မြက်ခင်းပြင်ကို အလှဆင်လိုသူများအတွက် တိကျမှုအပြည့်နဲ့ မြက်ဖြတ်ပေးမယ့်စက်ရုပ်

မြက်ခင်းပြင်ကို အလှဆင်လိုသူများအတွက် တိကျမှုအပြည့်နဲ့ မြက်ဖြတ်ပေးမယ့်စက်ရုပ်

 

    ဒီကနေ့ခေတ် နေအိမ်တော်တော်များများက   ခြံဝင်းထဲမှာ အလှမြက်တွေကို စိုက်ပျိုးလာကြပြီဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရာမှာ ရှည်ထွက်လာတဲ့မြက်တွေကို ပုံမှန်ဖြတ်ပေးခြင်းက   ကိုယ့်ရဲ့မြက်ခင်းကို ပိုပြီးပသာဒဖြစ်စေမှာပါ။

မြက်ဖြတ်ဖို့ဆိုရင်အရင်က လက်ကိုင်မြက်ဖြတ်စက်များကိုသာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ ခေတ်တွေလည်းပြောင်း၊ စနစ်တွေလည်း ပြောင်းလဲလာသလို အလိုအလျောက်မြက်ဖြတ်ပေးမယ့် မြက်ဖြတ်စက်များလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ အဲဒီစက်တွေထဲကမှ မြက်ဖြတ်စက် တစ်မျိုးအကြောင်းကို ပြောပြပေးမယ်နော်။

သူ့ရဲ့အမှတ်တံဆိပ်က KOWOLL ဖြစ်ပြီး မော်ဒယ်အမျိုးအစားကM28E ဖြစ်ပါတယ်။ 3D LiDAR အမျိုးအစား စက်ရုပ်မြက်ဖြတ်စက်ဖြစ်ပါတယ်။  သူ့ရဲ့စွမ်းဆောင်ရည်ကတော့  ကိုယ့်ရဲ့နေ့စဉ်၊ အပတ်စဉ် လုပ်ငန်းဆောင်တာတွေကို ပိုမို လွယ်ကူချောမွေ့အောင် ကူညီပေးနိုင်ခြင်းပါပဲ။

သူ့မှာ 3D LiDAR SLAM နည်းပညာ အသုံးပြုထားပါတယ်။ ဒါကြောင့် တွေ့ကြုံ ရတဲ့အခြေအနေနဲ့အညီ  လိုက်လျောညီထွေဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိပါတယ်။

ဆိုလိုတာက မြက်အမြင့်ကို ဘယ်လောက်စင်တီမီတာအထိ ထားရှိစေလိုတယ် ဆိုတဲ့အထိကို တိကျမှုရှိစွာ ဖြတ်ပေးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် သစ်ပင်အနီး၊ အထပ်မြင့် အဆောက်အအုံအနီးနဲ့ ထောင့်များ အနီးရှိမြက်ပင်များကို ကောင်းစွာရိတ်ဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်သူ့မှာ RTK-GPS နဲ့ အာရုံခံ စနစ်မျိုးစုံတို့ကို ပေါင်းစပ်အသုံးပြုမှု ပါဝင်ပါတယ်။ ဒါကြောင့် သူဟာ အတားအဆီး များကို   အချိန်နဲ့တစ်ပြေးညီတွေ့ရှိပြီး ရှောင်ရှားနိုင်မှာဖြစ်သလို   မြက်ခင်းပြင်အတွက် ဘေးကင်းစိတ်ချမှုလည်း ရှိစေမှာ  ဖြစ်ပါတယ်။

သူနဲ့ဆက်စပ်တဲ့  အပလီကေးရှင်းကို အသုံးပြုပေးခြင်းအားဖြင့်  မြက်ခင်းပြင် အတိုင်းအတာကိုလည်း သတ်မှတ်ထားနိုင် တဲ့အတွက် ကိုယ်လိုတဲ့ နေရာကိုမြက်ဖြတ်ဖို့အတွက် ကြိုတင် သတ်မှတ်ပေးထားနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ အကောင်းဆုံးသော မြက်ဖြတ်ပေးနိုင်မယ့် လမ်းကြောင်းကိုလည်း သူ့အလိုအလျောက်စီစဉ်ပြီး သွားလာမြက်ဖြတ်ပေးမှာဖြစ်လို့ အိမ်ရှင်တွေအနေနဲ့ တခြားအလုပ်တွေကို စိတ်အေးလက်အေးနဲ့ လုပ်လို့ရမှာပါ။