ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို ထုတ်လုပ်ရောင်းချနေသည့် သန္တာမြေ ရခိုင်ထွက်ကုန် လုပ်ငန်းအကြောင်း

ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို ထုတ်လုပ်ရောင်းချနေသည့် သန္တာမြေ ရခိုင်ထွက်ကုန် လုပ်ငန်းအကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း သည် နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်သဖြင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်၊ စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဟူသော ဦးတည်ချက်ကို ထည့်သွင်းထားခြင်း ဖြစ်သည်။

One Region One Product (OROP) အစီအစဉ်သည် ဒေသအလိုက် အဓိက ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသတစ်ခုထုတ်ကုန် တစ်ခုလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည့် သန္တာမြေ ရခိုင်ဒေသ ထွက်ကုန် စီးပွားရေးလုပ်ငန်းအကြောင်းကို MSME ကဏ္ဍမှတစ်ဆင့် မြဝတီစာဖတ်ပရိသတ်များအတွက် ဖော်ပြ လိုက်ရပါသည်။

 သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်လုပ်ကိုင်ခဲ့ပြီး ရေလုပ်ငန်းမှ ထွက်ရှိသည့် ထုတ်ကုန်များကို မြန်မာတစ်နိုင်ငံလုံးသို့ တွင်တွင်ကျယ်ကျယ် ရောင်းချနေခြင်းဖြစ် ကြောင်းသိရသည်။

မေး။ ရေထွက်ပစ္စည်းကကော ဘယ်နှမျိုးလောက် ထုတ်လုပ်ပါသလဲရှင့်။

ဖြေ။  ကျွန်တော်တို့ သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းမှာ  အဓိကအားဖြင့်ကတော့ ခုနောက်ပိုင်း ပုစွန်ခြောက်ကို အဓိကထားရောင်းချပါတယ်။ ဘာလို့လဲဆိုတော့ ပုစွန်ခြောက်က ပြည်ပတွေက ဝယ်လိုအား အရမ်းများတယ်။ ပြီးတော့ရခိုင်ကနေ တိုက်ရိုက်သွင်းတဲ့ ပုစွန်ခြောက်တွေက အရည်အသွေးကောင်းပြီး လတ်လတ်ဆတ်ဆတ်လည်း ရတယ်။ အချို၊အငန် အမျိုးစုံအောင်လည်း ရတယ်ပေါ့။   ပြီးတော့ ကျွန်တော်တို့မှာက   လူတန်းစားအစုံစားသုံးနိုင်တဲ့ အသားမှုန့်တွေရော၊ ပွဲလမ်း သဘင်သုံးနိုင်တဲ့ အရည်အသွေးအစုံရတဲ့အတွက် ဒီပုစွန်ခြောက်ကိုတော့ အဓိကထားဖြန့်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ငါးခြောက်တို့၊ ငါးနီတူခြောက်တို့၊ ငါးပိတို့ အဓိကထားပြီး ဖြန့်ပါတယ်ခင်ဗျ။

မေး။  ဒီသန္တာမြေ ရခိုင်ဒေသထွက်ကုန်လုပ်ငန်းအနေနဲ့ အဓိကထွက်ကုန်က ဘာကိုအဓိကထုတ်လုပ်ပါသလဲ။

ဖြေ။  ကျွန်တော်တို့ သန္တာမြေ ရခိုင်ဒေသထွက်ကုန်လုပ်ငန်းအနေနဲ့  ကျွန်တော်လိုင်းပေါ်မှာရှာကြည့် လိုက်တဲ့အခါမှာ ပုစွန်အသားမှုန့်က အရမ်း Quality မြင့်တဲ့ပုစွန်တွေနဲ့ ပြုလုပ်ပြီးတော့ ရောင်းနေကြတဲ့ အတွက် ဈေးကအရမ်းမြောက်တယ်ခင်ဗျ။ ၁၀ သားကို ငွေကျပ် ၇၀၀၀ နီးပါးရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် စဉ်းစားမိတာက သာမန်လူတွေကျတော့ ဒီဈေးနဲ့ မစားနိုင်ဘူးပေါ့။ အဲ့ဒီအခါ ပုစွန်အသားကျိုး တွေကို အမှုန့်ကြိတ်ဖို့အတွက် စဉ်းစားပြီးတော့ စမ်းကြည့်လိုက်တော့ အဆင်ပြေတယ် ခင်ဗျ။ တန်ဖိုးနည်းပစ္စည်းကို အရည်အသွေးမြှင့်ပြီးတော့ ထုတ်လိုက်တဲ့သဘောပါခင်ဗျ။ သန္တာမြေ ရခိုင်ဒေသ ထွက်ကုန်လုပ်ငန်းအနေနဲ့ ပုစွန်အသားမှုန့်ကို အဓိကထား ထုတ်လုပ်ပါတယ်ခင်ဗျ။ ဒီထွက်ကုန်တွေကို မြန်မာတစ်နိုင်ငံလုံးကို ပို့ပါတယ်ခင်ဗျ။ ရန်ကုန်-ပြည်လမ်း တစ်လျှောက်က မြို့တွေ၊ မန္တလေးတိုင်း ဘက်က မြို့တွေ၊ ရှမ်းပြည်ဘက်တွေနဲ့ အဓိကဈေးကွက်ကတော့ ရန်ကုန်မှာများတယ် ခင်ဗျ။

မေး။ ပြည်တွင်းထုတ်ကုန်အနေနဲ့ တခြားပြည်ပနိုင်ငံတွေကို ထပ်ပို့ဖို့ အစီအစဉ်ရှိရင်လည်း ပြောပြ ပေးပါရှင့်။

ဖြေ။  ဟုတ်ကဲ့  ပို့လို့ရရင်တော့   ဒီထွက်ကုန်တွေကို အရည်အသွေး ကောင်းကောင်းလေး မြှင့်တင်ပြီး တော့ Export Quality အထိလုပ်ချင်တယ်။ ဒီငါးပိတွေဆိုရင်လည်း MSME ကမှတ်ပုံတင်ပြီး တော့ ထုတ်တဲ့ ကျောက်ပုစွန်ငါးပိတို့လိုဟာတွေက တရုတ်ပြည်တို့ကို တင်ပို့ပါတယ်။ အာရှတစ်ဝိုက်မှာ ငါးပိစားသုံးမှုက အရမ်းများပါတယ်။ ရေထွက်ပစ္စည်းကလည်း နိုင်ငံတစ်ခုနှင့်တစ်ခု စားသောက် ကုန်ချင်းသက်ဆိုင်နေတယ်။ အဓိကတော့ တမူးဘက်ကနေ လမ်းပွင့်သွားရင် အိန္ဒိယဈေးကွက်ကို ဖြန့်ချိသွားမှာပါ။   ပြီးတော့ ကျောက်ဖြူကလည်း တရုတ်နဲ့အဓိကချိတ်နေတာဆိုတော့  တရုတ်နဲ့ အိန္ဒိယ ဈေးကွက် ဖြန့်ချိသွားမှာပါ။

မေး။ လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဖြေ။ အသေးစား၊ အငယ်စား၊  အလတ်စား လုပ်ငန်းတွေကတော့ ဒေသတစ်ခုရဲ့ ထုတ်ကုန်တွေကို မြှင့်တင်နေတဲ့ လုပ်ငန်းပေါ့။ ဒီလုပ်ငန်းတွေက ကျွန်တော်တို့ဒေသကို အဓိကငွေရှာပေးနေတဲ့ လုပ်ငန်း တွေပေါ့။ ဥပမာ ရခိုင်မှာဆိုရင် ရာသီတိုင်း လယ်လုပ်လို့မရဘူး။ ရေငန်တွေလည်းများတဲ့ အတွက် စပါးတွေလည်း အရည်အသွေးမကောင်းဘူးပေါ့။ အဓိကကျွန်တော်တို့မှာ လုပ်စရာက ရေလုပ်ငန်း တစ်ခုပဲ ရှိတယ်။ ဒီရေလုပ်ငန်းကပဲ အလုပ်ပေးနေတယ်။ ထမင်းကျွေးနေတယ်လို့ ပြောရမယ် ခင်ဗျ။ တကယ်လို့ ဒီလုပ်ငန်းတွေသာ တွင်ကျယ်လာမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အရမ်းပေါလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလုပ်ငန်းတွေကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် လူငယ်တွေ အနေနဲ့ နိုင်ငံရပ်ခြား သွားစရာမလိုတော့ဘူး။ ကိုယ့်ဒေသမှာ အလုပ်အကိုင်ရှာနိုင်မယ်လို့ ကျွန်တော် ထင်တယ်ခင်ဗျ။ ဒေသတစ်ခုမှာ စီးပွားရေးအဆင်ပြေမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးလည်း အဆင်ပြေ လာမယ်လို့ ထင်ပါတယ်ခင်ဗျ။ ဒါကြောင့် ဒီလုပ်ငန်းတွေကို တိုးချဲ့ပြီးတော့ လုပ်ကိုင်သင့် တယ်လို့ မြင်မိပါတယ်ခင်ဗျ။

မေး။ ထုတ်ကုန်တွေရဲ့   ပစ္စည်းဈေးနှုန်းတွေက ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ဈေးနှုန်းတွေကတော့ ရာသီအလိုက် ဒီရေအတက်အကျနဲ့ မိုးရာသီ၊ နွေရာသီနဲ့ ပွင့်လင်းရာသီ အလိုက် ဈေးနှုန်းတွေ ကွာပါတယ်ခင်ဗျ။ ပွင့်လင်းရာသီဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးက ပိုလွယ် ကူတော့ ပိုလို့ရောင်းရပါတယ်။ အဲ့တော့ ဈေးလည်းနည်းနည်းမြင့်တယ်။ မိုးရာသီဆိုရင် ဈေးနည်းနည်း သက်သာတယ်လို့ သိရပါတယ်ခင်ဗျ။ ကန်ပုစွန်ခြောက်ကတော့ ဈေးအမြင့်ဆုံးပေါ့။

မေး။ MSME   လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့နဲ့ ပြည်တွင်းထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ကျွန်တော်ကဒီလုပ်ငန်းကို စလုပ်ခဲ့တာလည်း လိုင်းပေါ်မှာ သေသေချာချာ မလုပ်ဘဲရောင်းနေတာ မြင်တော့ Brand တစ်ခုအနေနဲ့ ရှေ့ဆောင်လမ်းပြ သေသေချာချာလုပ်ချင်တယ်။ SME လုပ်နေတဲ့ လူတွေ အကုန်လုံး Marketing ကောင်းကောင်းလေးလုပ်စေချင်တယ်။ အဲ့လိုလုပ်တဲ့အခါမှာ ပိုပြီးတော့ လူသိများတယ်။ တွင်ကျယ်သွားတယ်ပေါ့။ လူတိုင်းက အွန်လိုင်းပလက်ဖောင်းပေါ်မှာရှိနေတာဆိုတော့   ဒါကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ မြင်ပါတယ်။

မေး။ ပလတ်စတစ်အိတ်တွေအစား Sustainable Biodegradable Packaging ပုံစံလေးကို ပြောင်းလဲ အသုံးပြုတဲ့ပုံစံလေး သိချင်ပါတယ်ရှင့်။

ဖြေ။ စစချင်းတုန်းကတော့ ကျွန်တော်တို့ဒီ Sustainable Biodegradable Packaging သဘာ၀ ကွမ်းဖတ်ဘူးတွေကို တောင်ငူကနေမှာပြီးတော့ သုံးတယ်။ အသုံးပြုသူတွေများလာရင်တော့ ဒီမှာ ထုတ်လုပ်ဖို့ရှိပါတယ်။ ကျွန်တော်က အရင်တည်းက ပလတ်စတစ်ကို အသုံးပြုမှုနည်းပါတယ်။ ပထမ တစ်လမှာ စရောင်းတုန်းက ပလတ်စတစ်အိတ်ခွံ ၄၀၀ ကျော်လောက် ထွက်သွားပါတယ်။ အဲ့ဒီမှာ  ကျွန်တော် တော်တော်စိုးရိမ်မိသွားတယ်။ ဒီတော့ ပလတ်စတစ်အသုံးပြုမှုလျှော့ချဖို့အတွက်   ကျွန်တော် အွန်လိုင်း ပေါ်မှာရှာကြည့်ရင်း ဒီ Sustainable Biodegradable Packaging သဘာဝ ကွမ်းဖတ်ဘူးတွေ လုပ်တဲ့လုပ်ငန်းကို သတိရသွားပြီးတော့ ကျွန်တော်လိုချင်တဲ့ Size အတိုင်းရမလားလို့ သွားမေး လိုက်တယ်။ အဲ့တော့ သူကလည်း ရမယ်ဆိုတော့ သဘာဝကွမ်းဖတ်ဘူးတွေနဲ့ သုံးဖြစ်သွား တယ်။ ရေထွက်လုပ်ငန်းဆိုတာက ပင်လယ်ကြီးကို အမှီပြုပြီးလုပ်ရတာဆိုတော့ ဒီပလတ်စတစ် တွေဟာလည်း ပင်လယ်ထဲကိုပဲရောက်တယ်။ ဒီတော့ ဇီဝဂေဟစနစ်ဟာ ဒီပလတ်စတစ်ကြောင့်  ထိခိုက်တာတွေ အများကြီးရှိတယ်။ အခုနောက်ပိုင်းဆိုရင် ပင်လယ်ထဲကို  ပလတ်စတစ်တင်မက  ဓာတုပစ္စည်းတွေ၊ စွန့်ပစ်ပစ္စည်းတွေ ရောက်ရှိတာကြောင့် အထူးသဖြင့် ငါးဖမ်းသမားတွေအတွက်   အရင်တုန်းကလောက် ငါးတွေမဖမ်းနိုင်တာတွေ၊ ရေနေသတ္တဝါတွေ သေကျေတာတွေ ရှိတယ်။ အခု မသိသာပေမယ့် နောက်ပိုင်းကျရင် သိပ်ပြီးထုတ်နိုင်မယ် မထင်တော့ဘူး။ အဲ့ဒါကြောင့်မို့ ဘယ်သူမှ မပြောင်းရင်တောင် ကိုယ်ကအရင်စပြီးတော့ ပြောင်းမယ်။ ဒီနေရာမှာလည်း ကျွန်တော်က အားလုံး ပါဝင်လာအောင်အတွက် ဆိုပြီးတော့ ကွမ်းဖတ်ဘူးတွေနဲ့ယူမယ်ဆိုရင် ဈေးကိုလျှော့ပေးတယ်။ အဓိကကတော့ အကုန်လုံး ပလတ်စတစ်ကိုလျှော့သုံးစေချင်တယ်။ ကျွန်တော်တစ်ဦး တစ်ယောက် တည်းမဟုတ်ဘဲ ဒေသတစ်ခုလုံးကလည်း လိုက်လုပ်စေချင်တယ်။ အဲ့ဒါမှလည်း ရာသီဥတုပြောင်းလဲမှု တွေကိုလည်း လျှော့ချနိုင်မယ်လို့ မြင်တယ်ခင်ဗျ။

မေး။ ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ကျွန်တော်တို့ ဒီ သန္တာမြေရခိုင်ဒေသထွက် ကုန်လုပ်ငန်းဟာ အဓိကဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလို့ ဆိုရမှာပဲခင်ဗျ။  ဒီဒေသမှာလုပ်ကိုင်နေတဲ့ ရေလုပ်ငန်းရှင်တွေဆီကနေ ရေထွက်ပစ္စည်းတွေကိုယူပြီး သူတို့လုပ်ငန်းကိုတွင်ကျယ်အောင် ဆိုရှယ်မီဒီယာမှာ ဖြန့်ချိပြီးတော့ ဝန်ဆောင်မှုပေးနေတာ ဖြစ်တယ်။ ကုန်ကြမ်းများများရနိုင်ရင်တော့ ကျွန်တော်က Production ကောင်းကောင်းနဲ့ ကုန်ချော ထုတ်ပြီး Export Quality ထုတ်လို့ ပြည်ပဈေးကွက်ပို့ချင်တယ်။ နိုင်ငံခြားမှာလည်း ကျွန်တော်တို့ မြန်မာတွေ အများကြီးရှိတော့ ဒီကမှာမှာပြီးစားနေကြတော့ Export Quality အထိလည်း ထုတ်ချင်တယ်။ နောက်တစ်ခုက ဒီလုပ်ငန်းကိုလုပ်သွားရင်းနဲ့ ဒီကရလာတဲ့အမြတ်အစွန်းနဲ့ လူငယ်တွေအတွက် ဒေသထွက်ကုန်လုပ်ငန်းကို ဘယ်လိုမြှင့်တင်ရမယ်။ မြှင့်တင်ဖို့အတွက် ပညာ အရည်အချင်း တွေက ဘာတွေဖြည့်စွက်ရမယ်ဆိုတဲ့ဟာတွေကို ဒီအမြတ်အစွန်းထဲက လုပ်ပေးသွားချင်တယ်။ အသစ်အသစ် သော Project တွေလည်းလုပ်ပေးသွားဖို့ ရှိတယ်ခင်ဗျ။ ဒီဒေသဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အသစ်အသစ် သောနည်းပညာတွေနဲ့ အပင်စိုက်တာတွေကိုလည်း လုပ်ပေးသွားဖို့ ရှိပါတယ် ခင်ဗျ။ 

ကျောက်ဖြူခရိုင်တွင် MSME လုပ်ငန်း  ၂၂၄ ခုရှိပြီး  သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းမှာ Step Business  တစ်ခုဖြစ်ရာ ရေထွက်ပစ္စည်းများဖြစ်သည့် ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးမုန့်၊ ငါးပိ စသည့် ရခိုင်ဒေသ ထွက်ကုန်များကို မြန်မာပြည်အနှံ့ ရောင်းချလျက်ရှိသည်။ ကျောက်ဖြူခရိုင် စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် Step Business ထုတ်ကုန်များ ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကို အောင်မြင်အောင် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း

တင်ထွန်းဦး၊ ဖြိုးဝေလင်း