COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရီးသွားအာမခံရောင်းချရမှု သိသာစွာကျဆင်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရီးသွားလုပ်ငန်းများအပြင် အဝေးပြေးယာဉ်လိုင်း အများစုလည်း ရပ်နားထားရသည့်အတွက်    ခရီးသွားအာမခံရောင်းချရမှု   သိသာစွာကျဆင်းလာကြောင်း ပြည်တွင်းရှိ အာမခံလုပ်ငန်းများမှ သိရသည်။

ခရီးသွားအာမခံသည် ခရီးသွားလာရင်း ထိခိုက်မှုများကြောင့် သေဆုံးလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာ ရရှိလျှင်ဖြစ်စေ   အာမခံလျော်ကြေးရရှိခြင်း ဖြစ်သည်။   သို့သော် လက်ရှိကာလတွင် ခရီးသွားအာမခံဝယ်ယူ သူ    မရှိသလောက် နည်းပါးနေကြောင်း  Global World Insurance ဒါရိုက်တာ ဦးစိုးဝင်းသန်းက ပြောသည်။

ကျွန်တော်တို့ ကုမ္ပဏီက မကွေးဘက်ကိုသွားတဲ့   အဝေးပြေးယာဉ်လိုင်းတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားအာမခံရောင်းတာ များတယ်။   အဝေးပြေးယာဉ်လက်မှတ် တစ်စောင်ရောင်းရတိုင်း   ကျွန်တော်တို့က  အာမခံတစ်ယူနစ် ရောင်းရတယ်။ ဒီကာလမှာတော့   ခရီးသွားအာမခံထားသူ   မရှိ သလောက်ပါပဲ။    ဒီဇင်ဘာလလောက် ဆိုရင်တော့ အဝေးပြေး ယာဉ်လိုင်းတွေကို အရင်ကလိုပဲ    ထိုင်ခုံအကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြုမယ်လို့ ထင်ပါတယ်။ အဲဒီ အခါကျရင်တော့   ခရီးသွားအာမခံထားရှိသူ    ပြန်လည် မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်ဟု ဦးစိုးဝင်းသန်းက ပြောသည်။

ခရီးသွားအာမခံကို   မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ ၂၅ ခု က   အခြေခံဈေးနှုန်း   တစ်ယူနစ်လျှင် ငွေကျပ်  ၃၀၀  ဖြင့် ရောင်းချနေပြီး  ခရီးသွားလာရင်း  ထိခိုက်မှုကြောင့်  သေဆုံးခဲ့ပါက  လျော်ကြေး ငွေကျပ်  သိန်း  ၃၀  ရရှိမည် ဖြစ်ကြောင်း သိရသည်။            

ကျော်ကျော်(AMIA)