၂၀၂၃ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၁၁

    ၂၀၂၃ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ရှစ်မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ပြိုင်ပွဲဝင်အားကစား သမားများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ အားကစား ဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့်  တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနား မြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ် အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  ပေါင်းလောင်း အားကစားကွင်းရှိ ဘောလုံးကွင်းနှင့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့သည်  နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿအား သွားရောက် ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်  ကျီအင်းကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီးဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co.ç Ltd.  သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက  လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တောင်သူလယ်သမားများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ   လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့်  လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်   ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရား ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း၊ အပြင်နှင့်    ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အတွင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ  သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ညနေပိုင်းတွင်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ကူသပိတ် ကျေးရွာအုပ်စု ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး  ပလွေးချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသဖြင့် လူနေအိမ်လေးလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေမှု အခြေအနေကိုကြည့်ရှုရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပလွေးချောင်း ရေတိုက်စားမှုနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက  အားပေးစကားပြောကြားပြီး ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအတွက် ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့်  ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ရသည့်  လူနေအိမ်လေးလုံးအတွက်   ဆန်၊    ဆီနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ  အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်လေးသိန်း၊ လူ ၂၂ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၄၆၂၀၀ တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။