ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိ စာချုပ်များချုပ်ဆိုနိုင်ခဲ့တဲ့ တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ

ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိ စာချုပ်များချုပ်ဆိုနိုင်ခဲ့တဲ့ တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ

တရုတ်နိုင်ငံနဲ့ အာရပ်နိုင်ငံများကြား ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ် ကျင်းပတဲ့ ကုန်စည်ပြပွဲကတော့ စက်တင်ဘာ ၂၄ ရက်မှာပြီးဆုံးခဲ့ပါပြီ။ ဒီပြပွဲမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီများနဲ့ အာရပ်ကမ္ဘာမှ ကုမ္ပဏီများကြား ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူ စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီလိုစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကဏ္ဍများကတော့ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အစိမ်းရောင် စွမ်းအင်သို့ ကူးပြောင်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများဖြစ်တယ်လို့ ပြည်တွင်း သတင်းဌာန များက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းကစလို့ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများနဲ့ ဆက်ဆံရေးကို ပိုမိုရင်းနှီးမှုရှိအောင် တည်ဆောက်လာနေတာ တွေ့ရပါတယ်။ အဓိကကတော့ အမေရိကန်ရဲ့ စိတ်ဝင်စားမှုနဲ့ လွှမ်းမိုးမှုကျဆင်းလာတဲ့ဒေသမှာ တရုတ်ကဝင်ရောက်နေရာယူတာပါ။

ကုန်သွယ်ရေးဘက်မှာဆိုရင်လည်း တရုတ်နိုင်ငံက ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတို့ကြား သံတမန် ဆက်ဆံရေး ပြန်လည်အဆင်ပြေစေဖို့ ကြားကနေ ကြိုးစားအားထုတ်ပေးခြင်းအားဖြင့် သူ့ရဲ့ပုံရိပ်ကို ပိုပြီးမြှင့်တင်လာနိုင်ခဲ့ပါတယ်။

အခုတစ်ကြိမ်ကျင်းပတဲ့ ကုန်စည်ပြပွဲက ခြောက်ကြိမ်မြောက်ပါ။ ဒီပွဲကို နင်းရှားဒေသရှိ ယင်ချွမ်မြို့မှာ ကျင်းပတာဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ တာဝန်ရှိသူများနဲ့ တရုတ်နိုင်ငံရှိ ပြည်ပ ကုမ္ပဏီများမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်တို့က တက်ရောက်ခဲ့ပါတယ်။ ပြည်ပကုမ္ပဏီများမှ ပြခန်းငယ်ပေါင်း ၂၂၀ ကျော်နဲ့ တရုတ်ကုမ္ပဏီများမှ ပြခန်းငယ်ပေါင်း ၁၅၀ ကျော်တို့နဲ့ ဝေေ၀ဆာဆာပြသနိုင်ခဲ့တာဟာ အခု ကျင်းပတဲ့ ကုန်စည်ပြပွဲရဲ့ အောင်မြင်မှုတစ်ရပ်ပါ။

ဒီကုန်စည်ပြပွဲမှာ နည်းပညာလွှဲပြောင်းပေးမှုနဲ့ ဖန်တီးဆန်းသစ်မှုညီလာခံတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါ သေးတယ်။ ဒီညီလာခံကနေတစ်ဆင့် သဘောတူညီချက် ၈ ရပ်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ တွေ့ရပါ တယ်။

အထူးသဖြင့် အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ ကာတာတို့လိုမျိုးနိုင်ငံများမှ သုတေသနအဖွဲ့အစည်းများနဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီများကြား ကန္တာရဖြစ်ပေါ်မှုကို တားဆီးကာကွယ်ရေးနဲ့ စမတ်စိုက်ပျိုးရေး နည်းပညာရပ်တို့မှာ သဘောတူညီချက်များ ရရှိခဲ့တာပါ။

ကုန်စည်ပြပွဲ တာဝန်ခံတစ်ယောက်က သူ့ရဲ့ Wechat အကောင့်မှာတင်ထားတဲ့ အကြောင်းအရာ အရဆိုရင် တရုတ်နဲ့ အာရပ်နိုင်ငံများက စိုက်ပျိုးရေးနယ်ပယ်မှာ အပြန်အလှန်ဖလှယ်မှုတွေ ပိုမိုခိုင်မာ စေဖို့လိုအပ်တယ်ဆိုတာကို သဘောတူကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စိုက်ပျိုးရေး နယ်ပယ်တစ်ခုတည်းမှာပဲ ရရှိခဲ့တဲ့သဘောတူညီချက်တွေက ယွမ် ၃ ဒသမ ၄ ဘီလီယံအထိ တန်ဖိုးရှိတာကို တွေ့ရပါတယ်။

အဓိကက တရုတ်ကုမ္ပဏီတွေက ဒီပြပွဲမှာ သူတို့ရဲ့ စိုက်ပျိုးရေး၊ ရေကြောင်းနဲ့ ညစ်ညမ်းမှု ကင်းစင် နည်းပညာအမျိုးပေါင်း ၃၀၀ ကျော်ကိုပြသခဲ့တာဖြစ်ပြီး ဒီနည်းပညာတွေဟာဆိုရင်လည်း အာရပ်နိုင်ငံ များရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမှုရှိနေတာဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်က စမ်းသပ်ထားတာတွေ ရှိပါတယ်။ အထူးသဖြင့်  မောရစ်တေးနီးယားနိုင်ငံရှိ တရုတ်တိရစ္ဆာန်မွေးမြူရေး နည်းပညာဌာနက ဒီလိုစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာပါ။

အဲဒီမှာ တရုတ်သိပ္ပံပညာရှင်များက မြေဆီလွှာရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံသာမက မွေးမြူရေး လုပ်ငန်းအတွက် လိုအပ်တဲ့အစာ ၃၄ မျိုးကိုလည်း ဖော်စပ်စိုက်ပျိုးပေးနိုင်ခဲ့ပါတယ်။

တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းလုပ်တယ်ဆိုတာ မြောက်အာဖရိကနိုင်ငံရဲ့ အဓိကလုပ်ငန်းကြီးတွေထဲက တစ်ခုပါ။ ဒါပေမဲ့ အဲဒီမှာရှိတဲ့မြေယာ ၈၀ ရာခိုင်နှုန်းက လွင်တီးခေါင်ပြင်ဖြစ်ပြီး နွေရာသီကလည်း အလွန်ကို ရှည်ကြာလှပါတယ်။

ဒါကြောင့် သမားရိုးကျမွေးမြူရေးနည်းစနစ်က အဆင်မပြေပါဘူး။ အဓိကကတော့ မွေးမြူရေးလုပ်ငန်း အတွက် လိုအပ်တဲ့ အစာစိုက်ပျိုးထုတ်လုပ်မှုရှိဖို့လိုအပ်တာပါ။

ဒီလိုအပ်ချက်ကို တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက သွားရောက်လေ့လာမှုတွေလုပ်ပြီး အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ အဲဒီနည်းပညာကို အခုကုန်စည်ပြပွဲမှာ အာရပ်နိုင်ငံများက အလွန်ကြိုက်နှစ်သက်ကြတာကိုတွေ့ရပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ခေတ်မီစိုက်ပျိုးရေးဓာတ်ခွဲခန်းငါးခုနဲ့ သရုပ်ပြစီမံကိန်း ၅၀ တို့ကို ပူးတွဲ တည်ထောင်ဖော်ဆောင်သွားဖို့နဲ့ တရုတ်သိပ္ပံပညာရှင်အယောက် ၅၀၀ ကို အာရပ်နိုင်ငံ များသို့ စေလွှတ်ပေးသွားဖို့တို့ကို ကတိပြုထားပါသေးတယ်။ အထူးသဖြင့် အာရပ်နိုင်ငံများမှာ ကောက်ပဲသီးနှံများ အထွက်နှုန်းတိုးစေဖို့အတွက် အကူအညီပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီလိုအကူအညီပေးမှုတွေကနေတစ်ဆင့် တစ်စထက်တစ်စကြီးထွားလာတာက တရုတ်နဲ့ အာရပ်နိုင်ငံ များကြား ကုန်သွယ်ရေးပမာဏပါ။

တရုတ်နိုင်ငံနဲ့ အာရပ်နိုင်ငံများကြား ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်ကထက် နှစ်ဆပိုများလာ တာဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံနဲ့အာရပ်နိုင်ငံများကြားက ဆက်ဆံရေးဟာ ထင်ထားတာထက်ပင် အတိုင်းထက် အလွန်ကောင်းမွန်နေတာကြောင့် ရှေ့လျှောက်ဖွံ့ဖြိုး တိုးတက်မှုများကိုသာ တွေ့နေရတော့မှာ အမှန်ပင် ဖြစ်ပါတော့တယ်။

Ref: SCMP