၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားနေ့အခမ်းအနားမှ ဂုဏ်ယူပြောကြားသူတို့၏စကားသံများ

၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားနေ့အခမ်းအနားမှ ဂုဏ်ယူပြောကြားသူတို့၏စကားသံများ

၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-II)၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်လာသည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ပြခန်းတာဝန်ခံတို့၏ ပြောကြားသည့်စကားသံများကို ပြန်လည်ဖော်ပြလိုက်ရပါသည်-

ဦးဇော်မျိုးလတ်၊ ညွှန်ကြားရေးမှူး၊

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊

မန္တလေးတိုင်းဒေသကြီးပြခန်းတာဝန်ခံ

ကမ္ဘာ့ခရီးသွားနေ့(၂၀၂၃)အခမ်းအနားမှာ ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်   ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေနဲ့    ပြခန်းဝင်ရောက်ပြသခဲ့ပါတယ်။ ပြခန်းပြသရတဲ့ ရည်ရွယ်ချက် ကတော့ ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်တဲ့နေရာမှာ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လို့ရတဲ့ ပုဂံ၊ ပြင်ဦးလွင်၊ မိုးကုတ်နဲ့     မန္တလေးဒေသတွေမှာရှိတဲ့ အထင်ကရနေရာတွေကိုပြသထားပါတယ်။  ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တဲ့အခါမှာ ဒေသခံတွေရဲ့ ဝင်ငွေရရှိရေးအတွက် အဲ့ဒီဒေသတွေမှာထုတ်လုပ်တဲ့ အစားအစာတွေ၊  လက်မှုလုပ်ငန်းတွေ၊ အဝတ်အထည်တွေကိုလာရောက်ပြသခြင်း ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရေမြေတောတောင်သဘာဝအလှအပတွေ၊ အပန်းဖြေအနားယူနိုင်တဲ့နေရာတွေ များစွာရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးကို လာရောက်ခြင်းဖြင့် ခရီးသွား ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုတွေ၊ လည်ပတ်မှုကောင်းတဲ့ နေရာတွေ တစုတစည်းတည်းရှိတဲ့အတွက် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ 

မန္တလေးတိုင်းဒေသကြီးမှာ    ပြည်တွင်းခရီးသွား မြှင့်တင်မှုအနေနဲ့ ဒီဇင်ဘာလမှာ နှစ်စဉ်နှစ်တိုင်း     ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးသွားခရီးစဉ် အစီအစဉ်တစ်ခုကို ဖော်ထုတ်ဆောင်ရွက်လျက် ရှိပါတယ်။ အဓိကကတော့ ဒေသခံပြည်သူများနဲ့ အဝေးမှ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ပါဝင်စီးနင်းလို့ ရအောင်စီစဉ်ပေးထားပါတယ်။ ဒီဇင်ဘာလမှာအဲ့လိုဆောင်ရွက်ခဲ့တာနှစ်နှစ်ရှိပါပြီ။ ဒီနှစ်လည်းဆောင်ရွက်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဦးအောင်မြတ်မင်း၊ (ပြန်/ဆက်ရုံးချုပ်) ဓာတ်ပုံပထမဆု

ကျွန်တော့်အနေနဲ့   ကမ္ဘာ့အကြီးဆုံးထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ပုံနဲ့ယှဉ်ပြိုင်ခဲ့တာ ပထမဆုရခဲ့တာ ဖြစ်ပါတယ်။ အခုလိုပုံကောင်းတစ်ပုံရဖို့အတွက် ကျွန်တော့်အနေနဲ့ ခုနစ်ရက်လောက် သွားရိုက်ခဲ့ရပါတယ်။ လိုချင်တဲ့ Lighting ,Location  ရာသီဥတုအခြေအနေအရ ရွေးချယ်ခဲ့ရခြင်းကြောင့် အခေါက်ရေများစွာ သွားပြီးရိုက်ခဲ့ရပါတယ်။ အခုလိုဆုရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ဓာတ်ပုံတွေနဲ့ ဖမ်းစားရတာတွေရှိတယ်။ အခုကျွန်တော် ဆုရခဲ့တဲ့ပုံနဲ့ ခရီးသွားကဏ္ဍကို တစ်ထောင့်တစ်နေရာက အထောက်အပံ့ဖြစ်မယ်ဆိုရင် ကျေနပ်နေမိမှာပါ။ ကျွန်တော်တို့နိုင်ငံက ထေရဝါရဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ပြည်ပနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေ အများစု လာရောက်လည်ပတ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်တွေဟာ ယခင်က ရန်ကုန်က ရွှေတိဂုံစေတီတော်၊ မန္တလေးမှာဆို မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊   ပုဂံက ရှေးဟောင်းစေတီပုထိုးများကို အဓိကလေ့လာဖူးမြော်လေ့ရှိကြပါတယ်။   အခု အချိန်ဆို  ကျွန်တော်တို့နေပြည်တော်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကလည်း မဖြစ်မနေ လာရောက်လေ့လာ ဖူးမြော်ကြမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ ဓာတ်ပုံနဲ့ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ်ဆိုရင်  အတိုင်းမသိဝမ်းသာမိမှာ ဖြစ်ပါတယ်။

ဦးမြင့်သန်း၊(ကျောက်ဆည်)

ဓာတ်ပုံဒုတိယဆု

ကမ္ဘာ့ခရီးသွားနေ့(၂၀၂၃)ဓာတ်ပုံပြိုင်ပွဲခေါ်တဲ့အချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဒုတိယဆုရရှိခဲ့ပါတယ်။   အခုဆုရရှိတဲ့ ဓာတ်ပုံကို ကျောက်ဆည်မြို့ အရှေ့ဘက်မှာရှိတဲ့ ဓာတ်တော်တောင်မှာရိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုရ ဓာတ်ပုံကောင်းတစ်ပုံရဖို့ ဓာတ်တော်တောင်ပေါ်ကို တက်ရတာဟာ ၁၅ ခေါက်လောက် တက်ခဲ့/ရိုက်ခဲ့ရပါတယ်။ လိုချင်တဲ့  Lighting ,Location  ရာသီဥတုအခြေအနေအရ ရွေးချယ်ခဲ့ရခြင်းကြောင့် အခေါက်ရေများစွာသွားပြီးရိုက်ခဲ့ရပါတယ်။   ဓာတ်ပုံတစ်ပုံကောင်းရရှိဖို့ ဆိုတာမလွယ်ကူလှပါဘူး။ ကိုယ့်မြို့၊ ကိုယ့်ဒေသက ပုံနဲ့ဆုရခဲ့တာကြောင့်    ပိုပြီးဝမ်းမြောက်ဝမ်းသာရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့    ကမ္ဘာ့ခရီးသွားနေ့(၂၀၂၂)မှာလည်း    ကျွန်တော့်အနေနဲ့ ကျောက်ဆည်ဆင်ကပွဲပုံနဲ့ ယှဉ်ပြိုင်ခဲ့တာ ပထမဆု ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် မိမိဒေသကပုံများနဲ့ ယှဉ်ပြိုင်ရာမှာ  ဆုတွေရရှိခဲ့လို့   ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့ ကျောက်ဆည်ဒေသမှာရှိတဲ့ စွန်ရဲအင်းဒေသဟာဆိုရင်လည်း ခရီးသွားများအတွက် လည်ပတ်လို့ ကောင်းတဲ့နေရာတစ်ခုဖြစ်လို့    ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ဖို့    ဖိတ်ခေါ်ပါတယ်။

ဒေါက်တာပြည့်ထူး၊ (ပြည့်ထူး-မင်းဘူး)၊ ဆောင်းပါးပထမဆု

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ပေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ  ပထမဆုရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ ၇၅ ဦးယှဉ်ပြိုင်ခဲ့တဲ့အထဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။  အဓိကကတော့     ကိုဗစ်-၁၉ ရောဂါကြောင့်  ကျဆင်းခဲ့တဲ့ခရီးသွားကဏ္ဍကို အနာဂတ်မှာ ဘယ်လိုမြှင့်တင်မလဲဆိုတဲ့ဟာကို  People ဆိုတဲ့လူတွေအပေါ်မှာ ဘယ်လိုမြှင့်တင်မလဲ၊  Structure တွေအပေါ်မှာ ဘယ်လိုမြှင့်တင်မလဲ၊ မူပိုင်ခွင့်နဲ့ စွန့်ဦးတီထွင်မှုတွေ၊   MSME ကဏ္ဍတွေအပေါ် ဘယ်လိုမြှင့်တင်မလဲဆိုတဲ့ အချက်တွေအပေါ် ဦးတည်ပြီး ရေးသားခဲ့တာပါ။   ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျွန်တော့်ဆောင်းပါးမှာလည်း ပါပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ခရီးသွားကဏ္ဍကိုမြှင့်တင်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းရှိပြီးသား ဖြစ်ပါတယ်။ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ၊  သဘာဝပတ်ဝန်းကျင်ကို မူတည်တဲ့ ခရီးသွားလုပ်ငန်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊  ဓလေ့စရိုက်တွေမူတည်တဲ့ ခရီးသွားကဏ္ဍတွေကိုမြှင့်တင်လိုက်မယ်။ နိုင်ငံတော်အနေနဲ့လည်း ပံ့ပိုးမှုတွေပေးမယ်ဆိုရင်   ပိုမိုကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်းတွေ ဖြစ်လာမယ်ဆိုရင်နိုင်ငံခြားဝင်ငွေ      ရှာဖွေပေးနိုင်တဲ့ကဏ္ဍတစ်ခုဖြစ်လာမယ်လို့   ယုံကြည်ပါတယ်။

မစုပြည့်စံ(ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု)

ကျွန်မကအမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ဒုတိယနှစ်မှာ ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ အဓိကပညာရပ်ကတော့ Tourism နဲ့ Hospitality လို့ခေါ်တဲ့မေဂျာကို  အထူးပြုသင်ကြားနေတာဖြစ်ပါတယ်။   ဒီနေ့  World Tourism Day ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်တုန်းက ပြည်မြန်မာဆိုတဲ့ သီချင်းလေးတစ်ပုဒ်လည်း ဆိုခဲ့ပါတယ်။ ဒီသီချင်းလေးထဲမှာ စိမ်းလန်းဝေဆာပြည်မြန်မာ၊   အေးချမ်းသာယာပြည်မြန်မာ၊ စိတ်ဓာတ်ခိုင်မာပြည်မြန်မာ ဆိုတဲ့သီချင်းစာသားလေးပါပါတယ်။   ကျွန်မအနေနဲ့အားလုံးကိုပြောချင်တာက စိမ်းလန်းဝေဆာ တဲ့ပြည်မြန်မာကြီးဖြစ်မှ အေးချမ်းသာယာ မယ်မဟုတ်ပါလားရှင်။ အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။  နိုင်ငံတစ်နိုင်ငံမှာ ခရီးသွားကဏ္ဍက ကိုယ့်တိုင်းပြည်ရဲ့ပြည်ပဝင်ငွေအတွက် အရမ်းအရေးကြီးပါတယ်။ ဒုတိယအချက်အနေနဲ့ ခရီးသွားကဏ္ဍဆိုတဲ့နေရာမှာ ကျွန်မတို့မှာရှိတဲ့ ရေ၊ မြေ၊ တောတောင်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုသလို၊ ကျွန်မတို့မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ လိုပါတယ်။ အဲ့ဒီအတွက် ပြုပြင်ထိန်းသိမ်းရေးလည်း ရှိရမယ်။

နောက်ထပ်တစ်ချက်အနေနဲ့ စီးပွားရေးအရ နိုင်ငံ့ဝင်ငွေကိုလည်း   ရရှိတဲ့ကဏ္ဍတစ်ခုလည်းဖြစ်တယ်။ ဒါကြောင့်မို့  ကျွန်မတို့အနေနဲ့ ဒီပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းခြင်းသည် ကမ္ဘာကြီးအတွက် လည်းကောင်း သလို၊      ပတ်ဝန်းကျင်အတွက်လည်း ကောင်းတာဖြစ်တဲ့အတွက် ကျွန်မတို့လူငယ်တွေ၊ တိုင်းပြည်ရဲ့ အကြီးအကဲတွေအားလုံး လက်တွေ့လုပ်ဆောင်ပြီးတော့   ကဏ္ဍအသီးသီးမှာရှိတဲ့  လူငယ်တွေကိုလည်း အသိပညာပေးပြီး    ခရီးသွားကဏ္ဍကို   ပိုမိုမြှင့်တင်တိုးတက်အောင်  လုပ်ဆောင်သင့်တယ်လို့    ကျွန်မအနေနဲ့ယူဆမိပါတယ်။

မမြမဉ္ဇူထက်(အဆင့်မြင့်ပညာအဆင့် စာစီစာကုံး ပထမဆု)

ကျွန်မကအမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကပါ။  Tourism and Green Investment အဆင့်မြင့်ပညာ စာစီစာကုံးပြိုင်ပွဲမှာ  ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ စာစီစာကုံးမှာ  Tourism and Green Investment   ဖြစ်တဲ့အတွက်ကြောင့် Tourism လုပ်ငန်းကိုလည်း မြှင့်တင်ရင်း ဒီဘက်က သဘာဝပတ်ဝန်းကျင် ကိုလည်း ထိန်းသိမ်းရင်း ဒီလိုမျိုးနှစ်ခုကြားမှာ မျှတအောင် ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာကို ထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ်။ ကျွန်မရေးသားထားခဲ့တဲ့ စာစီစာကုံးထဲမှာဆိုရင် ကျောင်းမှာဆရာ၊ ဆရာမတွေက သင်ပေးရင်း ပြောပြခဲ့တဲ့အကြောင်းအရာများကိုလည်း ထည့်သွင်းရေးခဲ့ပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေလာတဲ့အခါမှာ ခရီးသွားလုပ်ငန်းများအတွက် အကျိုးရှိသလို တစ်ဖက်မှာလည်း ခရီးသွားဧည့်သည်များက အမှိုက်စွန့်ပစ်တာတွေ ရှိကြတဲ့အတွက် သဘာဝ

ပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်များကို စည်းကမ်းသတ်မှတ်ပြီး ဒဏ်ကြေးငွေကောက်ခံတာမျိုး လုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်စေမှာ ဖြစ်ပါတယ်။     ။

လင်းပြည့်စုံ