ရွက် ခြင်း၊ လေကြောင်းတည်ကြက်အဖြစ် အသုံးချခြင်းနဲ့  ခြိမ်းခြောက်ခြင်းတို့အပါအဝင် များပြားလှစွာသော စစ်ဆင်ရေးများကို ထမ်းဆောင်နိုင်မှာပါ။

ဒီလို  စွမ်းဆောင်ရည်တွေရှိလို့လည်း ဗြိတိန်တပ်မတော်အတွက်  စစ်ဆင်ရေးအန္တရာယ်တွေကို လျော့ပါး သွားစေနိုင်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွေကို တိုးတက်လာစေနိုင်ပါတယ်။

ဥရောပကျီးကန်းကို ထုတ်လုပ်ရမယ့်ကုန်ကျမှုစရိတ်ကလည်း အလွန်ကိုနည်းပါးတာကြောင့် တန်ဖိုး အလွန်မြင့်မားလှတဲ့ မောင်းသူပါလေယာဉ်တွေကို အသုံးပြုနိုင်မှုအကန့်အသတ်ရှိ အခြေအနေမျိုး တွေမှာ  မောင်းသူမဲ့ဥရောပ ကျီးကန်းတွေကို လျင်မြန်စွာဖြန့်ကြက်အသုံးပြုနိုင်မှာပါ။

ဒါ့အပြင် ဥရောပတောကျီးကန်းတွေကို တခြား မောင်းသူမဲ့ယာဉ်များ၊ မောင်းသူပါယာဉ်များနဲ့ ပေါင်းစပ် ပြီး အသုံးပြုလိုက်မယ်ဆိုရင် စစ်ဆင်ရေးအပေါ်ထိရောက်မှုက အလွန်ကို မြင့်မားလာပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး။ စစ်သည်တွေရဲ့ အသက်အန္တရာယ်ရှိမှုကို လျော့ကျစေနိုင်ပြီး စစ်ဆင်ရေး ဆောင်ရွက်မှု ကုန်ကျစရိတ်သည်လည်း  များစွာသက်သာသွားစေဦးမှာပါ။

လက်ရှိအချိန်မှာ ဥရောပကျီးကန်းဆိုတာ အတွေးအခေါ် အယူအဆအဆင့်မှာသာ ရှိပါသေးတယ်။ ဒီအတွေးအခေါ်ကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ငွေကုန်ကြေးကျနည်းပါးစေတဲ့ လေကြောင်းစွမ်းရည် များကိုဖော်ထုတ်မယ့် QinetiQ ရဲ့လုပ်ငန်းကျွမ်းကျင်မှုကို  ပိုမိုမြင့်မားလာစေတာပါ။

QinetiQ ကလိုချင်တဲ့ လူသားနဲ့စက်ပစ္စည်းတို့ရဲ့ ပေါင်းစပ်စွမ်းဆောင်ရည် မြင့်မားစေဖို့အတွက် လည်း ဥရောပကျီးကန်းက ဆောင်ကြဉ်းပေးဦးမှာပါ။

“ဥရောပကျီးကန်းရဲ့စနစ်က NATO တပ်ဖွဲ့အပြင် မဟာမိတ်တပ်ဖွဲ့များရှိ စစ်လက်နက်ပစ္စည်းများနဲ့ ပေါင်းစပ်သွားနိုင်ရေးဖြစ်တဲ့အပြင် ရှိပြီးသားနဲ့ဖြစ်ပေါ်လာမယ့် မောင်းသူပါ၊ မောင်းသူမဲ့စနစ်များနဲ့ အပြန်အလှန် ဆက်စပ်အကျိုးပြုနိုင်စေဖို့ ဖြစ်ပါတယ်။ ဒီလိုမျိုးပေါင်းစပ်နိုင်မှုကြောင့် ဥရောပကျီးကန်း ဟာ ဝေဟင်၊ ရေပြင်နဲ့ မြေပြင်တပ်ဖွဲ့များအတွက် အလွန်အသုံးဝင်တဲ့ လက်နက်တစ်မျိုးဖြစ်လာမှာပါ” လို့ QinetiQ ကုမ္ပဏီမှ အကြီးတန်းတာဝန်ရှိသူ မစ်အန်ဒရေးကပြောပါတယ်။

ဥရောပကျီးကန်းဟာ တစ်ခါသုံးဖြစ်တဲ့အပြင် ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးတာကြောင့်လည်း  တပ်မှူးများအနေနဲ့ စစ်ဆင်ရေးအရ လိုအပ်လာတယ်ဆိုရင် သူတို့ကိုစတေးလိုက်လို့ရပါတယ်။ ဒီလို    မောင်းသူမဲ့လေယာဉ်မျိုးကို အမေရိကန်ကလည်း ထုတ်လုပ်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။ ဒါကြောင့် ဥရောပကျီးကန်းထွက်ပေါ်လာခြင်းဟာ  NATO တပ်ဖွဲ့အတွက် အဓိကထားဖန်တီးမှုမျိုးဖြစ်နိုင်ပါတယ်။

BAE Systems၊ Inzpire တို့နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ ဥရောပ ကျီးကန်း ဟာ စစ်ဆင်ရေးတာဝန်များကို ဖြောင့်ဖြောင့်တန်တန်း ဆောင်ရွက်နိုင်ဦးမှာဖြစ်ပြီး သူ့ကို လျင်လျင် မြန်မြန် ဖြန့်ကြက်နိုင်ကာ ပင်မစစ်ဆင်ရေးဌာနကနေ အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ QinetiQ က ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်း ၄ ရပ်အတွက် ဥရောပကျီးကန်းများကို ဖန်တီးဖို့ ကြံရွယ်နေတာဖြစ်ပါတယ်။ အဲဒါတွေကဘာတွေလဲဆိုတော့ ISR၊ အီလက်ထရွန်နစ် စစ်ဆင်ရေး၊ တိုက်ရိုက်နဲ့သွယ်ဝိုက်တည်ကြက်နဲ့ ရှုပ်ထွေးတဲ့ ခြိမ်းခြောက်မှုတို့ပဲ ဖြစ်ပါတယ်။

ပထမဆုံးဖြစ်တဲ့ ISR ဆိုတာက တပ်မှူးများအနေနဲ့ မြေပြင်အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေကို ကောင်းစွာ သိရှိနိုင်စေဖို့အတွက် ကင်းထောက်ခြင်းနဲ့ ထောက်လှမ်းရေးသတင်းများကို စုဆောင်းမှု ဖြစ်ပါတယ်။

အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုတာကတော့ ရန်သူကိုတုံ့ပြန်နိုင်ရေးအတွက် လျှပ်စစ်သံလိုက်လှိုင်း ရောင်စဉ်တန်းများကို အသုံးချခြင်းဖြစ်ပါတယ်။

တည်ကြက်အဖြစ် အသုံးချမှုဆိုတာအရေးပါတဲ့ဘဝများနဲ့ စစ်လက်နက်ပစ္စည်းများကို ကာကွယ်နိုင်ရေး အတွက် အစားထိုးအသုံးချမှုဖြစ်ပါတယ်။

ရှုပ်ထွေးတဲ့ ခြိမ်းခြောက်မှုဆိုရာမှာ သူတို့ဟာ အုပ်စုဖွဲ့တည်ရှိနေတဲ့ အန္တရာယ်များ၊ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားပြီး လေ့ကျင့်နိုင်တဲ့၊ စစ်ဆင်ရေးအရအသင့်ဖြစ်တဲ့ ခြိမ်းခြောက်မှု များကို ခေါ်ဆိုတာပါ။

ဥရောပကျီးကန်းရဲ့ပုံစံဟာ စံချိန်ကိုက်မော်ဂျူးပုံစံနဲ့လာမှာဖြစ်ပြီး သတ်မှတ်ပစ္စည်းအလေးချိန် ၆၆ ပေါင် ကို တင်ဆောင်နိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။

စစ်နယ်ဝန်းတစ်ခုအတွင်း မြေပြင်အမြင့်ပေ ၃၀၀၀၀ ကျော်ကနေ တစ်နာရီကီလိုမီတာ ၇၄၀ နှုန်းနဲ့ သုံးနာရီကျော်ကြာအောင် ပျံသန်းနိုင်မှာပါ။

ဥရောပကျီးကန်းကို ဗြိတိန်မှာ ဒီဇိုင်းရေးဆွဲ၊ ထုတ်လုပ်၊ စမ်းသပ်ခြင်းဖြစ်ပေမယ့်လည်း တခြား နိုင်ငံများမှာရှိတဲ့ တပ်မတော်များအနေနဲ့လည်း ကိုယ်လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေကို အလွယ်တကူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ QinetiQ ကုမ္ပဏီက ဥရောပကျီးကန်းများကို ထုတ်လုပ်နိုင်စေဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီး ၂၀၂၅ ခုနှစ်ကစလို့ အသုံးပြုနိုင်စေမှာဖြစ်သလို သူ့ကိုအသုံးပြုမှု အချိန်ကြာ လာတာနဲ့အမျှ တီထွင်ဆန်းသစ်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေကိုလည်း ပိုမိုလုပ်ဆောင်လာ နိုင်မှာ ဖြစ်ပါတယ်။                 

Ref: IE

ကိုထက်