မတူညီသော အနာဂတ်များ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်တွင် ဒေသစာရီလှည့်လည်ရင်း သာလရွာသို့ ရောက်တော်မူ၏။ သာလရွာသားများက မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြသည်။

မြတ်စွာဘုရား၊ လောက၌ တချို့သောသူတို့သည် သေလွန်သောအခါ ငရဲသို့ကျရောက်ကြ၍ တချို့သောသူများကတော့ နတ်ပြည်သို့ရောက်ကြကုန်သည်။ အကြောင်းရင်းကား အဘယ်ပါနည်း

သူကြွယ်တို့၊ မတရားမှုမမျှတမှုတို့ကိုပြုလုပ်ခြင်းကြောင့် သေလွန်သောအခါ ငရဲသို့ကျရောက်ကြကုန်၏။ တရားမှု မျှတမှုကိုပြုလုပ်ခြင်းကြောင့် နတ်ပြည်သို့ရောက်ကြရကုန်၏

မြတ်စွာဘုရား အကျဉ်းမျှဖြင့်နားမလည်ပါဘုရား၊ အကျယ်ကိုမိန့်တော်မူပါဘုရား ဟုလျှောက်ကြသဖြင့် မြတ်စွာဘုရားရှင်သည်ငရဲရောက်ကြောင်း၊ နတ်ပြည်ရောက်ကြောင်းတို့ကို အသေးစိတ် ဟောကြားတော်မူပါ၏။

မြတ်စွာဘုရားရှင်က သာလရွာသားများ၏ အမေးကို အသေးစိတ် တစ်ခါတည်း ဟောသင့်ပါလျက် အဘယ်ကြောင့် အကျဉ်းကို အရင်ဟောရပါသနည်း။ အဖြေက တရားတော်ကို  လေးနက်တန်ဖိုးထားစေလို၍ဖြစ်ပါ၏။

တချို့သောလူများသည်  မိမိကိုယ်ကိုပညာရှိဟု ထင်မှတ်ကြသည်။ ဘုရားရှင်နှင့်တွေ့၍ တရားနာသည့်အခါ ]]ဒီတရားက ငါ့ဉာဏ်နဲ့ဆိုခဏနဲ့ နားလည်မှာပါ ဟု မာန်တက်ကာသေချာ နားမထောင်တတ်ကြ။

တချို့ကျတော့ ဒီတရားက ငါတို့မေးလျှောက်လို့ဖြစ်လာတာဟု  တရားကိုအလေးအနက်မထားကြ။ ထိုသို့သော ကိုယ့်ကိုယ်ကိုယ်ပညာရှိထင်မှတ်သောလူများ၏ တရားအပေါ် လေးနက်စေလို၍ တရားကို အကျယ်အရင်မဟော။ အကျဉ်းချုပ်ကိုသာ အရင်ဟောခြင်း ဖြစ်ပါ၏။

သူကြွယ်တို့ကိုယ်ဖြင့် မတရားမှုမမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့်မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ စိတ်ဖြင့်မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏

ကိုယ်ဖြင့်မတရားမှု မမျှတမှုသုံးမျိုးဆိုသည်မှာ ပါဏာတိပါတ-သူ့အသက်ကိုသတ်ခြင်း၊ အဒိန္နာဒါန- သူတစ်ပါးပစ္စည်းကိုခိုးခြင်း၊ ကာမေသုမိစ္ဆာစာရ- သူတစ်ပါးသားမယားကို ပစ်မှားခြင်းတို့ကို ကျူးလွန်သောသူသည် သေလျှင် အပါယ်ကျသည်ဟု ဟောတော်မူပါ၏။

သူတစ်ပါးသားမယားကို ပစ်မှားခြင်း၏ သရုပ်ကိုလည်း ယခုလိုဟောထားပါသည်။

ကာမတို့၌မှားသောအားဖြင့်ကျင့်လေ့ရှိ၏။

အမိစောင့်ရှောက်ထားသောမိန်းမ၊ အဖစောင့်ရှောက်ထားသောမိန်းမ၊ အမိအဖစောင့်ရှောက်ထားသောမိန်းမ၊ မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ၊ အစ်မညီမစောင့်ရှောက်ထားသောမိန်းမ၊ ဆွေမျိုး စောင့်ရှောက် ထားသော မိန်းမ၊ အနွယ်စောင့်ရှောက်ထားသောမိန်းမ၊ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ၊ ကြောင်းလမ်းထားသောမိန်းမ၊ ဒဏ်ထားသောမိန်းမ၊ အယုတ်ဆုံးအားဖြင့် ပန်းကုံးရံထားအပ်သော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ရောက်၏။ ထိုသို့သောမိန်းမများကို ကျူးလွန်လျှင် ကာမေသုကံမြောက်ပေ၏။

ထို့နောက် ဝစီဒုစရိုက်လေးပါးကို ဟောတော်မူပါသည်။ ဝစီဒုစရိုက်လေးပါးမှာ မုသာဝါဒ-လိမ်ပြောခြင်း၊ ပိသုဏဝါစာ-ကုန်းတိုက်စကားပြောဆိုခြင်း၊ ဖရုသဝါစာ-ဆဲဆိုကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၊ သမ္ဖပ္ပလာပ- အကျိုးမရှိသော စကားကိုပြောဆိုခြင်း တို့ကိုကျူးလွန်သော သူတို့သည်  သေလျှင်ငရဲသို့ ကျရောက်ကြပေ၏။

ဝစီဒုစရိုက်လေးပါးတွင် ပိသုဏဝါစာ၏ ဖွင့်ဆိုချက်လေးမှာ မှတ်သားဖွယ်ရာကောင်းပါသည်။

ကုန်းစကားပြောဆို၏။ ဤသူတို့ထံမှနားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့်ကွဲပြားခြင်းငှာ ထိုသူတို့ထံ၌ ပြောကြားတတ်၏။ ထိုသူတို့ထံမှနားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့်ကွဲပြားခြင်းငှာ ဤသူတို့ထံ၌ပြောကြားတတ်၏။ ဤသို့ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်၏။ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏။ ကွဲပြားခြင်း၌မွေ့လျော်၏။ ကွဲပြားခြင်း၌ပျော်ပိုက်၏။ ကွဲပြားခြင်းကိုနှစ်သက်၏။ ကွဲပြားခြင်းကိုပြုတတ်သော စကားကိုပြောဆိုတတ်၏

ဘုရားရှင်သည် အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော မနောဒုစရိုက်သုံးပါးကို ဆက်လက်ဟောတော်မူပါသည်။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့်မတရားမှု မမျှတမှုကို ကြံစည်ခြင်းသည်သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း အဘိဇ္ဈာများ၏။ သူတစ်ပါး၏ဥစ္စာသည် ငါ၏ဥစ္စာဖြစ်မူ ကောင်းလေစွ ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အအုံကို ရှေးရှုကြံစည်တတ်၏။

ဖျက်ဆီးလိုစိတ်ရှိ၏။ ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍ သော်လည်းကောင်း၊ အသတ်ခံကြရပါစေဟူ၍ သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေ ဟူ၍သော်လည်းကောင်း၊ ဘာမျှမဖြစ်ပါစေကုန်လင့် ဟူ၍သော်လည်းကောင်း ဤသို့ဖျက်ဆီးလိုသောစိတ် အကြံအစည်ရှိ၏။

မှားသောအယူရှိ၏။ ပေးလှူခြင်း၏အကျိုးသည်မရှိ။  ယစ်ပူဇော်ခြင်း၏ အကျိုးသည်မရှိ။ ဟုံးပူဇော်ခြင်း၏ အကျိုးသည်မရှိ။ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည်မရှိ။ ဤလောကသည်မရှိ။ တစ်ပါးသော လောကသည်မရှိ။ အမိကျေးဇူးသည်မရှိ။ အဖကျေးဇူးသည်မရှိ။ သေ၍တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကို လည်းကောင်း ကိုယ်တိုင်ထူးသောÓဏ်ဖြင့်သိ၍  မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော၊ ညီညွတ်ကုန်သော၊ ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏ တို့သည် လောက၌မရှိကုန် ဟု ဖောက်ပြန်သောအမြင်ရှိ၏

ဤ ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ကို ကျူးလွန်သောသူသည် အပါယ်ငရဲသို့ ကျရောက်သည်ဟု ဘုရားရှင်က ဟောတော်မူပြီး၍   နတ်ပြည်ရောက်ကြောင်းတရား ဆယ်ပါးကိုလည်း ဟောကြားပါသည်။

နတ်ပြည်ရောက်ကြောင်း တရားဆယ်ပါးဟူသည်မှာ ကာယသုစရိုက်သုံးပါး၊ ဝစီသုစရိုက်လေးပါး၊ မနောသုစရိုက် သုံးပါးအားဖြင့် သုစရိုက်ဆယ်ပါးကို ကျင့်ကြံသောသူသည်နတ်ပြည်သို့ ရောက်သည်ဟု ဟောကြားတော်မူပါ၏။

ထို့နောက် ဘုရားရှင်သည် သုစရိုက်ဆယ်ပါးကို ကျင့်ကြံပွားများအားထုတ်ပါက အလိုရှိရာဘဝကို ရောက်နိုင်ကြောင်း ဟောတော်မူပါသည်။

သူကြွယ်တို့ တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူသည်  ငါသည်ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌များသော ဥစ္စာရှိသော မင်းမျိုးမင်းနွယ်အဖြစ်သို့ ရောက်ရမူကောင်းလေစွ ဟု  အကယ်၍အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌များသောဥစ္စာရှိသော မင်းမျိုးမင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည်ရှိ၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ-ထိုသူသည်  တရားမျှတမှုကိုပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်ပေတည်း

သုစရိုက်ဆယ်ပါးကို ကျင့်ကြံအားထုတ်သောသူသည်   နတ်ပြည်ခြောက်ထပ်တွင်ဖြစ်လိုလျှင်၊ ဗြဟ္မာပြည်နှစ်ဆယ်၊  အရူပဘုံလေးဘုံတို့၌ ရောက်ရှိလိုလျှင်လည်း ရောက်နိုင်ကြောင်း ဟောကြားတော်မူ၏။ နောက်ဆုံးတွင်သံသရာမှ ထွက်မြောက်ရာနိဗ္ဗာန်သို့ မျက်မှောက်ပြုသော  ရဟန္တာဖြစ်လိုလျှင်လည်း သုစရိုက်ဆယ်ပါးကို ကျင့်ကြံလျှင်ရနိုင်ကြောင်း ဟောကြားတော်မူပါသည်။

ဤနေရာတွင် တချို့သောလူများက  သုစရိုက်ဆယ်ပါးကျင့်လျှင် လူ့ပြည်နတ်ပြည်ရောက်နိုင်သော်လည်း ရူပဗြဟ္မာဘုံ၊ အရူပဗြဟ္မာဘုံနှင့် ရဟန္တာအဖြစ်သို့ မည်သည့်နည်းနှင့် ရောက်နိုင်သနည်းဟု မေးစရာရှိပါသည်။

အထက်အထက်သောဘုံများသို့ သုစရိုက်ဆယ်ပါးသည် ပကတူပနိဿယသတ္တိဖြင့် ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။  ဆယ်ပါးသောသုစရိုက်သည် သီလမည်၏။ ထိုသီလကြောင့်ကသိုဏ်းပရိကံသည် ပြည့်စုံလာပါသည်။ သီလကိုအခြေတည်၍ ကသိုဏ်းကိုပွားခြင်းဖြင့် ရူပဈာန်များ ရရှိပါသည်။ ထိုရူပဈာန်များကို အခြေပြု၍ ဝိပဿနာ များပွားများ အားထုတ်သောအခါ အနာဂါမ်တည်၍ သုဒ္ဓါဝါသငါးဘုံသို့ ရောက်ပါသည်။

ရူပါဝစရဈာန်ကို အခြေခံ၍ အရူပါဝစရသမာပတ်ကိုဖြစ်၍ အရူပဘုံသို့ရောက်ပါသည်။။ အရူပဈာန်ကို အခြေခံ၍ ဝိပဿနာတရားများပွားများ အားထုတ်သောအခါ အရဟတ္တဖိုလ်သို့ရောက် ကာရဟန္တာဖြစ်သွားပါသည်။

ထို့ကြောင့် ကုသိုလ်သုစရိုက်ဆယ်ပါးသည် ချမ်းသာသော လူအဖြစ်မှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်ကြောင်း ဘုရားရှင်က ဟောကြားတော်မူပါပေ၏။ ။

အရှင်ပဏ္ဍိတ(‌တောင်ကြီး)