ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လီဗာပူးအသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်မှဖြစ်ရပ်အတွက် ဒိုင်အဖွဲ့ကို မသမာမှုဖြင့် တစ်ဦးချင်း စစ်ဆေးမှုများပြုလုပ်နေ

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လီဗာပူးအသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်မှဖြစ်ရပ်အတွက် ဒိုင်အဖွဲ့ကို မသမာမှုဖြင့် တစ်ဦးချင်း စစ်ဆေးမှုများပြုလုပ်နေ

 

    ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပြီးခဲ့သည့်ရက်ပိုင်းက ကစားသည့် လီဗာပူးအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှ ဖြစ်ရပ်အတွက် တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒိုင်အဖွဲ့ကို မသမာမှုဖြင့် တစ်ဦးချင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၇)  အဖြစ်ကစားခဲ့သည့် စပါးအသင်းက လီဗာပူးအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင်    ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါး အနေဖြင့် သံသယဖြစ်ဖွယ်ဆုံးဖြတ် ချက်များချမှတ်ခဲ့သည့်အပြင် လီဗာပူးအသင်းမှ ကစား သမားနှစ်ဦးအထိ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

ထို့ပြင် လီဗာပူးအသင်း တိုက်စစ်မှူး ဒီယက်ဇ်က လီဗာပူးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါး နှင့်  VAR  ဒိုင်လူကြီး  ဒါရင်းအင်္ဂလန်တို့ကြား နားလည်မှုလွဲမှားပြီး ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါးက ဒီယက်ဇ်၏ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သည်။

အဆိုပါပွဲစဉ်အပြီးတွင်    ဒီယက်ဇ်၏သွင်းဂိုးမှာ လူကျွံသည့် အနေအထားတွင်မရှိသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ကနဦး VARစစ်ဆေးနေစဉ် ပြောကြားသည့်   ဒိုင်လူကြီးများ၏ အသံဖိုင်ကိုစစ်ဆေးခဲ့ရာ VAR ဒိုင်လူကြီး  ဒါရင်းအင်္ဂလန်က လူကျွံအနေအထားတွင် မရှိကြောင်း ပြောကြားခဲ့သည်ကို ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါးက နားလည်မှုလွဲပြီး လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က အဆိုပါပွဲစဉ်အား  တာဝန်ယူ ကိုင်တွယ်ခဲ့သည့်ဒိုင်အဖွဲ့ကို တစ်ဦးချင်း စစ်ဆေးမှုများပြုလုပ်နေပြီး   ဆိုင်မွန်ဟော့ပါး အနေဖြင့်    မသမာမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိမည်ဆိုပါက လီဗာပူးအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှရလဒ်ကို    ပယ်ဖျက်ဖွယ်ရှိနေကြောင်း သိရသည်။