ဆူညံမှုလျှော့ချစနစ်နဲ့ ဘက်ထရီအားပိုခံလာတဲ့ Redmi Buds 5 နားကြပ်များ
ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ နေရာတစ်ခုကိုရရှိလာပြီဖြစ်တဲ့ Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ Redmi Note 13 စမတ်ဖုန်း များနဲ့အတူ ဈေးနှုန်းသက်သာတဲ့ ကြိုးမဲ့နားကြပ်တစ်မျိုးကိုပါ တစ်ပါတည်း ထုတ်လုပ် မိတ်ဆက် လိုက်ပါတယ်။ သူကတော့ Redmi Buds 5 ပါပဲ။ ဒီတစ်ခေါက်ထုတ်လုပ်လာတဲ့ နားကြပ်မှာ တော့ အရင်နားကြပ်များနဲ့မတူဘဲ အဆင့်မြင့်နားကြပ်များမှာသာပါဝင်တဲ့ လုပ်ဆောင်ချက် တချို့ကို ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။ ဒါဟာ သူတို့အတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုလို့ တောင်ဆိုနိုင်ပါတယ်။
အထင်ရှားဆုံးသော လုပ်ဆောင်ချက်တစ်ခုကတော့ 46 dB ရှိတဲ့ ဆူညံသံကိုလျှော့ချပေးမှုစနစ်ပါပဲ။ အဲဒီစနစ်ကိုအသုံး ပြုမယ်ဆိုရင် ဆူညံသံလျှော့ချမှုကို ချိန်ညှိနိုင်ပါသေးတယ်။
ဒီလိုချိန်ညှိဖို့အတွက် အနေအထား သုံးမျိုးပါဝင်ပါတယ်။ တကယ်လို့ကိုယ်က နားမှာနားကြပ်တပ် ထားရင်းနဲ့ ပြင်ပက အသံတွေကို သဲသဲကွဲကွဲကြားချင်တယ်ဆိုရင်ဖြင့် ဆော့ဝဲကို အသုံးပြုပြီး ပြောင်းလဲ နိုင်ပါသေးတယ်။
နောက်ထပ်ထင်ရှားတဲ့ လုပ်ဆောင်ချက်က အသံအရည်အသွေးပါ။ အရင်ကထက် အသံအရည်အသွေး ပိုကောင်းလာစေဖို့ တိုင်တေနီယံသုတ်လိမ်းထားတဲ့အလွှာပါးကို 12.4 မီလီမီတာရှိတဲ့ driver များနဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။
ဘက်ထရီ သက်တမ်းဆိုရင်လည်း မထင်ထားလောက်အောင် ပိုကောင်းလာတာကို တွေ့ရပါတယ်။ ဘူးခွံကို အားအပြည့်သွင်းထားတယ်ဆိုရင် နားကြပ်ကိုအသုံးပြုနိုင်မှု အချိန်အတိုင်းအတာက နာရီပေါင်း ၄၀ ရှိပါတယ်။
ဒါ့အပြင် အမြန်အားသွင်းစနစ်လည်း ပါဝင်တာကြောင့် ငါးမိနစ်လောက် အားသွင်းလိုက်ရုံနဲ့ နှစ်နာရီကြာ အသုံးပြုနိုင်ဦးမှာပါ။ Xiaomi က ဒီနားကြပ်ကိုထုတ်လုပ်ရာမှာ အထူးထုတ်အနေနဲ့ ထုတ်လုပ်ထားတာ တစ်မျိုးရှိပါသေးတယ်။ အဝတ်အစားကုမ္ပဏီဖြစ်တဲ့ AAPE နဲ့ ပူးပေါင်းပြီးတော့ပေါ့။ အထူးထုတ် ဒီဇိုင်းက ပြောက်ကျားပုံစံဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Redmi Buds 5 ကြိုးမဲ့နားကြပ်ကို တရုတ်ပြည်တွင်း ဈေးကွက်မှာသာ ရရှိနိုင်ဦးမှာ ဖြစ်ပြီး အနိမ့်ဆုံးဈေးက ၁၉၉ ယွမ်ရှိပါတယ်။ အထူးထုတ်ဒီဇိုင်းကိုလိုချင်ရင်တော့ ၂၉၉ ယွမ်ပေးရမှာပါ။
Ref: GSMArena
ကိုထက်