ကော့သောင်းခရိုင်ရှိ ကျွန်းများတစ်လျှောက် ကျောက်ငါးများ ရေပေါ်ပေါ်ခြင်းနှင့် ပတ်သက်၍ ငါးနမူနာများကို ရန်ကုန်ဓာတ်ခွဲ ဌာနသို့ ဒုတိယအကြိမ် စစ်ဆေးရန် ပို့ဆောင်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ရှိ  လန်ပိကျွန်းနှင့် ညောင်ဝီးကျွန်း တစ်လျှောက်၌ ကျောက်ငါးများ   ရေပေါ်ပေါ်ခြင်းနှင့် ပတ်သက်၍ ငါးနမူနာများကို    ရန်ကုန်ဓာတ်ခွဲဌာနသို့   ဒုတိယအကြိမ် စစ်ဆေးရန် ထပ်မံပို့ဆောင်ထားကြောင်း   ငါးလုပ်ငန်းဦးစီးဌာန   ကော့သောင်းခရိုင် ဦးစီးမှူး ဦးသန့်ဇင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ    ကျွန်းများတစ်လျှောက်၌ ကျောက်ငါးများ အသက်ရှင်လျက် ရေပေါ်တွင်   မျောပါလျက်ရှိပြီး ယင်းဖြစ်ရပ်မှာ တစ်လရှိပြီ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ကျောက်ငါးများ    ရေပေါ်ပေါ်လျက်ရှိကြောင်း သိရသည်။

တစ်ရက်ကို  နည်းနည်းနဲ့ ပေါ်နေတာကြာပြီ။ လန်ပိကျွန်းနားမှာ ပေါ်ရာကနေ ညောင်ဝီးကျွန်းနားလောက်မှာ  ပေါ်လာ တယ်။ အရင်စတင်ဖြစ်ပွားတဲ့ နေရာကနေ လငန်းကျွန်းတစ်လျှောက်အထိ   ရောက်နေပြီ။ ဒီနေ့အထိလည်း  ပေါ်နေတုန်းပဲ။

ရေနမူနာနဲ့  ငါးနမူနာကို ရန်ကုန်ဓာတ်ခွဲဌာနကို ပို့ထားတယ်။ ရေနမူနာက ဒီနေ့မှရောက်တယ်။ ငါးနမူနာက   ရောက်တာသုံးရက်လောက်ရှိပြီ။     ပထမအကြိမ် စစ်ဆေးပြီးပြီ။  ဒုတိယအကြိမ်စစ်ဆေးဖို့    နောက်ထပ် ငါးနမူနာ ထပ်တောင်းတယ်။

ပထမငါးနမူနာရဲ့ရလဒ်ကို မွေးမြူရေးဌာန တာဝန်ရှိတဲ့သူတွေဆီ တင်ပြထားတယ်။ အတည်ပြုမထုတ်ပြန်သေးဘူး။  ငါးတွေက ရေထဲမှာ  အသက်ရှင်ပြီးမျောနေတာ ဖမ်းလိုက်ရင်တော့ ခုန်တယ် ဟု ဦးသန့်ဇင်ကပြောသည်။

ကျောက်ငါးအမျိုးအစား ငါးမျိုးရှိသည့်အနက် ယခုရေပေါ်ပေါ်သော ငါးအမျိုးအစားမှာ  ကျောက်ငါးလုံး အမျိုးအစားဖြစ် ကြောင်းနှင့်     အဆိုပါ ကျောက်ငါးလုံး အမျိုးအစားမှာ ရေအောက်ကြမ်းပြင်၌သာ နေထိုင်သည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။

လူအများကတော့   ငါးမိုင်းခွဲတယ်၊ ဆေးချတယ်လို့ ထင်ကြတယ်။ တကယ်လို့ အဲဒီလိုဖြစ်ရပ်မျိုး တွေရှိရင် ဒီငါးတစ်မျိုးတည်း ရေပေါ်ပေါ်မှာ မဟုတ်ဘူး။ တခြားငါးတွေလည်း  ပေါ်ရမှာပါ။ သဘာဝဂေဟ စနစ်ပျက်ယွင်းမှုလား ဆိုတော့ မဟုတ်ဘူး။ ကျောက်ငါးတစ်မျိုးပဲဖြစ်တာပါ။ ကျောက်ငါးနဲ့ပတ်သက်ပြီး သူတို့မခံနိုင်တာတစ်ခုခုကြောင့်  ဒီလိုဖြစ်တာလို့ထင်ပါတယ်ဟု ဦးသန့်ဇင်ကပြောသည်။

လက်ရှိတွင် အဆိုပါကျွန်းများ၌ တစ်ရက်လျှင် ကျောက်ငါး ၁၅ ကောင်ခန့် ရေပေါ်ပေါ်ကြောင်းနှင့်  ပမာဏများ သည့်ရက်များ လည်းရှိကြောင်း သိရသည်။

ထိုသို့ ရေပေါ်ပေါ်သည့် ကျောက်ငါးများကို ဒေသခံများက စားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် စားသုံးရာတွင်လည်း လူကို ကျန်းမာရေး ထိခိုက်မှုမရှိကြောင်း လငန်းကျေးရွာရှိ ဒေသခံ ဦးမြင့်သူကပြောသည်။        

ဆုလာဘ်