(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

ဟန်ကျိုး  စက်တင်ဘာ  ၂၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ဒေသစံတော်ချိန် ၈ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အား ကစားရုံများ၌ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေး ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဟန်ကျိုးမြို့ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပသည့် ဝူရှူးအားကစား ပြိုင်ပွဲတွင် မြန်မာ အသင်းမှ မမြတ်နိုးအိမ်က ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် အားကစားနည်းများ ဝင်ရောက် ယှဉ်ပြိုင် ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် အားကစားရွာ၌ နိုင်ငံတကာ အားကစားသမားများ နေထိုင်ရန် စီစဉ်ထားသည့် အဆောက်အဦများကို ကြည့်ရှုပြီး မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးခန်း ပြင်ဆင်ဖွဲ့စည်းထားမှုကို လိုက်လံကြည့်ရှုကာ အုပ်စုပြိုင်ပွဲများတွင် နှစ်ပွဲအနိုင် ရရှိထားသော E-Sports အားကစားသမားများကို အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟန်ကျိုးမြို့ Xiaoshan Sports Center ၌ အမျိုးသား ယူ-၂၄ အုပ်စုပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအားကစားပွဲများမှ ဝူရှူး(အမျိုးသား)ပြိုင်ပွဲ၊ ဘောလုံး (အမျိုးသမီး) အုပ်စုပြိုင်ပွဲ ပွဲစဉ်(၁၂) မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းတို့   ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(၅၀၀)