ရော်ဘာလုပ်ငန်းအတွက် နိုင်ငံတော်မှ ချေးငွေချထားပေးနိုင်ရေး တင်ပြထား

COVID-19  ရောဂါအခြေအနေကြောင့် ဈေးကွက်အထိနာခဲ့သည့် ရော်ဘာလုပ်ငန်းများအတွက် နိုင်ငံတော်မှ ချေးငွေ ချထား ပေးနိုင်ရေး   တင်ပြထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း  အတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောကြားချက်အရ သိရသည်။

COVID-19  ရောဂါအခြေအနေကြောင့်     ယခုနှစ်မေလဆန်းပိုင်းမှစ၍     ရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့ပြီး၊ ရော်ဘာလုပ်ငန်းရှင်များ  အထိနာကာ    မိုးရာသီကာလ  ခြံပိတ်ချိန်  ခြံပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်ပင်   ငွေကြေးမလုံလောက်မှုများ တွေ့ကြုံခဲ့ရကြောင်း သိရသည်။

လက်ရှိ    ပွင့်လင်းရာသီကာလတွင် ရော်ဘာခြံများ ပြန်ဖွင့်ပြီး ပြည်ပသို့ရော်ဘာ ပြန်လည်တင်ပို့ချိန်၌ တင်ပို့မှု ကျဆင်းခြင်းနှင့် ထပ်မံတွေ့ကြုံနေရခြင်း ဖြစ်သည်။

ထို့ကြောင့်   ရော်ဘာခြံကြီးသမားများ အနေဖြင့်   လုပ်ငန်းဆက်လက် ရပ်တည်နိုင်သော်လည်း   ရော်ဘာခြံငယ် သမားများမှာ အခက်အခဲများ တွေ့ကြုံနေရသဖြင့်   နိုင်ငံတော်မှ ချေးငွေချထားပေးနိုင်ရန် တင်ပြထားခြင်းဖြစ်သည်။

သို့သော်  COVID-19  စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ နိုင်ငံတော်မှ  ချေးပေးသည့် ချေးငွေအစီအစဉ်အတွက် ရော်ဘာခြံလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့် ချေးငွေမရရှိသေးကြောင်း သိရသည်။

အစိုးရကချေးပေးတဲ့ COVID-19 Fund ချေးငွေအတွက် ရော်ဘာလုပ်ငန်းတွေ  သတ်မှတ်ချက်နဲ့မပြည့်စုံမှုက  ၉၉ ရာခိုင်နှုန်းလောက်ဖြစ်နေတယ်။ အဓိကကတော့ ပိုင်ဆိုင်မှု၊ မီးအာမခံ၊ သုံးနှစ်စာ အခွန်ပေးဆောင်ထားတဲ့ စာရွက်စာတမ်းတွေ မရှိကြတာကြောင့်ပါဟု ဦးခိုင်မြင့်က ပြောသည်။

လက်ရှိ မြန်မာ့ရော်ဘာသည် ထိုင်းနိုင်ငံမှထွက်ရှိသည့် ရော်ဘာထက် အရည်အသွေး နိမ့်ကျနေခြင်းကြောင့် ဈေးကောင်းမရရှိဘဲ  အရည်အသွေးထိန်းချုပ်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(AMIA)