(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝူရှူးနှင့်တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝူရှူးနှင့်တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

ဟန်ကျိုး စက်တင်ဘာ ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစား နည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ် ခေါ် တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း ခေါ် တောင်ပိုင်းဓားသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအား ပေးခဲ့ သည်။

ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မအေးသစ္စာမြင့်က နန်းချွမ်+ နန်းသောင်းပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့် (၆)ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်အရ နံနက်ပိုင်းတွင် နန်းချွမ်ပြိုင်ပွဲနှင့် ညနေပိုင်း နန်းသောင်းပြိုင်ပွဲတို့ အား နှစ်ခုပေါင်းမှဆု တံဆိပ်တစ်ခု ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည့်အတွက် မအေးသစွာမြင့်က  နိုင်ငံအလိုက် အဆင့်(၆)ရရှိခဲ့ပြီးဆုတံဆိပ်နှင့် လွဲချော်ခဲ့ရပြီး ပြိုင်ပွဲတွင်အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ မလေးရှားနိုင်ငံက ဒုတိယနှင့် ဥဇဘက်ကစ္စ တန်နိုင်ငံက တတိယအသီးသီးရရှိသည်။

ထို့နောက် လင်အန်းမြို့ရှိ   Lin'an Sports Culture & Exhibition အားကစားရုံ တွင် ကျင်းပလျက်ရှိသော တိုက်ကွမ်ဒိုအား ကစားနည်း(အတိုက်)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်၌ မြန်မာနိုင်ငံမှ မမိုးမြင့်မြတ်က (-53 kg) တန်းတွင် ထိုင်းနိုင်ငံကို ပထမအချီတွင် (0:12) မှတ်ဖြင့်လည်းကောင်း၊ ဒုတိယအချီတွင် (2:13)မှတ်ဖြင့် လည်းကောင်း  ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်(ယနေ့) နံနက် ၁၀ နာရီတွင် ဝူရှူးအားကစားနည်းမှ မစန္ဒီဦးက ကျန့်စု ခေါ် နှစ်ဖက်သွားဓား သိုင်းနှင့် ချန်းစု ခေါ် လှံရှည်သိုင်းပြိုင်ပွဲ အမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်