(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဆုတံဆိပ်ရရှိသူများနှင့် ပြခန်းများ ပါဝင်ပြသသူများ၏ စကားသံများ

(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဆုတံဆိပ်ရရှိသူများနှင့် ပြခန်းများ ပါဝင်ပြသသူများ၏ စကားသံများ

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ပြခန်းပါဝင်ပြသသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

 

ဒုတိယရဲမှူးကြီးဇော်ဌေးဦး (အတွင်းရေးမှူး၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားပြခန်း ခင်းကျင်းပြသရေး ဆပ်ကော်မတီ)

    နှစ်စဉ် အောက်တိုဘာ  ၁  ရက်နေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့နေ့ အခမ်းအနားများကို အောင်မြင်စွာ ကျင်းပလာတာ ဒီနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနား အပါအဝင် (၅၉)နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ပြခန်းခင်းကျင်းပြသရေး ဆပ်ကော်မတီအနေနဲ့ ကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့နေ့ အခမ်းအနားပြခန်းမှာ ခင်းကျင်းပြသမယ့် ဌာနနဲ့တပ်ဖွဲ့(၂၁)ခုတို့မှ ၎င်းတို့ရဲ့ ရည်မှန်းချက်တာဝန်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်လာတဲ့ ပြည်တွင်း၊ ပြည်ပမှဧည့်သည်

တော်များ၊   လာရောက်လေ့လာကြတဲ့ အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုပ်သံများကို စောင့်မျှော်ကြည့်ရှုနေကြတဲ့ပြည်သူများ သိရှိရန်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုများကို အားကျအသိအမှတ်ပြု ဂုဏ်ယူနိုင်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ   ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပြခန်းများ ခင်းကျင်းပြသရခြင်း ဖြစ်ပါတယ်။

ရဲမှူးသူဇာအောင် (သတင်းရဲတပ်ဖွဲ့ပြခန်းတာဝန်ခံ)

    သတင်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်နှင့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ အများပြည်သူတို့ကြည့်ရှု လေ့လာနိုင်ရေးအတွက် ရည်ရွယ်၍   ခင်းကျင်းပြသခြင်း ဖြစ်ပါတယ်။ သတင်းရဲတပ်ဖွဲ့ပြခန်းမှာ လုံခြုံရေး အထောက်အကူပြုပစ္စည်း၊ လုံခြုံ ရေးသုံး ဝတ်စုံများကို ရုပ်လုံးရုပ်ကြွများနဲ့ တကွပြသထားပြီး    တပ်ဖွဲ့ဝင်များရဲ့ စွမ်းရည်မြှင့်တင်ရေး အတွက်  လေ့ကျင့်ဆောင်ရွက်နေမှု ဓာတ်ပုံမှတ်တမ်းများကို ခင်းကျင်းပြသထားပါတယ်။   ဒါ့အပြင် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရာမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များဖြစ်တဲ့ ဓာတ်ပုံရိုက်ကူးခြင်း၊ Biometric Fingerprint Scanner ဖတ်ခြင်း(လက်ဗွေဖတ်စက်)၊ Dual Iris Scanner ဖတ်ခြင်း(မျက်ကြည်လွှာဖတ်စက်) နဲ့ Signature Pad  လက်မှတ်ရေးထိုးခြင်း၊ ကိုယ်ရေးအချက်အလက် ရေးသွင်းခြင်း စတဲ့လုပ်ဆောင်ချက်များကို   လက်တွေ့ပြသွားပေးမှာဖြစ်ပါတယ်။

ရဲမှူးစိုးမြင့်ဦး (ယာဉ်ထိန်းရဲတပ်ဖွဲ့ ပြခန်းတာဝန်ခံ)

    (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကိုယ်စားပြုအနေနဲ့ ဘုတ် ၁၀  ဘုတ်နဲ့ပါဝင်ခင်းကျင်း ပြသထားပါတယ်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်နဲ့ လုပ်ငန်း တာဝန်တွေ၊     အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းရေးစနစ် ငါးမျိုး စတဲ့အခန်းကဏ္ဍအလိုက် ခင်းကျင်းပြသထားပါတယ်။ ဒီလိုခင်းကျင်းပြသခြင်းအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့    ရည်မှန်းချက် တာဝန်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့    ဆောင်ရွက်ချက် မှတ်တမ်းများကို ပြည်သူလူထုကို ချပြနိုင်ဖို့ အတွက် ခင်းကျင်းပြသထားခြင်းဖြစ်ပါတယ်။ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဟာဆိုရင် ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ သတ်မှတ်ထားတဲ့ အမြန်နှုန်းပိုမိုမောင်းနှင်မှုများကို စစ်ဆေး အရေးယူနိုင်ဖို့အတွက် အရှိန်နှုန်းတိုင်းကိရိယာ၊ အရက်သေစာသောက်စားပြီး မောင်းနှင်သူများကို စစ်ဆေးနိုင်ဖို့အတွက် အရက်မူးတိုင်းကိရိယာ စတာတွေကို ခင်းကျင်းပြသထားပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာပြီး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

ဒေါ်အိဖြိုးဝေ (ရဲသီဟတံဆိပ်ရ၊ ဒုတိယရဲမှူးစိုးစိုးပိုင် ကျဆုံး၏ဇနီး)

    ကျွန်မအမျိုးသားက သူဦးစီးတဲ့ နယ်ခြားမှတ်တိုင်(၄၀)ရဲကင်းစခန်းကို ရက်ပေါင်း ၃၀    ရက်တိုင်အောင်    အကြမ်းဖက်သောင်းကျန်းသူများက သာလွန်အင်အားများစွာနဲ့ နေ့/ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်များနဲ့   ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ခေါင်းဆောင်ကောင်း ပီသစွာနဲ့ လက်အောက် တပ်ဖွဲ့ဝင်များအပေါ် စနစ်တကျ ကွပ်ကဲကြပ်မတ်ကာ “ငါမသေငါ့စခန်းမကျစေရ”  ဆိုတဲ့  စိတ်ဓာတ်နဲ့ သူ့အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ဦးဆောင်ပြီး ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ ကျွန်မအနေနဲ့ကတော့ နိုင်ငံတော်အပေါ် ဒီလိုတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါကြောင့်လည်း  ဒီနေ့ ဒီပွဲကိုလာတက် တာပါ။ နိုင်ငံတော်အနေနဲ့ကလည်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ    စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်    ရဲသီဟတံဆိပ် ချီးမြှင့်ခြင်း ခံရတာဖြစ်ပါတယ်။

ဒုတိယတပ်ကြပ်ရှိုင်းထက်အောင် (ရဲဗလတံဆိပ်)

    ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းမှာ တာဝန် ထမ်းဆောင်ရင်း ဒီရဲဗလတံဆိပ်ကို ချီးမြှင့်ခြင်းခံရတာပါ။ ဖြစ်စဉ်ဖြစ်ခဲ့တာကတော့ PDFအမည်ခံ အကြမ်းဖက်သမားများက သာလွန်အင်အားများစွာနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဦးစီးခေါင်းဆောင် ရဲမှူးငြိမ်းချမ်း ဒဏ်ရာရရှိပြီး ဒီတိုက်ပွဲကို ကွပ်ကဲနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါကြောင့် ထိရောက်တဲ့ပစ်ကူပေးနိုင်ရေးအတွက် တိကျစွာ ပစ်မှတ်ညွှန်ပြပေးမှုများကို ကျွန်တော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း PDF  အမည်ခံ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာနဲ့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြပါတယ်။ ဒီလို နိုင်ငံတော်လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို  စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ် ရဲဗလတံဆိပ်ချီးမြှင့်ခြင်း ခံရတာဖြစ်ပါတယ်။

ဦးကြီးမြင့်(ခ)ဦးကတုံး(ရဲဗလတံဆိပ်)

    ကျွန်တော့်ရဲ့ မတ်ပဲခင်းကနေ ရွာကို ပြန်လာတဲ့အခါမှာ  အကြမ်းဖက်သမား နှစ်ဦးက လမ်းမှာ  သေနတ်နဲ့စောင့်ကြိုပစ်ခတ်တဲ့အတွက်  ဒဏ်ရာများ ရရှိခဲ့ပါတယ်။   ဒါပေမဲ့  ပြန်လည်ခုခံလုံးထွေး ဖမ်းဆီးခဲ့တော့ သူတို့နှစ်ဦးထံက ပစ္စတို သေနတ် နှစ်လက်၊ ကျည်ငါးတောင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်က ကိုယ့်အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်နဲ့အကြမ်းဖက်သမား များကို ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲဗလတံဆိပ် ချီးမြှင့်ခြင်းခံရတာပါ။ နိုင်ငံတော်အနေနဲ့  ခုလိုအသိအမှတ်ပြုပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။   ။