ဂျိုးဘိုင်ဒင်လက်ထက်တွင် အရှေ့ဗဟိုပြုဝါဒ ပြန်လည်အသက်ဝင်လာနိုင်သည့် အာရှဒေသ

နိုဝင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ  ထိပ်သီးအစည်း အဝေး၌ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရီယန်က အမေရိကန် နှင့်အာဆီယံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရေးပါလာပြီဖြစ်ကြောင်းနှင့် အကောင်း ဆုံးအခြေ အနေရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ အာဆီယံဘက်သို့  ယခုမှ  ခြေဦး လှည့်လာသည့်  အမေရိကန်၏ နိုင်ငံခြား ရေးမူဝါဒဖြစ်သည်။

မကြာသေးမီက ဂျပန်နှင့်တောင်ကိုရီးယားတို့ကို တရုတ်အပေါ် ဖိအားပေးရန် အမေရိကန်က လူသိရှင်ကြား တိုက်တွန်းခဲ့ပြီး တရုတ်၏ ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) သည် အာဆီယံနိုင်ငံများ အပါအဝင် ဂျပန်နှင့် တောင်ကိုရီးယားတို့ လက်မှတ်မရေးထိုးမီအချိန်ကဖြစ် သည်။ RCEP တွင် အာဆီယံနိုင်ငံများအပြင် တောင်ကိုရီးယားနှင့်ဂျပန်တို့ သာမက သြစတြေးလျပင် ပါဝင်နေသည်။

ထို့ကြောင့် ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်း ကို လွှမ်းခြုံသက်ရောက်မည့် ယင်းသဘော တူညီချက်က ကမ္ဘာပေါ်၌ အကြီးမားဆုံး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဖြစ်လာနိုင်ပြီး ကမ္ဘာ့စီးပွားရေး ၃၀ ရာခိုင်နှုန်း ကို လည်ပတ်စေမည့်နေရာတစ်ခု ဖြစ်လာနိုင်သည်။

အချိန်တိုအတွင်း အာဆီယံသြဇာ ချဲ့ထွင်နိုင်မှုနှင့် အာရှဒေသတွင်းအကောင် အထည်ဖော်လာနိုင်ပြီဖြစ်သော တရုတ်၏ မဟာဗျူဟာမြောက် စီမံကိန်းများဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို ဦးတည်မောင်းနှင် နေသူ ဂျက်အင်ဂျင်အဖြစ် ယခုအချိန်ထိ တရုတ်က နေရာယူထားဆဲဖြစ်ကာ တစ်ကမ္ဘာလုံး GDP စီးဆင်းမှု၏ ၂၅ ရာခိုင် နှုန်းသည် တရုတ်နိုင်ငံမှ လာခြင်းဖြစ်သည်။

ယခု ကမ္ဘာ့ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်းကို တရုတ်တို့ ထပ်မံချုပ်ကိုင်ခွင့်ရရှိဦးမည် ဖြစ်သည်။ ကမ္ဘာပေါ်၌ အလျင်မြန်ဆုံးဖွံ့ဖြိုး လာသည့်ဒေသက အာရှ-ပစိဖိတ်ဒေသဖြစ် ကာ ထိုအထဲတွင် လူဦးရေတစ်ဘီလီယံ ရှိသည့် အာဆီယံ အသိုက်အမြုံဆိုလျှင်လည်း ဖွံ့ဖြိုးမှုအားအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရကာ အင်ဒိုနီးရှားကဲ့သို့ ၂၀၅၀ ပြည့်နှစ်တွင်  ကမ္ဘာ့စီးပွားရေး အင်အားကြီး ၁၀ နိုင်ငံစာရင်းဝင်လာနိုင် သောနိုင်ငံနှင့်  စင်ကာပူကဲ့သို့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးနိုင်ငံများရှိနေသည်။

ထို့ပြင် အာရှဒေသ၌ ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး တရုတ်၊ တတိယအကြီး ဆုံး ဂျပန်နှင့် အနာဂတ် IT မြို့တော်ဖြစ် လာမည့် တောင်ကိုရီးယား၊ ကမ္ဘာ့စီးပွားရေး အမြန်ဆုံးဖွံ့ဖြိုးလာပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိသော ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး အိန္ဒိယနိုင်ငံရှိနေသည်။ ထို့ကြောင့် အမေရိကန်၏ မူဝါဒများက အိုဘားမားပထမသက်တမ်းကတည်းက ပြောင်းလဲခဲ့ကာ အာရှဗဟိုပြုရေးမူဝါဒ (Pivot Asia) ဘက်သို့ ဦးတည်ပြောင်းလဲ လာခဲ့သည်။

ထို့ကြောင့် စီးပွားရေးအရ တရုတ်နှင့် အဆင်ပြေပြီး စစ်ရေးအရ တင်းမာမှုရှိနေသည့် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှား ကဲ့သို့ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားနိုင်ငံများအပြင် အာဆီယံဒေသတွင်း နိုင်ငံများသို့ အမေရိကန်တို့ ထဲထဲဝင်ဝင် ပြန်လည်ဝင်ရောက်လာရန် ကြိုးပမ်းခဲ့သည်။ ဖိလစ်ပိုင်မှ စစ် အခြေစိုက်စခန်းများကို အဆင့်မြှင့်တင်ခဲ့သည်အထိ အမေရိကန်တို့ စစ်ရေးပြင်ဆင်ခဲ့ကာ အိုဘားမား ၏ရည်ရွယ်ချက်က ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် စစ်တပ်ထက်ဝက်ခန့် အာရှ-ပစိဖိတ်သို့ ရွှေ့ပြောင်း ရေးဖြစ်သည်။

စီးပွားရေးဆိုလျှင်လည်း တရုတ်၏ ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်ရေးကွန်ရက်ကို တန်ပြန်နိုင်ရန် ပစိဖိတ် ဖြတ်ကျော် စီးပွားရေးစီမံကိန်း (TPP) ကို အသက် သွင်းခဲ့ပြန်ကာ ယခု ထိုအရာအားလုံးက ဖြစ်မလာဘဲ တရုတ်တို့၏ စီမံကိန်းများကသာ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်။ နောက်ဆုံး ကမ္ဘောဒီးယား၌ ရေငုပ် သင်္ဘောအခြေစိုက်စခန်း တည်ဆောက်ရန် ကြိုးစားနေခြင်းကအစ စစ်ရေးချဲ့ထွင်နိုင်သည့်စွမ်းအား မြင့်တက် လာသည်။

ဒေါ်နယ်ထရမ့်တက်လာသည့် လေးနှစ်အတွင်း တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကြားထဲ တောင်တရုတ် ပင်လယ်ပြင်သို့ လေယာဉ် တင်သင်္ဘောနှစ်စင်း လွှတ်ခဲ့သည့်လုပ်ရပ်များက အာရှဒေသတွင်း တရုတ်တို့ အကောင်အထည်ဖော်နေသည့် မဟာဗျူဟာမြောက်စီမံကိန်းများက မရပ်တန့်နိုင်ခဲ့ပေ။ ယခု အမေရိကန်၏ အဓိကအာရှ မဟာမိတ်အဖြစ် သတ်မှတ်ခံထားရသည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ပါသဘော တူညီချက်တွင် ပါဝင်သည်။

အမေရိကန်နိုင်ငံရေးသုံးသပ်သူများက အမေရိကန်တို့  အာရှဒေသတွင်း  အာရုံစိုက်မှုအားနည်းခဲ့သောကြောင့်    တရုတ်တို့၏ စီမံကိန်းများ လျင်မြန်စွာအကောင်အထည်ဖော်လာနိုင်ခဲ့ကြောင်း ဝေဖန်ထားကာ  ဥရောပ သာမက အာရှတွင်လည်း အားလျော့ခဲ့သည့် ထရမ့်၏ နိုင်ငံခြားရေး မူဝါဒဖြစ်သည်။ ထရမ့်၏ လေးနှစ်သက် တမ်းအတွင်း အရှေ့အလယ်ပိုင်းက အာရုံအစိုက်ခံရဆုံးဖြစ်ကာ အစ္စရေး၊ အာရပ် စော်ဘွားများ ပြည်ထောင် စုနှင့် ဘာရိန်းတို့ ချစ်ကြည်ရေးလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းက သမိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

သို့သော် အာရှရေးရာတွင် ထရမ့်က စစ်ရေးအရ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျတို့နှင့် ပေါင်းစည်းပေး နိုင်ခဲ့သော်လည်း စီးပွားရေးအရ မည်သည့်ဆောင်ရွက်ချက်မျှ မည်မည်ရရမရှိခဲ့ပေ။ အမေရိကန်-အာဆီယံ  ထိပ်သီး အစည်းအဝေးသို့ပင် အငယ်တန်းအရာရှိများနှင့်  လက်လွှဲထားခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်နှင့် ဆိုလျှင် သုံးကြိမ်မြောက်ရှိပြီဖြစ်သည်။

ထို့ကြောင့် အာရှ-ပစိဖိတ်၌ တရုတ်တို့၏သြဇာ မသိမသာကြီးထွားပြီးရင်း ကြီးထွားလာကာ စက်မှုထိပ်သီး  (G20) နိုင်ငံများစာရင်း၌လည်း ကြွေးမြီချေးပေး ထားမှု အများဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာ့ အဆင်းရဲဆုံး ၇၃ နိုင်ငံသို့ ချေးထားသည့် ချေးငွေအများစုက G20 နိုင်ငံများထဲတွင် တရုတ်တို့က  အများဆုံးနေရာယူထားကာ ကမ္ဘာ့စင်မြင့်နေရာ အများစုသို့ တရုတ်တို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံး ကိုရိုနာဗိုင်းရပ်ကာကွယ် ထိန်းချုပ်ရေးကာလအတွင်းမှာပင် ဥရောပ အဓိကစီးပွားရေး ဒေါက်တိုင် လုပ်ငန်းကြီးများကို တရုတ်တို့က ဝယ်ယူရန်ကြိုးစားခဲ့ကာ အမေရိကန်ကဲ့သို့ ဥရောပသမဂ္ဂလည်း မရောင်းရ တံဆိပ် တရားဝင်ကပ်လိုက်ရသည်အထိဖြစ်သည်။

ထို့ကြောင့် အိုဘားမား၏ နောက်မှအကောင်းဆုံး ထောက်ပံ့ပေးခဲ့သူအဖြစ် လူသိများသည့်   ဒုတိယသမ္မတ ဟောင်း ယခုရွေးကောက်ခံအမေရိကန်သမ္မတ လက်ထက်တွင် အားလျော့သွားသည့် ဒေါက်တိုင်များနေရာ၌    ပြန်လည်အား ဖြည့်ရန်ရှိနေပြီး ရန်သူအား အနီးကပ်စောင့် ကြည့်သည့်မူဝါဒကို လက်ကိုင်ထားသူများ ဖြစ်သည့်အတွက် တရုတ်နှင့်ကုန်သွယ်ရေး စစ်ပွဲပြီးဆုံးရန် အခွင့်အရေးများစွာ ရှိနေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။                     

 ရှိန်းထက်

Ref;CNN