မြတ်နိုးခင်၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဟောင်ကောင်အမျိုးသမီးအသင်းကိုအနိုင်ရရှိ

မြတ်နိုးခင်၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဟောင်ကောင်အမျိုးသမီးအသင်းကိုအနိုင်ရရှိ

နေပြည်တော်  စက်တင်ဘာ  ၂၅

တရုတ်နိုင်ငံ၌  ကျင်းပလျက်ရှိသည့် (၁၉ )ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှ မြန်မာအသင်းဒုတိယနေ့ပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ဟောင်ကောင်အမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ကစားရာ မြတ်နိုးခင်၏  တစ်လုံးတည်းသော  သွင်းဂိုးဖြင့် ဟောင်ကောင်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ်သည် နှစ်သင်းလုံးအတွက် အရေးကြီးသည့် ပွဲစဉ်ဖြစ်သည်နှင့်အညီ ပထမပိုင်းပွဲစသည်နှင့်  ရှေ့တန်းနောက်တန်း နှစ်သင်းလုံး အပေးအယူကောင်းကောင်းဖြင့် အမှတ်ရရှိရေးအတွက် ယှဉ်ပြိုင်ကစားကြသည်။

ဟောင်ကောင်အသင်းအနေဖြင့်လည်း မြန်မာအသင်းဘက် ထိုးဖောက်တိုက်စစ်ဆင်ကစားသော်လည်း   မြန်မာအသင်းဂိုးသမား မျိုးမြမြငြိမ်း ကာကွယ်ပေးနိုင်မှုများကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းမှ ကစားကွက်ကောင်းဖြင့် ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန် ၆၈ မိနစ်တွင် မြတ်နိုးခင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့်   ဟောင်ကောင်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့သည်။

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ  ထိပ်ဆုံးတစ်သင်းစီနှင့်   ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး လက်ကျန်တစ်ပွဲဖြစ်သော  ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်တွင် ရလဒ်ကောင်းမှသာ နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။

မြန်မာအသင်း ပါဝင်သောအုပ်စု(န)မှာ ကိုရီးယားအသင်းက မြန်မာအသင်းကို ၃ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့်  နှစ်ပွဲစလုံးအနိုင်ရထားပြီး မြန်မာအသင်းက ဟောင်ကောင်အသင်းကို ၁ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်အသင်းက ဟောင်ကောင်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် တစ်ပွဲစီအနိုင်ရထားပြီး သုံးမှတ်စီရရှိထားသည်။

လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့ ဂိုးကွာခြားချက်တူညီနေပြီး   ဖိလစ်ပိုင်အသင်းက သွင်းဂိုးပိုများသည့်အတွက် အုပ်စုဒုတိယ နေရာတွင်ရပ်တည်နေပြီး မြန်မာအမျိုးသမီး အသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးအသင်းတို့ အုပ်စုတက်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၆ နာရီတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်