အစိမ်းရောင်စွမ်းအင်နဲ့ အဆင့်မြင့်နည်းပညာများအတွက် ပြယုဂ်ဖြစ်လာတဲ့ အာရှအားကစားပွဲတော်

အစိမ်းရောင်စွမ်းအင်နဲ့ အဆင့်မြင့်နည်းပညာများအတွက် ပြယုဂ်ဖြစ်လာတဲ့ အာရှအားကစားပွဲတော်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်နောက်ဆုတ်ခဲ့ရတဲ့ (၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာကျင်းပနေပါတယ်။ အဲဒီအားကစားပွဲတော်ကို စက်တင်ဘာ ၂၃ ရက်ကစပြီး အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွားမှာပါ။

အာရှအားကစားပွဲတော်ဟာ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါအလုံးစုံကင်းစင်ရေးလုပ်ငန်းစဉ်ကို  ရုပ်သိမ်းပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။ အာရှအားကစား ပွဲတော်မှာ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ၁၂၀၀၀ ခန့်က  အားကစားနည်းအမျိုးပေါင်း ၄၀ မှာပါဝင်ယှဉ်ပြိုင်နေကြတာပါ။

ဒီအားကစားပွဲတော်ဟာ တရုတ်နိုင်ငံအတွက်တော့   တကယ့်ကိုအရေးပါတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့အဆင့်မြင့်နည်းပညာများနဲ့ အစိမ်းရောင်စွမ်းအင်အတွက်  ကြိုးပမ်း အားထုတ်မှုများကို ကမ္ဘာသို့ လူသိရှင်ကြား ထုတ်ဖော်ပြသခွင့်ရလိုက်တာကြောင့်ပါပဲ။  စက်တင်ဘာ ၂၃ ရက်က ကျင်းပသွားတဲ့ အားကစားပွဲတော်ဖွင့်ပွဲ  အခမ်းအနားမှာဆိုရင် ဟန်ကျိုးမြို့ကို  တရုတ်နိုင်ငံရဲ့ နည်းပညာဗဟိုချက်မြို့တော်အဖြစ် ပုံဖော်သွားတာပါ။

ကျဲကျန်းပြည်နယ်မှာရှိတဲ့ ဟန်ကျိုးမြို့ဆိုတာ အလီဘာဘာကုမ္ပဏီကို တည်ထောင်သူ ဂျက်မာရဲ့ မွေးရပ်မြေလည်းဖြစ်သလို တီထွင်ဖန်တီးမှုအတွက် စက်ရုံကြီးတစ်ခုဆိုလည်း မမှားပါဘူး။

လူဦးရေ ၁၂ သန်းဝန်းကျင်သာရှိတဲ့ ဟန်ကျိုးမြို့ဟာ အခုကျင်းပနေတဲ့ အာရှအားကစားပွဲတော်ကို အသုံးချပြီး တရုတ် နိုင်ငံရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများ ထုတ်ဖော်ပြသခဲ့တာတွေ့ ရပါတယ်။

အဲဒီနည်းပညာတွေထဲမှာ အလွန်ကြီးမားတဲ့ သတင်းအချက်အလက်အစု၊ အသိဉာဏ်တုနဲ့ ပုံရိပ်ယောင် နည်းပညာများ ပါဝင်ပါတယ်။

အာရှအားကစားပွဲတော်ကျင်းပရာ အားကစားခန်းမများအနီးမှာ လှည့်လည်သွားလာနေတာက မောင်းသူမဲ့ယာဉ်များ ဖြစ်ပါတယ်။ အဲဒီယာဉ်များက အနီးအနားခရီးသွားလာမှုနဲ့အတူ ရေခဲမုန့် ရောင်းချတဲ့ ဝန်ဆောင်မှုကိုပေးနေတာပါ။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနေရာများကို ကင်းလှည့်ပေးနေသူတွေက စက်ရုပ်ခွေးများ ဖြစ်ပါတယ်။ အလိုအလျောက်ခြင်ဖမ်းစက်များကလည်း အဖျက်ပိုးကောင်တွေကို ဖမ်းယူဖယ်ရှားပေး နေပါတယ်။

အားကစားသမားများဖြစ်စေ၊ လာရောက်လည်ပတ်သူများဖြစ်စေ ဘယ်သူမဆို မောင်းသူမဲ့ယာဉ်ကို  စီးချင်တယ်ဆိုရင် လက်ဝှေ့ယမ်းပြပြီး  ရပ်ခိုင်းလို့ရပါတယ်။ ရေခဲမုန့်ဆိုရင်လည်း ထောပတ်သီးအရသာ၊ မက်မွန်သီးအရသာနဲ့ ဗနီလာအရသာတို့လိုမျိုး အရသာမျိုးစုံကိုရွေးချယ်စားသုံးနိုင်မှာပါ။

အဆင့်မြင့်နည်းပညာများအနက် စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုက ဓာတ်ပုံရိုက်နိုင်တဲ့ ရုံငယ်လေး များပါပဲ။ အဲဒီရုံငယ်လေးများမှာ အသေးစားကင်မရာအလုံး ၁၄၀ တပ်ဆင်ထားပါတယ်။

အဲဒီကင်မရာတွေကနေ ရိုက်ယူရရှိထားတဲ့ ဓာတ်ပုံတွေကို အချိန်ငါးမိနစ်ကနေ ရှစ်မိနစ်အတွင်း သုံးဖက်မြင်ရုပ်ပုံတွေ အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

သုံးဖက်မြင်ရုပ်ပုံတွေဟာ သွားလာနိုင်တယ်။ ကစားနိုင်တယ်။ ကခုန်နိုင်တယ်။ ဒီအတွက်ကြောင့်  ခရီးသွားတွေအနေနဲ့လည်း ဟန်ကျိုးအားကစားပွဲတော်မှာ ပါဝင်နိုင်ပါသေးတယ်။ တိုက်ရိုက်ပါဝင်တာ မျိုးတော့မဟုတ်ဘူးပေါ့။   ပုံရိပ်ယောင်အခြေအနေကနေ ကစားနိုင်တာပါ။ သူ့ရဲ့ပြိုင်ဘက်တွေကတော့ အားကစားပွဲတော်ရဲ့ လာဘ်ကောင်အရုပ်လေးများပါပဲ။

မီဒီယာကျေးရွာမှာဆိုရင်လည်း မောင်းသူမဲ့ ဘတ်စကားတစ်စီးက ခရီးသွားများကို အနီးအနား နေရာတွေဆီ ခေါ်သွားတာပါ။ အချိန်အားဖြင့် ၁၀ မိနစ်ခန့်ကြာပါတယ်။

အဲဒီဘတ်စကားက ပုံမှန်မဟုတ်ပါဘူး။ သူ့မှာပြတင်းပေါက်တွေမပါပါဘူး။ ဒါပေမဲ့ ပြတင်းပေါက်တွေ အစားတော့ ဖန်သားပြင်တွေပါဝင်ပါတယ်။ ဖန်သားပြင်က အပြင်ဘက်မှာရှိတဲ့ မြင်ကွင်းတွေ၊  အရာဝတ္ထု တွေကို ဖော်ပြပေးနေတာပါ။

ဟန်ကျိုးမြို့အစိုးရက အားကစားပွဲတော်နဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံများကို တည်ဆောက်ဖို့ အတွက် အသုံးစရိတ်စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ လောက်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဓိကက အားကစားပွဲတော်ကျင်းပရာ အားကစားရွာကြီး တစ်ခုလုံးကို စမတ်နဲ့ အစိမ်းရောင်ဖြစ်စေဖို့ပါ။

စမတ်ဆိုတာကတော့ အဆင့်မြင့်နည်းပညာများကို အသုံးပြုမှုဖြစ်ပြီး အစိမ်းရောင်ဆိုတာကတော့   သန့်ရှင်းစွမ်းအင်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

သန့်ရှင်းစွမ်းအင်ကို အသုံးပြုတဲ့နေရာမှာ အားကစားခန်းမများ အားလုံးအတွက်လိုအပ်တဲ့ လျှပ်စစ် စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ ရယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရက ဒေသခံတွေနဲ့ခရီးသွားတွေကို အစိမ်းရောင်စွမ်းအင်စီမံကိန်းမှာ ပါဝင်စေဖို့ တိုက်တွန်း ထားပါသေးတယ်။ အဲဒါကတော့ စက်ဘီးငှားစီးတဲ့ဝန်ဆောင်မှုကို အသုံးပြုဖို့ပါပဲ။ ဒီလိုမျိုးဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ အမှတ်များကို ရရှိပါတယ်။ ရရှိတဲ့အမှတ်များကိုတော့ လက်ဆောင်ပစ္စည်းများနဲ့ လဲလှယ်နိုင်ပါတယ်။

အခုလိုမျိုးလုပ်ဆောင်မှုတွေကြောင့် အာရှအားကစားပွဲတော်ဟာ ဒေသခံများအတွက်သာမက တရုတ် နိုင်ငံအတွက်ပါ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ရပ်ကို ဖော်ဆောင်ပေးလိုက် နိုင်ပါတယ်။

လက်ရှိမှာကိုပဲ မြို့ကြီးက မြို့အသစ်ကြီးတစ်မြို့လိုပြောင်းလဲသွားတာပါ။ ပြောင်းလဲမှုတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် မြေအောက်ရထားစနစ်နဲ့ ပြည်သူတွေအပေါ် ဂရုစိုက်မှုတွေမှာဖြစ်ပါတယ်လို့ ဟန်ကျိုးဒေသခံတစ်ဦးက ပြောပါတယ်။

ဟန်ကျိုးမြို့ဟာ အာရှအားကစားပွဲတော်ကို လက်ခံကျင်းပခွင့်ရလိုက်တာနဲ့အမျှ တရုတ်နိုင်ငံရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားနိုင်ငံများထက် နောက်ကျမှုမရှိဘဲ တဖြည်းဖြည်းချင်း တိုးတက်လာနေတယ် ဆိုတာကို ထုတ်ဖော်ပြသခွင့်လည်း ရလိုက်တာဖြစ်ပါတယ်။

Ref: CAN

ကိုထက်