ရန်သူ့ဒရုန်းရန်ကနေ မမြင်နိုင်အောင် ဖုံးထားပေးမယ့် ကိုယ်ပျောက်ခြုံလွှာ

ရန်သူ့ဒရုန်းရန်ကနေ မမြင်နိုင်အောင် ဖုံးထားပေးမယ့် ကိုယ်ပျောက်ခြုံလွှာ

 

    ဒီကနေ့ခေတ်စစ်ပွဲတွေမှာ အသုံးပြုလာမှု အများဆုံးကတော့ ဒရုန်းများပါပဲ။ ကင်းထောက်တဲ့နေရာမှာဖြစ်ဖြစ်၊  အသေခံတိုက်ခိုက်တဲ့ နေရာမှာဖြစ်ဖြစ်၊    ဗုံးကြဲတိုက်ခိုက်တဲ့ နေရာမှာဖြစ်ဖြစ် ဒရုန်းများကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာတွေ့ရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကို ကာကွယ်နိုင်စေဖို့အတွက် အီလက်ထရွန်နစ် နည်းပညာများကိုလည်း  အသုံးပြုလာကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးအသုံးပြုမှုဟာ နေရာတိုင်းတော့ အသုံးမဝင်နိုင်ပါဘူး။

ဥပမာအားဖြင့်  ဟိုတစ်နေ့ကဖြစ်ပွားတဲ့ ဟားမတ်တို့က အစ္စရေးတို့ကို တိုက်ခိုက်မှုမှာ ဒရုန်းတွေကိုလည်း အသုံးပြုသွားတာ တွေ့ရပါတယ်။ အစ္စရေးရဲ့ တင့်တစ်စီးဆိုရင် ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဟားမတ်တို့ လက်တွင်းကို   ရောက်ရှိသွားခဲ့ရပါတယ်။

အမေရိကန်အကူအညီနဲ့ စစ်လက်နက် နည်းပညာမှာ အဆင့်မြင့်နေတဲ့  အစ္စရေးလို နိုင်ငံတောင်မှ ရန်သူရဲ့ဒရုန်း တိုက်ခိုက်မှုကနေ ကောင်းကောင်းကြီး မရှောင်လွှဲနိုင်ခဲ့ပါဘူး။

ဒရုန်းနဲ့   တိုက်ခိုက်တယ်ဆိုတာက အောက်မှာမြင်နေရတဲ့သူကို အပေါ်ကနေ တိုက်ခိုက်တာမျိုးဖြစ်ပါတယ်။    တကယ်လို့များ အောက်မှာဘာမှ ရှိမနေဘူးဆိုရင် သူကလည်း တိုက်ခိုက်တော့မှာ မဟုတ်ပါဘူး။

အကယ်၍ ကိုယ်ကမြေပြင်မှာ သွားလာနေချိန် ရန်သူရဲ့ဒရုန်းက ကိုယ့်တပ်ဖွဲ့ကိုမြင်တွေ့သွားပြီဆိုရင်တော့   ဒရုန်းနဲ့ တိုက်ခိုက်ခံရနိုင်ခြေ များပါတယ်။ ကိုယ်ကမြေပြင်မှာ သွားလာနေပေမယ့်လည်း ဒရုန်းက မမြင်တွေ့နိုင်ဘူးဆိုရင် သူ့ရဲ့တိုက်ခိုက်မှုကနေ ရှောင်လွှဲနိုင်ပါလိမ့်မယ်။

ဒီလိုဆိုရင် မြေပြင်စစ်သည်တွေက ဒရုန်းတိုက်ခိုက်မှုကနေ   ဘယ်လိုကာကွယ်ကြမလဲ။ နည်းလမ်းတစ်ခုခုတော့ ရှိမှာ သေချာပါတယ်။  အဲဒီနည်းလမ်းကို အခုတင်ပြပေးသွားမှာပါ။

“မရှိမဖြစ် လိုအပ်ချက်ဆိုတာ  တီထွင်ဖန်တီးမှုအားလုံးရဲ့ မိခင်ဖြစ်တယ်” ဆိုတဲ့စကားကို  ကြားဖူးကြမယ်ထင်ပါတယ်။ ဒီစကားလေးဟာ စစ်သုံးပစ္စည်းကိရိယာများ လိုအပ်တဲ့အချိန်မှာ တီထွင်ထုတ်လုပ်နိုင်စွမ်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။

အခု   သိပ္ပံပညာရှင်များက ခြေလျင်စစ်သည်များအတွက် ဒရုန်းတိုက်ခိုက်မှုကနေ ကာကွယ်နိုင်စေဖို့ ကိုယ်ပျောက်ခြုံ လွှာတစ်မျိုးကို တီထွင်ဖန်တီးလိုက်ပါတယ်။ ခြုံလွှာလေးရဲ့ နာမည်ကတော့ Phantom Skin ပါ။ ဒီခြုံလွှာလေးကို ဖန်တီးလိုက်သူက ယူကရိန်းနိုင်ငံမှ ဘူချာမြို့ခံတစ်ဦးပဲဖြစ်ပါတယ်။

ခြုံလွှာကိုဖန်တီးလိုက်သူက သူ့ရဲ့အမည်နာမနဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဖို့  ငြင်းဆန်ထားပေမယ့် သူ့ရဲ့ဖန်တီးမှုဖြစ်တဲ့ ခြုံလွှာလေးကတော့ ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုနေပြီပဲဖြစ်ပါတယ်။အထူးသဖြင့် ရှေ့တန်းရောက် စစ်သည်များ၊ စစ်လက်နက်ပစ္စည်းများကနေ  ထွက်ရှိလာတဲ့အပူငွေ့ကို  လွှမ်းခြုံကာကွယ်ရာမှာ ထိရောက်လှတဲ့ အကူအညီကိုပေးနိုင်နေပါတယ်။

အဲဒီခြုံထည်အတွက်  အဓိကကုန်ကြမ်းပစ္စည်းကတော့ အနက်ရောင် ပလတ်စတစ် ပစ္စည်းများနဲ့ပြုလုပ်ထားတာဖြစ်ပြီး အပြင်ဘက်အသားက မိုးရေကာဖျင် အသားကဲ့သို့ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်  ခြုံထည်က လူများ၊ စစ်ဘက်ပစ္စည်းများကနေ ထွက်ပေါ်လာတဲ့ အပူလှိုင်း ထုတ်လွှင့်မှုများကို ကာကွယ်ပေးနိုင်တဲ့အတွက် အနီအောက်ရောင်ခြည် ဒါမှမဟုတ်   အပူအာရုံခံကိရိယာများရဲ့ ထောက်လှမ်းမှုအောက်ကနေ ပျောက်ကွယ်နေမှာပါ။

ဒါ့အပြင် စစ်သည်များအနေနဲ့ ခြုံလွှာအသားနဲ့ပြုလုပ်ထားတဲ့ အထည်များ၊ အမိုးအကာများကို အသုံးပြုခြင်းအားဖြင့် ဒရုန်းရဲ့အာရုံခံကိရိယာများမှ ထောက်လှမ်းမှုကနေ ကင်းလွတ်နေဦးမှာပါ။

လက်ရှိအခြေအနေမှာ ဘယ်စစ်မြေပြင်ကိုပဲကြည့်ကြည့် ဒရုန်းများကို ဖောဖောသီသီ သုံးစွဲနေတာတွေ့ရမှာပါ။  ဒီလိုသုံးစွဲမှုတွေကြောင့် ကွင်းပြင်ကြီးမှာ ပေါ်ပေါ်ထင်ထင် ရပ်နေနိုင်စွမ်းရှိသူက အရေးသာမှာအမှန်ပါပဲ။

ဒါကြောင့် အခုဖန်တီးထားတဲ့ ကိုယ်ပျောက်ခြုံလွှာဟာ စစ်သည်များကို ဒရုန်းရဲ့စောင့်ကြည့်မှုအောက်ကနေ  ပျောက်နေစေရုံသာမက လက်ဖြောင့်သေနတ်သမားများ အကြိုက်လည်းဖြစ်စေမှာပါ။

ကိုယ်ပျောက်ခြုံလွှာရဲ့နည်းပညာဟာ ဒီအချိန်မှာ   ထိပ်တန်းလျှို့ဝှက်အဆင့် အနေနဲ့သတ်မှတ်ထားတာကြောင့် ခြုံလွှာကို ဘယ်လိုမျိုး နည်းပညာနဲ့ဖန်တီးထားတယ်ဆိုတာ မသိရသေးပါဘူး။

ဒါပေမဲ့ နာနိုနည်းပညာကို အသုံးပြုထားနိုင်ခြေများပြီး အဲဒီထဲမှာ   အပူလှိုင်းကိုစုပ်ယူနိုင်၊ ဖုံးလွှမ်းနိုင်စွမ်းရှိတဲ့ ဂရပ်ဖင်းလိုမျိုး ဒြပ်ပေါင်းတစ်မျိုးကို အသုံးပြုထားတယ်လို့ ပညာရှင်တချို့က   သတ်မှတ်ထားကြပါတယ်။

အဲဒီကိုယ်ပျောက်ခြုံလွှာကို ပြီးခဲ့တဲ့လက လန်ဒန်ကာကွယ်ရေးနဲ့  လုံခြုံရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပြပွဲအခမ်းအနားမှာ ပါဝင်ပြသခဲ့ပါသေးတယ်။

ဒီခြုံလွှာနဲ့ပတ်သက်ပြီး  ဝယ်ယူမယ့်သူတွေ အများအပြားရှိတာတော့ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့လက်တွေ့အသုံးဝင်မှုကို   ရှေ့တန်းစစ်မြေပြင်မှာ ကောင်းစွာဖော်ပြထားနိုင်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။      ။   

Ref: IE