ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ဝိုင်းပတ်ပိတ်ဆို့ ထားလိုက်နိုင်ပြီဟု အစ္စရေး ကြေညာ

ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ဝိုင်းပတ်ပိတ်ဆို့ ထားလိုက်နိုင်ပြီဟု အစ္စရေး ကြေညာ

 

    အစ္စရေးစစ်ဘက်အနေဖြင့်  ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ဝိုင်းပတ်ပိတ်ဆို့ ထားလိုက်နိုင်ပြီဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဂေါလန့်က အောက်တိုဘာလ ၉ ရက်တွင် ပြောသည်။

ပါလက်စတိုင်းရှိ  စစ်သွေးကြွများက အောက်တိုဘာလ ၇ ရက်တွင်   အစ္စရေးကို စတင်တိုက်ခိုက်မှုများနှင့် ဓားစာခံဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် အစ္စရေးတို့၏ လက်တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ ဂါဇာကမ်းမြောင်ဒေသအတွင်း လျှပ်စစ်မီး၊   အစားအစာ၊ စက်သုံးဆီတို့ မရှိသည့်အပြင် တခြားအရာများလည်း အပိတ်ခံထားရကြောင်းနှင့် ၎င်းတို့အနေဖြင့် လူ့တိရစ္ဆာန်များကို  တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုကို အစီအစဉ်အတိုင်း လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

ထို့ပြင်     အစ္စရေးတပ်ဖွဲ့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ   မြို့နယ်များ အားလုံးကို  ကွပ်ကဲထိန်းချုပ်မှုပြန်လည် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ထိုနယ်မြေအတွင်း စစ်သွေးကြွများ ကျန်ရှိနေနိုင်သေးကြောင်း၊ ရပ်ရွာများတွင် တိုက်ခိုက်မှုများ မရှိကြောင်း အစ္စရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟားမတ်တို့အနေဖြင့်  အစ္စရေးနိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် မြေပြင်ကနေလည်း ဝင်ရောက်ကာ ဓားစာခံဖမ်းဆီးမှုများ လုပ်ဆောင်သွားတဲ့အတွက် သေဆုံးသူ ၇၀၀ အထိရှိနိုင်ကြောင်း သိရသည်။