အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲများပြီးဆုံး မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ ရှုံးထွက်အဆင့်တွင် တွေ့ဆုံ

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲများပြီးဆုံး မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ ရှုံးထွက်အဆင့်တွင် တွေ့ဆုံ

နေပြည်တော်  စက်တင်ဘာ  ၂၅

 

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ စက်တင်ဘာ ၂၅ ရက်က ပြီးဆုံးခဲ့ပြီး မြန်မာအသင်းသည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးဂျပန်အသင်းနှင့်    တွေ့ဆုံနေသည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(A) ၌ အိမ်ရှင်တရုတ်အသင်းက  ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ အိန္ဒိယအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (B) ၌ အီရန်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ ဆော်ဒီအာရေဗျ အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (C) ၌ ဥဇဘက်ကစ္စတန်အသင်းက ခြောက် မှတ်ဖြင့် အုပ်စုပထမ၊ ဟောင်ကောင်အသင်း က ရမှတ်မရရှိဘဲ အုပ်စုဒုတိယ၊ အုပ်စု(D) ၌  ဂျပန်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ပါလက်စတိုင်းအသင်းက တစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(E)၌ တောင်ကိုရီးယား အသင်းကကိုးမှတ်ဖြင့် အုပ်စုပထမ၊ ဘာရိန်းအသင်းက နှစ်မှတ်ဖြင့် ဒုတိယ၊ အုပ်စု (F) ၌  မြောက်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကာဂျစ္စတန်အသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ အုပ်စု(C)တွင် နှစ်သင်း သာကျန်ရှိသဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားပြီး အုပ်စုပထမနေရာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးအုပ်စုတတိယနေရာ လေးသင်း တွင် အုပ်စု (F) မှ အင်ဒိုနီးရှားအသင်း၊ အုပ်စု (D) မှ ကာတာအသင်း၊ အုပ်စု (E) မှ ထိုင်းအသင်းနှင့် အုပ်စု(A) မှ မြန်မာအသင်းတို့ရရှိပြီး  ရှုံးထွက်အဆင့်တက် ရောက်ခဲ့သည်။

ရှုံးထွက်အဆင့်တွင် အိမ်ရှင်တရုတ်နှင့် ကာတာ၊ တောင်ကိုရီးယားနှင့် ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဆော်ဒီအာရေဗျ၊ အီရန်နှင့် ထိုင်း၊ ဟောင်ကောင်နှင့် ပါလက်စတိုင်း၊ ဂျပန်နှင့် မြန်မာ၊ မြောက်ကိုရီးယားနှင့် ဘာရိန်းအသင်းတို့ တွေ့ဆုံနေသည်။ မြန်မာအသင်းနှင့် ဂျပန်အသင်းသည် စက်တင်ဘာ ၂၈ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ကိုညီလေး၊ MFF