ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများ မိုင်းလားဒေသတွင် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆေးကုသ

ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများ မိုင်းလားဒေသတွင် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆေးကုသ

 

နေပြည်တော်  အောက်တိုဘာ  ၁၂

    ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေး ဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာခင်မောင် ဦးစီး၍ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများ၊ သွားဘက်ဆိုင်ရာ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၃၂ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု    ညှိနှိုင်းရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊  တြိဂံဒေသတိုင်း စစ်ဌာနချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားဒေသ အတွင်းရှိ   မိုင်းလား၊ မိုင်းဆော၊ ဆမ်တောက်၊ ဆီလူးဒေသများတွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများကို သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွားတု(အံပုံ/အံကပ်)များ တပ်ဆင်ပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ ၇ ရက်မှ ၂၃ ရက် အထိ လူနာစုစုပေါင်း ၁၇၅၅ ဦးကို  ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း    မိုင်းလားမြို့ရှိ တိုင်းရင်းသားကွင်း(ညောင်သုံးပင်) ခန်းမတွင် စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အထိ သက်ကြီးရွယ်အို ၅၁ ဦးကို   သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာပေါင်း ၃၄၆ ဦးကို ကုသပေးခြင်း၊  မိုင်းဆောတွင် သက်ကြီးရွယ်အို ၆၁ ဦးကို သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် စက်တင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ လူနာစုစုပေါင်း ၅၂၆ ဦးကို ကုသပေးခြင်း၊   မိုင်းဆောရှိ  မူလတန်းကျောင်းသို့ သွားရောက်၍  ကျောင်းသား  ၁၆၀  ကို စနစ်မှန် သွားတိုက်ခြင်းကို ကျောင်းဆရာ၊ ဆရာမများ ပါဝင်၍  သင်ကြားပြသပြီး အတူတကွ  ပုံစံကျသည်အထိ သင်ကြားပေးခြင်း၊ ကျိုင်းခမ်းတွင် စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ သက်ကြီးရွယ်အို ၃၁ ဦးကို သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာပေါင်း ၂၆၈ ဦးကို ကုသမှုပေးခြင်း၊ စက်တင်ဘာလ ၁၉ ရက်တွင် ကျိုင်းခမ်းရှိ မူလတန်းကျောင်းနှစ်ကျောင်းသို့ သွားရောက်ပြီး  ကျောင်းဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊  ကျောင်းသူ စုစုပေါင်း ၄၅၀ ကို စနစ်မှန်သွားတိုက်ခြင်း သင်ကြားပြသ၍ ဆီလူးတွင် စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ သက်ကြီးရွယ်အို ၅၈ ဦးကို သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာစုစုပေါင်း ၆၁၅ ဦးကို ကုသမှုများပေးခြင်း၊ ဆီလူးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၈၅၀ ကျော်ကို စနစ်မှန်သွားတိုက်ခြင်း လုပ်ငန်းကို သင်ကြားပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။