နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံများ

နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံများ

အကြိမ်(၃၀)မြောက် တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို ပြည်တွင်း၊ ပြည်ပမှဆေးပညာရှင် များ၊ ပါရဂူများဖြင့် ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံကြီး(ခုတင်-၇၀၀)တွင်  အောက်တိုဘာ ၃ ရက် မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါကွန်ဖရင့် အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာ အသုံးပြု ခွဲစိတ်လေ့ကျင့်ရေး ခန်းမဆောင်၌ စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါမောက္ခများ၊ အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ ထင်ရှား ကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ တက်ရောက်ကြပြီး သက်မဲ့ခန္ဓာကို အသုံးပြု၍ လက်တွေ့ လေ့ကျင့်သင်ကြား ဆွေးနွေးခွင့်ရရှိခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဝမ်းမြောက် ဂုဏ်ယူဖွယ် စကားသံတို့ကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးချုပ်ခင်အောင်ထွန်း(တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်)

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆိုင်ရာ ဆေးပညာနှီးနှော ဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆  ရက်နဲ့၂၇  ရက်တို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တာ အကြိမ် (၃၀)ရှိပါပြီ။ ဒီနှစ် အကြိမ် (၃၀)မြောက်ကွန်ဖရင့်က ထူးခြားပါတယ်။ အရင်က ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီးတော့ ဒီနှစ်ပြင်ဦးလွင်မြို့မှာ ကျင်းပသွားမှာပါ။ ပြင်ဦးလွင်    တပ်မတော်ဆေးရုံကြီး (ခုတင်-၇၀၀)ဟာ နှစ်(၁၀၀)ပြည့်ခဲ့ပြီး ဆေးရုံကြီးအနေနဲ့ တပ်မတော်နဲ့တိုင်းပြည်အကျိုးကို  ထမ်းဆောင်ခဲ့တာ နှစ်ပေါင်း(၁၀၀)ပြည့်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို ပြင်ဦးလွင်မြို့မှာ ကျင်းပ သွားမှာဖြစ်ပါတယ်။

ဒီနှစ်ညီလာခံမှာ အလုပ်ရုံဆွေးနွေးပွဲနှစ်ခုပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ကျင်းပခဲ့တဲ့ Flap Surgery in Combat Medical Care ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲက  ညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဖြစ်ပါတယ်။  ဒီအလုပ်ရုံဆွေးနွေးပွဲကို တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ဦးစီး ဆောင်ရွက် တာဖြစ်ပါတယ်။

Flap Surgery in Combat Medical Care ဆိုတာက စစ်မြေပြင်ဒဏ်ရာသို့မဟုတ် အခြားသော ထိခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာတွေမှာ ဒဏ်ရာပြန်လည်ပိတ်ဖို့ မလွယ်ကူတဲ့ကိစ္စတွေမှာ အခြား တစ်နေရာက အသားအစားထိုးပြီး ခွဲစိတ်ကုသတဲ့နည်းလမ်းမျိုးစုံကို လက်တွေ့လေ့လာ ဆွေးနွေးကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အောင်မြင်ဖို့ အရိုးရောဂါ ပညာဌာနနဲ့ တပ်မတော် ဆေးတက္ကသိုလ်တို့ ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲက ခွဲစိတ်မှုပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာဆိုရင် တပ်မတော်ဆေးတက္ကသိုလ်မှာ လာရောက် လှူဒါန်း ထားတဲ့ သက်မဲ့ဆရာ (Silent Mentor) လို့အမည်ပေးထားတဲ့ သက်မဲ့ခန္ဓာနဲ့ ခွဲစိတ် လေ့ကျင့်တာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အရေးအကြီးဆုံးဟာ သက်မဲ့ဆရာများ ဖြစ်ပါတယ်။ ကြည်ဖြူစွာနဲ့လေ့ကျင့် သင်ယူခွင့်ရအောင် ခန္ဓာကို လှူဒါန်းခဲ့တဲ့အတွက် သက်မဲ့ဆရာများအဖြစ် ဂုဏ်ပြု ခေါ်ဝေါ်ထားပါတယ်။

အထူးသဖြင့် သက်မဲ့ခန္ဓာကိုအသုံးပြုတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက် ရာမှာခက်ခဲပါတယ်။ ဒီလိုအခက်အခဲတွေကြားက တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ နောင်အနာဂတ်မှာ ပါရဂူ ဖြစ်လာမယ့် ပါရဂူလောင်းများအတွက် လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်နေတာကြောင့် မဖြစ်မနေ  ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံက လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပါရဂူတစ်ဦးကို   ဖိတ်ခေါ်ပြီး ခွဲစိတ်မှုပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့် အလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ်မှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင် တဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တယ်လို့ပြောရမှာပါ။

ဒေါက်တာမိုဟစ်ရှာမား (အိန္ဒိယနိုင်ငံဒေလီမြို့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး)

ကျွန်တော်က အိန္ဒိယနိုင်ငံ  ဒေလီမြို့  လက်ပိုင်းဆိုင်ရာနဲ့ ပြုပြင်အစားထိုးမှုဆိုင်ရာ ပါမောက္ခဌာနမှူး ဒေါက်တာ မိုဟစ်ရှာမားဖြစ်ပါတယ်။ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ဒုတိယ ဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း ဖိတ်ကြားမှုနဲ့ အကြိမ် (၃၀)မြောက် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ လူငယ် ဆရာဝန်တွေကို ပြုပြင်အစားထိုးခွဲစိတ်ပညာနဲ့သက်ဆိုင်တဲ့ ခွဲစိတ်ပညာရပ်တွေကို Silent Mentor လို့ခေါ်တဲ့  သက်မဲ့ ခန္ဓာကို အသုံးပြုပြီး လေ့ကျင့်သင်ကြားမှုကိုလာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေဟာ ခက်ခက်ခဲခဲ ဆောင်ရွက်ရလေ့ရှိပါတယ်။ ယေဘုယျအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာပဲ ဆောင်ရွက်နိုင်ကြတာပါ။ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနအနေနဲ့ ပြည်တွင်း၊ ပြည်ပကဆေးပညာရှင်တွေကိုစုစည်းပြီး ဒုတိယအကြိမ် နိုင်ငံတကာအဆင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ ဒီလို အရိုးရောဂါ နယ်ပယ်က ဆေးပညာရှင်များရဲ့ စုပေါင်းစွမ်းအားနဲ့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာ မြင့်မားတဲ့ ပထမဆုံးသော  သက်မဲ့ခန္ဓာကိုအသုံးပြုတဲ့ လက်တွေ့လေ့ကျင့်သင်ကြားပေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ဂုဏ်ယူကြောင်း ပြောကြားလိုပါ တယ်။   ကျေးဇူးတင်ပါတယ်။

ဒေါက်တာရဲလင်းနိုင် ( ဆေးတက္ကသိုလ်(၁) ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသား)

အခုလိုအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် တပ်မတော်အရိုးရောဂါပညာဌာနက   ပါမောက္ခ ဌာနမှူးနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဆေးပညာနှီးနှော ဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံခြားက လာရောက်သင်ကြားပေးတဲ့ ဆရာဝန်တွေအပြင် ဆေးတက္ကသိုလ်(၁)၊ (၂)က ပါမောက္ခ လက်ခွဲစိတ်ဆရာဝန်ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်က လက်ခွဲစိတ်ပါရဂူများ သင်ကြားမှုနဲ့ ကျွန်တော်တို့ကိုယ်တိုင် လူနာကို ခွဲစိတ်နေရသလို သက်မဲ့ခန္ဓာကို အသုံးပြုပြီး လက်တွေ့လေ့ကျင့်ခွဲစိတ်ရတဲ့အတွက် စာတွေ့၊ လက်တွေ့ပိုင်းဆိုင်ရာမှာ အကျိုးကျေးဇူး ရရှိပါတယ်။ ဒီလိုအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ဆိုရင်   အဘက်ဘက်က လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်မှ သာအောင်မြင်တာပါ။

အထူးသဖြင့် သင်ထောက်ကူပစ္စည်းများနဲ့ ရုပ်ဝတ္ထုလိုအပ်လေ့ရှိတာကြောင့် ကျွန်တော်တို့လို ပါရဂူ ဘွဲ့လွန်သင်တန်းသား တွေအတွက် အင်မတန်လိုအပ်တဲ့သင်တန်း တစ်ခုလည်းဖြစ်ပါတယ်။   နိုင်ငံခြားက သင်တန်းဆရာ၊ ပြည်တွင်းကခွဲစိတ်ပါရဂူကြီး တွေလည်း ပါဝင်တဲ့အတွက် နိုင်ငံတကာ အဆင့်မီသင်တန်းလို့ပြောရမှာပါ။ စာတွေ့၊ လက်တွေ့နဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့အပြင် ဗီဒီယိုဖိုင်နဲ့ အသေးစိတ်သင်ကြားပေးတဲ့အတွက် ဆေးပညာပိုင်းဆိုင်ရာမှာ အကျိုးဖြစ်ထွန်းစေတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုဖြစ်ပါတယ်။ အခုလိုတက်ရောက်သင်ကြားနိုင်ဖို့    စီစဉ်ဆောင်ရွက်ပေးတဲ့ တပ်မတော် ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ပါမောက္ခဌာနမှူးနဲ့ သင်ကြားပေးတဲ့ ပြည်တွင်း၊ ပြည်ပက ပါမောက္ခ၊ဌာနမှူးများ၊   လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ယခုလို သင်ကြား လေ့ကျင့်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။     ။

 သစ္စာ (MNA)

ဓာတ်ပုံ-ဇွဲမာန်