စစ်သည်များကိုင်ဆောင်နိုင်မယ့် အကြမ်းခံစမတ်ဖုန်းနှစ်မျိုးကို ဆမ်ဆောင်းမိတ်ဆက်လာ

စစ်သည်များကိုင်ဆောင်နိုင်မယ့် အကြမ်းခံစမတ်ဖုန်းနှစ်မျိုးကို ဆမ်ဆောင်းမိတ်ဆက်လာ

စမတ်ဖုန်းဆိုတာ သာမန်အရပ်သားများသာမက ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သည်များပါ အသုံးပြုလာကြပါတယ်။ ဒါပေမဲ့ အကြမ်းမခံတဲ့အတွက်   အလွယ်တကူ ပျက်စီးမှုတွေ ဖြစ်လာတာတော့အမှန်ပါပဲ။

ဒီလိုအခြေအနေကို ကျော်လွှားနိုင်စေဖို့အတွက် ဆမ်ဆောင်းကုမ္ပဏီက အကြမ်းဖက်စမတ်ဖုန်းနှစ်မျိုးကို ထုတ်လုပ်မိတ်ဆက်လိုက်ပါပြီ။ အမျိုးအစားကတော့ Galaxy S23 Tactical Edition  နဲ့ Galaxy Xcover6 Pro Tactical Edition တို့ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေက သာမန်ဖုန်း အမျိုးအစားတွေနဲ့ ဘာတွေ ကွာသွားလဲဆိုရင် အကြမ်းခံနိုင်မှုအပိုင်းမှာ   အဓိကကွာခြား သွားတာပါ။

Galaxy Xcover6 Pro Tactical Edition က ကြမ်းတမ်းတဲ့ ရာသီဥတုကို ကြံ့ကြံ့ခံနိုင်ပြီး ရေစိမ်ခံနိုင်မှု အတိုင်းအတာမှာလည်း ရေအနက် ၅ ပေမှာ နာရီဝက်အထိ ခံနိုင်စွမ်းရှိ ပါတယ်။ Galaxy S23 Tactical Edition ကတော့ IP68-rated ဖြစ်တဲ့အပြင် အကြမ်းခံတဲ့ စစ်သုံးဖုန်းအစွပ်နဲ့ လာတာကြောင့် သူ့ကိုရင်ဘတ်မှာ ချိတ်နိုင်ရုံသာမက လက်ဖျံမှာ ပါချိတ်ပြီးအသုံးပြုနိုင်မှာပါ။ ဒါ့အပြင် အဲဒီဖုန်း အမျိုးအစားနှစ်မျိုးစလုံးဟာ စစ်ဘက်မှာအသုံးပြုနေတဲ့ ညကြည့်ကိရိယာများနဲ့ အကောင်းဆုံး တွဲဖက်အသုံးပြုနိုင်ဖို့အတွက် night vision mode ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ auto-touch အာရုံခံစနစ်ပါဝင်တဲ့အတွက် စစ်သည်ဟာ လက်အိတ်စွပ်ပြီး အသုံးပြုမယ် ဆိုရင်တောင် ဖုန်းကို အလွယ်တကူအသုံးပြုနိုင်မှာပါ။

စစ်မြေပြင်မှာအသုံးပြုသူများကိုအဆင်ပြေစေမယ့် နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ပြင်ပ GPS နဲ့ချိတ်ဆက် အသုံးပြုနိုင်ခြင်းပါပဲ။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းဆောင်ရည်တိုးမြင့်စေဖို့အတွက် တခြားသော စစ်ဆင်ရေးသုံးပစ္စည်းများနဲ့ တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။

ဆက်သွယ်မှု စွမ်းဆောင်ရည်ပိုင်းနဲ့ ပြောရမယ်ဆိုရင် သမားရိုးကျဆက်သွယ်မှု နည်းစနစ်များသာမက ရေဒီယို ဆက်သွယ်မှုစနစ်များလည်း ပါဝင်ပါသေးတယ်။ အဲဒီထဲမှာ ဆိုက်ဘာလုံခြုံရေးကလည်း   မရှိမဖြစ်တဲ့ အနေအထားကနေ ပါဝင်ပါတယ်။

ဆိုက်ဘာလုံခြုံရေးအတွက် ဆမ်ဆောင်းက DualDAR စနစ်ကိုအသုံးပြုထားတာကြောင့် လျှို့ဝှက်မှု စနစ်ကို နှစ်ဆင့်ခံထားတဲ့အတွက် အရေးကြီးလျှို့ဝှက်အချက်အလက်တွေကို ကောင်းစွာ ကာကွယ်ပေး နိုင်စွမ်းရှိပါတယ်။ တကယ်လို့များ ဖုန်းကိုပါဝါပိတ်ထားတယ်ဆိုရင်တောင်မှ အဲဒီအချက်အလက် တွေကို ကာကွယ်ပေးနေနိုင်မှာပါ။

အင်တာနက်ကိုအသုံးပြုနေရတဲ့ ဒီနေ့ခေတ်ကြီးမှာ စစ်သည်တွေဆီကနေ အချက်အလက်တွေ မပေါက်ကြားစေဖို့နဲ့ ဖုန်းကိုဟက်ခံရခြင်းမှ ကာကွယ်နိုင်စေဖို့ ဆမ်ဆောင်းက VPN ကိုလည်း ထည့်ပေး ထားပါသေးတယ်။ ဒါကြောင့် လုံခြုံရေးအတွက် VPN အမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်မှာပါ။

လုပ်ဆောင်နိုင်စွမ်းနဲ့ ပတ်သက်ရင် Galaxy S23 Tactical Edition က Galaxy Xcover6 Pro Tactical Edition ထက် ပိုပြီးလုပ်နိုင်စွမ်း မြင့်မားပါတယ်။ ဈေးနှုန်းက တော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုစမတ်ဖုန်းတွေကို သာမန်ပြည်သူတွေအတွက် ရောင်းချ သွားဖွယ်မရှိဘဲ စစ်သည်တွေကိုသာ သီးသန့်ရောင်းချသွားဖို့ ရှိနေတဲ့ အတွက်ပါပဲ။           

Ref: GSMArena

ကိုထက်