(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

 

 (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

 

ဟန်ကျိုး  အောက်တိုဘာ  ၆

    တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ဒေသစံတော်ချိန် ၉ နာရီတွင် ဝမ်ကျိုးမြို့  Wenzhou Dragon Boat Center  ၌ နဂါးလှေလှော် ((Dragon Boat)) အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၀ (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာ နိုင်ငံအိုလံပစ် ကော်မတီအထွေထွေ အတွင်းရေးမှူး   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား   ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားမီတာ ၁၀၀၀(၁၂)တက်လှော်ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် ၁၁ သင်းဝင်ရောက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှား အသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယ နှင့် မြန်မာအသင်းက တတိယတို့ အသီးသီး  ရရှိခဲ့ပြီး မြန်မာ(အမျိုးသား)အသင်းသည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။

အမျိုးသမီး မီတာ ၁၀၀၀ (၁၂)တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်ရာ  တရုတ်အသင်းက  ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် တောင် ကိုရီးယားအသင်းက တတိယတို့ အသီးသီး  ရရှိခဲ့ကြပြီး မြန်မာအသင်းက အဆင့်(၆)နေရာ ရရှိခဲ့သည်။

နံနက် ၉ နာရီတွင်  ကျင်းဟွာမြို့  Jinhau Sports Center  ၌ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားသုံးယောက် တွဲအုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ နံနက် ၁၀ နာရီတွင် အမျိုးသမီး သုံးယောက်အုပ်စုပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ကြပြီး မြန်မာပိုက်ကျော်ခြင်း အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် လေးသင်းတစ်အုပ်စုဖြစ်ရာ တစ်ပွဲနိုင်နှစ်ပွဲရှုံးဖြင့် လည်းကောင်း၊ အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲတွင် သုံးသင်းတစ်အုပ်စုဖြစ်ရာ နှစ်ပွဲ စလုံးရှုံးနိမ့်၍ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

(၁၉)ကြိမ်မြောက်    အာရှအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းခုနစ် နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် သုံးခုရရှိခဲ့ကြောင်း သိရသည်။