အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်

အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်

ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါ ကုသဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားမှ တာဝန်ရှိသူများ၏ စကားသံများ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)  နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဓာတ် ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမှတ် (၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တွင် ကျင်းပရာ အဆိုပါအခမ်းအနားမှ တာဝန်ရှိသူများ၏ စကားသံများအား ဖော်ပြလိုက်ပါသည်။

ဗိုလ်ကြီးကျော်လင်းစိုး (ကင်ဆာပါရဂူ)

နှစ် ၁၀၀ ပြည့်ပွဲနှင့်အတူ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ကြီးကို ဖွင့်လှစ်နိုင်ပြီဖြစ်တဲ့ အတွက် နောက်ပိုင်းမှာဆိုရင် ဆေးသွင်းကုသမှုတွေအပြင် ဓာတ်ရောင်ခြည်ကုသမှုတွေပါ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံမှာကတော့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာအဖြစ်များတာကို တွေ့ရှိ ရပြီး ဒုတိယအများဆုံးကတော့ အူမကြီးကင်ဆာနှင့် အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို  အများဆုံး တွေ့ရှိရပြီး ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာတွေကို တွေ့ရှိရပါတယ်။   

ကင်ဆာရောဂါက မကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး တော်တော်ဆိုးတဲ့ရောဂါဖြစ်ပါတယ်။ ရောဂါတွေက ကာကွယ်လို့ရနိုင်တာရှိသလို ကာကွယ်လို့မရနိုင်တာလည်း ရှိပါတယ်။  ရောဂါ ၄၀ ရာခိုင်နှုန်းလောက်က ကာကွယ်လို့ရပါတယ်။ အဓိကကတော့ အစားအသောက်ကို သတိထားရမှာ ဖြစ်ပါတယ်။ အသင့်စား အစားအသောက်၊ ဆိုးဆေးပါ အစားအသောက်၊ တခြားဓာတုပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ အစားအစာများ မစားသုံးသင့်ပါဘူး။ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်များကို   စားသုံးသင့်ပါ တယ်။ နှစ် ၁၀၀ ပြည့်ပွဲနှင့်အတူ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် လူနာတွေက ဆေးသွင်းကုသမှုအပြင် ဓာတ်ရောင်ခြည်ကုသမှုတွေပါ တစ်နေရာတည်း   လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် များစွာအဆင်ပြေပြီး လူနာတွေအတွက် အများကြီးဝမ်းသာ ဂုဏ်ယူမိ ပါတယ်။

ဗိုလ်မှူးကြီးဇင်မင်းအောင် (သားဖွားမီးယပ်၊ ကလေးရောဂါကုသမှုဌာန ဌာနကြီးမှူး)

၁၉၂၃ ခုနှစ်မှစတင်ပြီး အင်္ဂလိပ်စစ်ဆေးရုံအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။နောက်ပိုင်းမှာ ဆေးရုံ ဖွဲ့စည်းပုံ တဖြည်းဖြည်း တိုးချဲ့လာကာ ၁၉၄၆ ခုနှစ်မှာ အမှတ် (၁)စစ်ဆေးရုံ မေမြို့အနေနဲ့  ဖွဲ့စည်းကာ ၁၉၄၈ ခုနှစ်   လွတ်လပ်ရေးရပြီး ဗမာ့တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)ဖွဲ့စည်းခဲ့ပါ တယ်။ ၁၉၅၃ ခုနှစ်မှာ အခြေစိုက်စစ်ဆေးရုံ (ခုတင်-၅၀၀)အနေဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ အမှတ်(၁) အခြေချစစ်ဆေးရုံ (ခုတင်-၅၀၀) မေမြို့အနေနဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ အမှတ်(၁)အခြေချစစ် ဆေးရုံ(ခုတင်-၇၀၀) မေမြို့အနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) အနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ကင်ဆာဓာတ်ရောင်ခြည် ကုသမှုအပါအဝင် ဌာနတွေကို တိုးချဲ့ဖွဲ့စည်းထားတဲ့ ဆေးရုံကြီးအဖြစ် ပေါ်လာပါတယ်။ တပ်မတော်ရဲ့သမိုင်း အစဉ်အလာကောင်း တွေကို  ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် သမိုင်းတန်ဖိုးကိုဂုဏ်ယူတတ်စေရန်ရည်ရွယ်ပြီး ရာပြည့်ပွဲကို ကျင်းပတာဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးအောင်ခန့် (ပြတိုက်တာဝန်ခံ)

ယနေ့ကျင်းပတဲ့ အခမ်းအနားမှာအပိုင်း ၃ ပိုင်းဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြခန်းမှာခင်းကျင်း ပြသမှုအနေနဲ့ကတော့ ဓာတ်ပုံ ၃၃၅ ပုံကို ပြသသွားမှာဖြစ်ပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဆေးတပ်ဖွဲ့ဝင်များအပေါ်လမ်းညွှန်ချက်၊ အမှတ် (၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ရဲ့  ပြောင်းလဲ လာမှုသမိုင်းအကျဉ်း၊  ဆေးဝန်ထမ်းညွှန်ကြားရေးမှူးများ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ နှစ်  ၁၀၀ ပြည့် အဆောက်အအုံ မှတ်တမ်းဓာတ်ပုံများ အစရှိသော မှတ်တမ်းဓာတ်ပုံများကို ပြသထားပါတယ်။

ဗိုလ်မှူးကြီးမေသွေးကို

ကင်ဆာလူနာတွေမှာက အဓိကနည်းလမ်းသုံးခုရှိပါတယ်။ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည် ကုသခြင်း နှင့်ဆေးသွင်းကုသခြင်းဆိုပြီး ရှိပါတယ်။ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) မှာဆိုရင် နှစ်များစွာကပင် ခွဲစိတ်ကုသမှုနှင့် ဆေးသွင်းကုသမှုဆောင်ရွက်ခဲ့ပြီး ဓာတ်ရောင်ခြည်ကုသမှုကို ခံယူလို လျှင် အခြားဆေးရုံများကို ပြောင်းရွှေ့ပြီး ကုသရပါတယ်။ အခုအခါမှာတော့ အမှတ်(၁) တပ်မတော် ဆေးရုံ  (ခုတင်-၇၀၀) နှစ် ၁၀၀ ပြည့်အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာ ကုသဆောင်ဖွင့်လှစ်လိုက်ပါပြီ။ ကင်ဆာရောဂါလူနာအားလုံး တစ်နေရာတည်းမှာ ကုသမှုနည်းလမ်း ၃ ခုကိုပြည့်ပြည့်စုံစုံနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ကင်ဆာရောဂါလူနာများရဲ့ ၇၀ ရာခိုင်နှုန်းက ဓာတ်ရောင်ခြည် ကုသမှုကို ခံယူရပါတယ်။ အခုစက်ကြီးက ကင်ဆာရောဂါအမျိုးမျိုးကို     ကုသပေး နိုင်ပြီး ကင်ဆာရောဂါကသေဆုံးမှုအများဆုံးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စစ်တမ်းများအရ ကင်ဆာရောဂါ ဖြစ်ပွားသူ ဦးရေသည်  ကမ္ဘာမှာ ၁၉ ဒသမ ၃ သန်းရှိပါတယ်။ သေဆုံးသူဦးရေ ၁၀ သန်းရှိပါတယ်။ ဒီကိန်းဂဏန်းအရ ၂၀၄၀ ပြည့်နှစ်မှာ ပိုမိုတိုးလာနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၆၄ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းတိုးလာနိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ၄၇ ရာခိုင်နှုန်းတိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

သေဆုံးသူဦးရေရဲ့ ၁၀ သန်းရှိတဲ့အထဲက ၅၈ ရာခိုင်နှုန်းဟာ အာရှနိုင်ငံများမှာဖြစ်ပွားတာဖြစ်ပြီး ကမ္ဘာမှာ အဖြစ်များဆုံး ကင်ဆာရောဂါကတော့ ရင်သားကင်ဆာဖြစ်ပါတယ်။ ဒုတိယက အဆုတ် ကင်ဆာ၊  တတိယက အူမကြီးကင်ဆာဖြစ်တာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာက ကင်ဆာရောဂါ ဖြစ်ပွားမှု များပြားလာတာ တွေ့ရှိရပြီး ၂၀၂၀ ပြည့်နှစ်ကင်ဆာရောဂါ ဖြစ်ပွားမှု လေ့လာချက်အရ အမျိုးသားတွေမှာ အဆုတ်ကင်ဆာအများဆုံးဖြစ်ပြီး အမျိုးသမီးမှာ ရင်သားကင်ဆာ အများဆုံးဖြစ်တာ တွေ့ရပါတယ်။ အခုဆိုအမှတ် (၁)တပ်မတော်ဆေးရုံ  (ခုတင်- ၇၀၀) မှာ ကင်ဆာရောဂါသမားများ အတွက် ဓာတ်ရောင်ခြည် ကုသစက်ကြီးကို တပ်ဆင်လိုက်ပြီဖြစ်တဲ့အတွက် ကျန်းမာရေး ကဏ္ဍပိုပြီး အကျိုးပြုလာနိုင်တဲ့အတွက် ကင်ဆာရောဂါဝေဒနာရှင်များကလည်း တစ်နေရာတည်းမှာ ပြည့်ပြည့် စုံစုံနဲ့ အဆင်ပြေချောမွေ့စွာ ကုသမှုခံယူနိုင်မှာ    ဖြစ်ပါတယ်။    ။

သက်နိုင်ထွန်း