လက်ကျန်စပါးနည်းပါးချိန် အစိုတင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌  မိုးစပါးစိုက်ပျိုးသည့် တောင်သူများတွင် လက်ကျန်စပါးနည်းပါးချိန် စပါးအစိုတင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ဒီနှစ်က ဝါကြီးထပ်ဆိုတော့ မိုးဦးခေါင်တယ်။ တောင်သူအတော်များများ အခြောက်ထယ်ရေးနဲ့ပဲ စိုက်ကြရတယ်။ စပါးပင်တွေ သားကပ်ချိန်မှာ မိုးကပြတ်သွားပြန်ရော။

အဲ့လိုအချိန်သာ မိုးမှန်မှန်ရွာလိုက်ရင် စပါးအောင်တာပေါ့။ အခုဟာက မိုးမမှန်လို့ အဖျင်းခတ်ကုန်တာ။ တစ်ဧကကို တင်း ၅၀တောင်အနိုင်နိုင်ရတယ်ဟု   ဒေသခံတောင်သူတစ်ဦးက ပြောသည်။

တောင်သူများ  မိုးစပါးပေါ်ချိန်တွင် ခရီးသွားလာခက်ခဲမှုကြောင့်  စပါးတင်း ၁၀၀ လျှင် ငွေကျပ်လေးသိန်းခုနစ်သောင်း အထိကျဆင်း သွားခဲ့ပြီး နောက်ပိုင်း၌ ငွေကျပ်ငါးသိန်း ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာချိန်တွင် တောင်သူအများစုမှာ လက်ကျန် စပါးနည်းပါးသွားကြောင်း၊ ယခုလက်ရှိ စပါးအစိုတင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းခွဲ နှင့်အထက် ဈေးနှုန်းမြင့်တက်လာချိန်၌ စပါးအများစုမှာ ကုန်သည်များ၏ လက်ဝယ်တွင်သာရှိ၍   တောင်သူများအနေဖြင့် အကျိုးခံစားခွင့်မရရှိခြင်းသည်    စပါးအခြောက်လှန်းရခြင်း၊ သယ်ယူစရိတ်များအတွက် ကုန်ကျမှုကို ကျော်လွှားနိုင်ရန် ရိတ်သိမ်းပြီးပြီးချင်း အစိုကိုသာ ဒေသပေါက်ဈေးဖြင့် ရောင်းချကြခြင်းကြောင့် ဖြစ်ကြောင်း  သိရသည်။