ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ  ၁၁

    နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနားမြို့နယ် အတွင်းရှိ တောင်ပေါ် ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။

ဦးစွာ  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဖလောင်းကျေး ရွာအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာ ဖူလုံပြည့်ဝစေရေးအတွက် နေပြည်တော်ကောင်စီမှ ကြီးကြပ်၍ ဆန်နှင့်စားအုန်းဆီများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် နှင့်အဖွဲ့သည် ဖလောင်းကျေးရွာမှ တစ်ဆင့် ထိန်ပြောင်ကျေးရွာသို့  ရောက်ရှိကြပြီး  ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျေးရွာသန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊  လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြားလိုအပ်သည်များကို  ခရီးစဉ်တွင် လိုက်ပါလာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် အသစ်ဆောက်လုပ်ထားရှိသည့် ထိန်ပြောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး ကျောင်းအဆောက်အအုံများ ရေရှည်တည်တံ့စေရေးနှင့် ကြံ့ခိုင်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် ဒေသခံတိုင်းရင်းသားများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည်   ထိန်ပြောင်ကျေးရွာရှိ  အောင်သုခကျောင်းတိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲ တာဝန်ခံများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊  ဒေသခံပြည်သူလူထုတို့နှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က  နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူလူထု မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာတိုင်းသို့ သွားရောက်၍ အားသွန်ခွန်စိုက် ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်း၊  မိမိရောက်ရှိနေသည့် ကာလအတွင်း ဒေသခံတိုင်းရင်း သားပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြကြစေလိုကြောင်း၊ တင်ပြချက်များအပေါ်မူတည်၍ ဆောင်ရွက်ပေး နိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးပြီး အချိန်ယူ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဘဏ္ဍာရေးနှစ်များအလိုက် လျာထားသတ်မှတ်၍  ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ် အေးချမ်းလုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဗဟုသုတရဖွယ်သုတ၊ ရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ First Aid Kit များ၊ ပန်းခင်းစီမံချက်(၂)ဖြင့်ဆောင်ရွက်ပေးခဲ့ သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်း ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊  ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက လက်ခံရယူကြသည်။

ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင် ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး နှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးကြကာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် အောင်သုခကျောင်းတိုက် ဆရာ တော် ဦးကောသလ္လအား ဖူးမြော်ကန်တော့၍ ပန်းပေါင်းစုံ ဘုရားဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ကြရာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခြင်း၊ နေပြည်တော် ကုသရေး ဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ထိန်ပြောင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊  နေပြည်တော် လမ်းဦးစီးဌာနမှ ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိနိုင်ရေး လိုအပ်သည်များ ကြည့်ရှုစစ်ဆေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။