မွမ်ဘိုင်းမြို့ကို ရေအောက် ကျည်ဆန်ရထားပြေးဆွဲမယ့် ယူအေအီး

မွမ်ဘိုင်းမြို့ကို ရေအောက် ကျည်ဆန်ရထားပြေးဆွဲမယ့် ယူအေအီး

 

    အရင်တုန်းကဆိုရင်  အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကနေ  အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ကို သွားမယ့် ခရီးသည်များအနေနဲ့ လေကြောင်းခရီးစဉ် တစ်ခုတည်းကိုသာ ရွေးချယ်စရာအဖြစ် အသုံးပြုခဲ့ရပါတယ်။

ဒါပေမဲ့ အနာဂတ်မှာတော့ အဲဒီလိုမဟုတ် တော့ပါဘူး။ အဲဒီခရီးသည်တွေအနေနဲ့ လေကြောင်းကနေသွားမလား၊ ရေအောက် ကနေသွားမလား။  ကိုယ်နှစ်သက်ရာ နည်းလမ်းနဲ့သွားနိုင်ကြတော့မှာပါ။

ဘာကြောင့်လဲဆိုရင်    ယူအေအီး အစိုးရက ဖူဂျေရာမြို့နဲ့ မွမ်ဘိုင်းမြို့တို့ကို ဆက်သွယ်ပြေးဆွဲမယ့် ရေအောက်အမြန် ရထားစီမံကိန်း တစ်ခုကို အကောင်အထည် ဖော်တော့မယ့် အတွက်ပါပဲ။

ယူအေအီးအမျိုးသား အကြံပေးဗျူရို လီမိတက်က ဒီလိုစီမံကိန်းမျိုးကို အကောင်အထည်ဖော်ဖို့အတွက်  စဉ်းစားမှုကို စတင် လုပ်ဆောင်နေပြီဖြစ်ပြီး စီမံကိန်းဖြစ်နိုင်စွမ်း အစီရင်ခံစာကိုတော့ မကြာခင်မှာ လက်ခံရရှိတော့မှာဖြစ်ပါတယ်။

ယူအေအီးဆိုတာ ကြီးမားလှတဲ့စီမံကိန်းကြီးများနဲ့ ပတ်သက်လာရင် နာမည်ကျော်ကြားလှပါတယ်။ ဥပမာ ကမ္ဘာ့အမြင့်ဆုံးသော မိုးမျှော်တိုက်နဲ့ ဒူဘိုင်းမြို့ကမ်းရိုးတန်း အလွန်မှာ တည်ဆောက်ထားတဲ့ တစ်မူထူးခြားလှတဲ့ ဆီအုန်းပင်ကဲ့သို့ကျွန်းများဟာ ယူအေအီးရဲ့ အထင်ကရမှတ်တိုင်တွေပါ။

ဒါပေမဲ့ အခုနောက်ထပ်လုပ်မယ့် စီမံကိန်းကြီးကတော့ အာရေဗျပင်လယ်ကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ တိတိကျကျဆိုရရင် အာရေဗျပင်လယ်ကို ဖြတ်သန်းပြီး  သူတို့ရဲ့ ဖူဂျေရာဆိပ်ကမ်းမြို့နဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တို့ကို ချိတ်ဆက်မှာပါ။

ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။  ဒါပေမဲ့လည်း ယူအေအီးက သူတို့ရဲ့ စိတ်ဝင်စားဖွယ်  ကောင်းလှတဲ့ ဆောက်လုပ်ရေး လုပ်ငန်းများကိုပြန်လည် စတင်ဖို့အတွက်   အခုမှစီမံကိန်းကို အကောင်အထည်ဖော်တာပါ။

အရင်တုန်းက  မွမ်ဘိုင်း-ဖူဂျေရာ လေကြောင်းခရီးအတွက် ကြာမြင့်ချိန်က ၃ နာရီစွန်းစွန်း ရှိပါတယ်။ ဒါတောင်မှ လေဆိပ်မှာလိုအပ်တဲ့ ကိစ္စဝိစ္စတွေလုပ်ရတဲ့ အချိန်မပါသေးပါဘူး။

အကယ်၍များ   အဲဒီလမ်းကြောင်းအတွက်  ရထားနဲ့သွားမယ်လို့ ရွေးချယ်လိုက်ရင် ခရီးသွားရမှုကြာမြင့်ချိန် ၁ နာရီ လောက်ကိုလျှော့ချနိုင်မယ်လို့ ယူအေအီးဘက်က မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုရင်   အဲဒီရထားက  တစ်နာရီကို မိုင် ၆၀၀ နှုန်းနဲ့သွားနိုင်မယ့် အတွက်ပါ။

ဒီလိုရေအောက်အမြန်ရထား စီမံကိန်းဟာ လေကြောင်းခရီးစဉ်နဲ့ မသွားချင်သူတွေအတွက်သာ ရည်ရွယ်တဲ့ စီမံကိန်း သက်သက်မဟုတ်ပါဘူး။

အဓိကက ယူအေအီးအနေနဲ့ အိန္ဒိယနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရေးအတွက် ဒီစီမံကိန်းကို နည်းလမ်းတစ်ရပ် အဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးပြီးသွားရင် ယူအေအီးဘက်က ဖူဂျေရာဆိပ်ကမ်းကနေ အိန္ဒိယဘက်ကို  ရေနံတင်ပို့ပြီး  အိန္ဒိယနိုင်ငံ နာမဒါမြစ်မှရေချိုကို ယူအေအီးနိုင်ငံဆီ ပြန်လည်တင်သွင်းမှာပါ။

စီမံကိန်းအတွက် ခရီးစဉ်အစအဆုံးက အကွာအဝေးအားဖြင့် မိုင်ပေါင်း ၁၂၄၀ လောက်သာရှိပေမယ့် ရေနက်ပိုင်းထဲမှာ ဆောက်လုပ်ရေးလုပ်ငန်း ဆိုတာကတော့ ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ဘေးနံရံတွေကနေ ထိုးဖောက်မမြင်နိုင်တဲ့ လိုဏ်ခေါင်းအသုံးပြုပြီး မီးရထားလမ်းကို ဖောက်လုပ်သွားကြတာပါ။ ဒါပေမဲ့ တစ်မျိုးလေး ထူးဆန်းရမှ ကြိုက်တတ်တဲ့ ယူအေအီးကတော့ အဲဒီလို မဟုတ်ပါဘူး။

သူတို့အနေနဲ့ လိုဏ်ခေါင်းတော့ဖောက်မယ်။ သို့ပေမယ့် ထိုးဖောက်မြင်နေရတဲ့ ပြတင်းပေါက်တွေကို ထည့်သွင်း အသုံးပြုသွားမယ်။ ဒါမှသာ မီးရထားစီးတဲ့သူတွေ အနေနဲ့ ရေအောက် အလှရှုခင်းတွေနဲ့ ပင်လယ်ပြင်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားနိုင်မယ်လို့ သူတို့ကယူဆထားပါတယ်။

ဒီစီမံကိန်းမှာပြေးဆွဲသွားမယ့် ရထားအမျိုးအစားနဲ့ ဆောင်ရွက်မယ့် ဆောက်လုပ်ရေးလုပ်ငန်း အသေးစိတ်အခြေအနေတွေကို စီမံကိန်းဖြစ်နိုင်စွမ်း အစီရင်ခံစာကနေတစ်ဆင့် ဖော်ထုတ်သွားမှာပါ။

သေချာတာတစ်ခုကတော့ အမေရိကန် ဒေါ်လာဘီလီယံ အနည်းငယ်မျှနဲ့ ဆောင် ရွက်နိုင်မှာ မဟုတ်ဘဲ အလွန်ကြီးမားလှတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်မယ်ဆိုတာပါပဲ။

သို့သော်လည်း  ငွေကြေးပမာဏက အဓိကမကျပါဘူး။ အဓိကအကျဆုံး အရာတစ်ခုက ရေအောက်မှာဆောက်လုပ်ရေး လုပ်ငန်းလုပ်မယ့် နည်းပညာပိုင်းဆိုင်ရာ ဖြစ်နိုင်စွမ်းဖြစ်ပါတယ်။

သူ့ရှေ့မှာ ရေအောက် တည်ဆောက်ရေး လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ ဖူးတဲ့ စီမံကိန်းတစ်ခုရှိပါတယ်။ အဲဒီစီမံကိန်းကတော့ အင်္ဂလန်နဲ့ပြင်သစ်ကို ဆက်သွယ်ထားတဲ့ ရေလက်ကြား လိုဏ်ခေါင်းပါ။

ဒါပေမဲ့ ကြီးမားတဲ့ ကွာခြားချက်တစ်ခုက ရေလက်ကြားလိုဏ်ခေါင်းဟာ  အရှည်အားဖြင့် ၃၅ မိုင်မျှသာရှိပါတယ်။ အဲဒီက သွားတဲ့ရထားဆိုရင်လည်း တစ်နာရီကို မိုင် ၇၀ နှုန်းမျှနဲ့သာ သွားတာပါ။ ရထားရဲ့ အရှိန်ကနှေးတယ်လို့ ဆိုနိုင်ပါတယ်။

ယူအေအီးရဲ့ စီမံကိန်းကျတော့ ရေလက်ကြား လိုဏ်ခေါင်းထက် အဆ ၅၀ ကျော်ကြီးမားပြီး ရထားရဲ့ အမြန်နှုန်းဆိုရင်လည်း ၁၀ ဆဝန်းကျင်ရှိပါတယ်။ ဒါတွေက သူတို့နှစ်ခုကြားက အလွန်ကြီးမားလှတဲ့ ကွာဟချက်ပါ။ ဆိုလိုတာက ကွာဟချက်ကြီးမားတာနဲ့အမျှ  တာဝန်ယူရတဲ့ အပိုင်းလည်း ကြီးမားပါလိမ့်မယ်။

သို့သော်လည်း ဒီလိုစိန်ခေါ်မှုမျိုးဆိုတာ ယူအေအီးအနေနဲ့  လိုချင်တပ်မက်နေတဲ့ စိန်ခေါ်မှုမျိုးဖြစ်ပြီး သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်စွမ်းရှိတာကို ကမ္ဘာကိုထုတ်ပြနိုင်မယ့် အခြေအနေလည်းဖြစ်ပါတယ်။

ဒါကြောင့် ယူအေအီးအနေနဲ့ ဒီစီမံကိန်းကိုသာ    အောင်မြင်အောင် အကောင်အထည်ဖော်လိုက်နိုင်ရင် အံ့သြဘနန်းဖြစ်ဖွယ်ကောင်းတဲ့ ခေတ်သစ် တည်ဆောက်ရေးလုပ်ငန်းကို  ဆောင်ရွက်နိုင်သူအဖြစ် သမိုင်းမှတ်တမ်း ဝင်သွားတော့မှာ ဖြစ်ပါတယ်။