တစ်ကမ္ဘာလုံးကိုလွှမ်းခြုံနိုင်မယ့် ပထမဆုံးအာကာသအခြေပြု 5G ကွန်ရက်စနစ်

တစ်ကမ္ဘာလုံးကိုလွှမ်းခြုံနိုင်မယ့် ပထမဆုံးအာကာသအခြေပြု 5G ကွန်ရက်စနစ်

ဆက်သွယ်မှုကွန်ရက်စနစ်ဆိုတာ ယနေ့အချိန်အခါမှာ အင်မတန်မှအရေးကြီးလာပြီဖြစ်တဲ့ အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့အမြန်နှုန်းကြောင့်ပါပဲ။

အခုဆိုရင် အင်အားကြီးနိုင်ငံတချို့က ဆက်သွယ်ရေးကွန်ရက်နည်းပညာမှာ မိမိတို့လက်ရှိ အသုံးပြုနေ တဲ့ 4G ကို ကျော်လွန်လို့ 5G ကိုအသုံးပြုနေကြပါပြီ။ တရုတ်နိုင်ငံဆိုရင် 6G ကိုတောင်မှ သုတေသနပြု စမ်းသပ်မှုတွေလုပ်နေပါပြီ။

လက်ရှိအခြေအနေအရ ကမ္ဘာတစ်ဝန်းမှာ 5G ကွန်ရက်လွှမ်းမိုးနိုင်မှုပမာဏက အနည်းငယ်မျှသာ ရှိပါသေးတယ်။ ဒါပေမဲ့  အခုတော့ တက္ကဆက်ပြည်နယ်အခြေစိုက်  ကုမ္ပဏီတစ်ခုက ဒီအခြေအနေကို ကျော်လွှားနိုင်စေမယ့် နည်းလမ်းကိုတွေ့ရှိလိုက်သလို အောင်မြင်စွာလည်း စမ်းသပ်လိုက်နိုင်ပါပြီ။

အဲဒီနည်းလမ်းက ဘာလဲဆိုရင် 5G ဆက်သွယ်ရေးကွန်ရက်စနစ်ကို အာကာသကနေတစ်ဆင့် ပြန်လည် လွှင့်ထုတ်ခြင်း အားဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်စေမယ့်နည်းလမ်းပါပဲ။

တက္ကဆက်ပြည်နယ်အခြေစိုက် AST SpaceMobile ကုမ္ပဏီက အာကာသအခြေပြု 5G ဆက်သွယ် ရေးနည်းပညာရဲ့ အောင်မြင်မှုကို   မကြာသေးခင်က လက်တွေ့သက်သေပြထားနိုင်တာ တွေ့ရပါတယ်။

အဲဒီ လက်တွေ့သက်သေပြမှုမှာ ဟာဝိုင်ယီကျွန်းမှာရှိတဲ့သူ တစ်ယောက်က အဆင့်မြှင့်တင်ထားခြင်း မရှိတဲ့ Samsung Galaxy S22 စမတ်ဖုန်း အသုံးပြုပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့မှာရှိတဲ့ Vodafone ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ယောက်ဆီကို ဖုန်းခေါ်ဆိုလိုက်တာပါ။

သာမန်အားဖြင့်ဆိုရင် ဒီလိုဖုန်းခေါ်ဆိုမှုကို ဂြိုဟ်တုဖုန်းတွေကသာ လုပ်ဆောင်နိုင်တာဖြစ်ပေမယ့်  အခုတော့ သာမန် စမတ်ဖုန်းတွေကလည်း ဂြိုဟ်တုကနေတစ်ဆင့်ဖုန်းခေါ်ဆိုမှုကို လုပ်ဆောင်လာနိုင်တဲ့ သဘောဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း AST SpaceMobile ကုမ္ပဏီက သူတို့ရဲ့ဂြိုဟ်တုတွေကနေတစ်ဆင့် 4G လှိုင်းနှုန်းများကို စမတ်ဖုန်းများဆီ လွှင့်ထုတ်ပြီး စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါ သေးတယ်။

အခုဆိုရင် AST SpaceMobile ကုမ္ပဏီရဲ့အောင်မြင်မှုကြောင့် တောရောမြို့သာမက ဝေးလံ သီခေါင်သောဒေသများနဲ့ မြေပြန့်ဒေသများကြားမှာ ဆက်သွယ်ရေးကွန်ရက်က လစ်ဟာမှုဆိုတာ မရှိတော့အောင်ကို ဖြစ်သွားတော့မှာပါ။

ဒီလိုမျိုး အာကာသအခြေပြု ဆက်သွယ်ရေးကွန်ရက်စနစ်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်သူက BlueWalker 3 အမည်ရှိ ဂြိုဟ်တုဖြစ်ပါတယ်။

အဲဒီဂြိုဟ်တုက AST SpaceMobile ကုမ္ပဏီရဲ့ စမ်းသပ်ဂြိုဟ်တုပါ။ ဒါ့အပြင် အဲဒီဂြိုဟ်တုက ကမ္ဘာ ပတ်လမ်းအနိမ့်ထဲမှာရှိတဲ့ အကြီးဆုံးသော စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုလည်း ဖြစ်ပါတယ်။

ဒီဂြိုဟ်တုက AT&T ဆက်သွယ်ရေးကုမ္ပဏီရဲ့ လှိုင်းနှုန်းကိုအသုံးချပြီး အာကာသနဲ့ကမ္ဘာမြေပြင်ကြားမှာ အကြားအလပ်မရှိ အသံနဲ့အင်တာနက်ဒေတာဖလှယ်မှုကို ပေးစွမ်းနိုင်ပါတယ်။

AST SpaceMobile ကုမ္ပဏီအနေနဲ့ အခုလိုမျိုးအောင်မြင်မှုအဆင့်ဆီမရောက်မီ ကြားထဲမှာ အောင်မြင်မှု တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ကမ္ဘာ့ပထမဆုံး အာကာသအခြေပြု အသံဖြင့် ဖုန်းပြောမှု စနစ်ကို   အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ခြင်းပါပဲ။

ဒီလိုစမ်းသပ်ရာမှာလည်း သမားရိုးကျစမတ်ဖုန်းကိုသာ အသုံးပြုပြီးစမ်းသပ်ခဲ့တာပါ။ ဇွန်လမှာတော့ သူတို့ရဲ့အောင်မြင်စွာစမ်းသပ်မှုမှာ ဒေါင်းလုတ်လုပ်နိုင်တဲ့အမြန်နှုန်း ၁ စက္ကန့်ကို ၁၀ မဂ္ဂါဘိုက်ရရှိခြင်း လည်း ပါဝင်လာပါတယ်။

ဒါကြောင့် AST SpaceMobile ကုမ္ပဏီဟာ  အာကာသအခြေပြု ဆက်သွယ်ရေး ကွန်ရက်နည်းပညာ တိုးတက်ရေးလုပ်ဆောင်မှုမှာ ပထမဆုံးအသံဖြင့်ပြောဆိုမှု၊ ဒုတိယ 4G ကွန်ရက်အသုံးပြုနိုင်မှု၊ အခု နောက်ဆုံး 5G ကွန်ရက်ကိုအသုံးပြုနိုင်မှုတို့အထိ တိုးမြင့်လာတာကို တွေ့ရမှာပါ။

ဒီအဆင့်မှာတော့ အသံနဲ့ဖုန်းပြောခြင်း၊ စာသားများဖြင့် မက်ဆေ့ပို့ခြင်းသာမကတော့ပဲ အင်တာနက်ကို အသုံးပြုနိုင်ခြင်း၊ ဖိုင်များကိုဒေါင်းလုတ်လုပ်နိုင်ခြင်း၊ ဗီဒီယိုထုတ်လွှင့်ခြင်းတို့ကို သမားရိုးကျ စမတ်ဖုန်း တွေကနေ  လုပ်ဆောင်နိုင်တဲ့အထိ ဖြစ်လာပါတယ်။

“အာကာသအခြေပြု ဆက်သွယ်မှုကွန်ရက်စနစ်က  ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အင်တာနက် ဆက်သွယ်ရေး ပြောင်းလဲမှုကို ကောင်းစွာအထောက်အပံ့ဖြစ်စေလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်က အခုဆိုရင်ပိုပြီးတော့ တောင်ခိုင်မာလာပါပြီ” လို့ AST SpaceMobile ကုမ္ပဏီဥက္ကဋ္ဌနဲ့  အမှုဆောင်အရာရှိချုပ် အေဘဲ အေဗယ်လန်ကပြောပါတယ်။

AST SpaceMobile ကုမ္ပဏီအနေနဲ့ အခုလိုမျိုးအောင်မြင်မှုတွေရရှိစေဖို့အတွက် သူတစ်ယောက် တည်းအားနဲ့ စွမ်းဆောင်ခဲ့တာတော့ မဟုတ်ပါဘူး။ Vodafone၊ AT&T နဲ့ Nokia တို့လိုမျိုး ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးများ ရဲ့အကူအညီကိုလည်း ရယူခဲ့ရပါတယ်။

AST SpaceMobile ကုမ္ပဏီရဲ့ အခုလိုမျိုးအောင်မြင်မှုနဲ့ ပတ်သက်ပြီး အဲဒီကုမ္ပဏီအသီးသီးကလည်း   ချီးကျူးဂုဏ်ပြုစကားများ   ပြောထားပါသေးတယ်။

အခုဆိုရင် AST SpaceMobile ကုမ္ပဏီက Blue Bird အမည်ရှိတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုငါးလုံး ကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း လွှတ်တင်သွားဖို့ စီစဉ်ထားမှုနဲ့အတူ သူတို့ရဲ့အာကာသ အခြေပြု ဆက်သွယ်ရေး နည်းပညာအဆင့်မြှင့်တင်မှုကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်ထားပါ တယ်။

AST SpaceMobile ကုမ္ပဏီဟာ သူတို့ရဲ့နည်းပညာအတွက် ဉာဏမူပိုင်ခွင့် ၂၆၀၀ ကျော်ကို တရားဝင် မှတ်ပုံတင်ထားပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီ ၄၀ ကျော်နဲ့ပူးပေါင်း ဆောင်ရွက်လျက် ရှိတာကြောင့် အာကာသအခြေပြု ဆက်သွယ်ရေးနည်းပညာရဲ့ အနာဂတ်ဟာ ယခင်ကထက် ပိုပြီးတောက်ပလာနေပြီပဲ ဖြစ်ပါတယ်။

Ref: IE

ကိုထက်