ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(၂၀၂၃) (REW-2023)သို့ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(၂၀၂၃) (REW-2023)သို့ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် အောက်တိုဘာ  ၁၂

    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့်  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ဦးဆောင် သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ရုရှား စွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်(၂၀၂၃) (REW-2023)သို့ တက်ရောက် ကြသည်။

အဆိုပါ Forum သို့ နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဝန်ကြီးများ၊ သံတမန်များနှင့် CIS  မှ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံတကာမှ လွှတ်တော်အမတ်များ၊ နိုင်ငံတော်နှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ်  အပြည်ပြည်ဆိုင်ရာ ဖိုရမ် (၂၀၂၃) (REW-2023) တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ခေတ်မီပြခန်းများနှင့်   ပုံစံငယ်များကို လိုက်လံကြည့်ရှု လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ သည် မျက်နှာစုံညီ အစည်းအဝေး (Plenary Session))တွင်     ''Technological Sovereignty and Low-Carbon Energy: Looking to Tomorrow'' ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု အစီအစဉ်သို့    တက်ရောက် ဆွေးနွေးခဲ့ကြပြီး   တက်ရောက်လာကြသူများက စွမ်းအင်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်နေမှုများနှင့် ကမ္ဘာကြီး ပူနွေးလာမှု၊ ၎င်းကာဗွန်ဒိုင်အောက်ဆိုက်များ လျှော့ချနိုင်ရေးအတွက် သန့်စင်သောစွမ်းအင် (Green   Energy) များအသုံးပြုနိုင်မှု၊ နျူကလီးယား နည်းပညာမှ စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုမရှိဘဲ   နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကဏ္ဍတွင်   အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှုတို့ကို    ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် လူသားအရင်းအမြစ်  လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ Nuclear Infrastructure     အတွက်   နားလည်မှု စာချွန်လွှာ (MoU) ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာ ဖိုရမ် (၂၀၂၃) (REW-2023) ၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကြသည်။

ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အပြင်းထန်ဆုံးသော ပြဿနာများကို   ဖြေရှင်းရေး၊ အပြည်ပြည်ဆိုင်ရာ အစီအစဉ်၊ ရာသီဥတု၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ စက် သုံးဆီနှင့်စွမ်းအင်ကဏ္ဍ   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းနှင့် REW ၂၀၂၃ ဆွေးနွေးမှုများတွင် ပါဝင်သူများက စွမ်းအင်ထောက်ပံ့မှုနှင့် ကုန်ကြမ်းများအတွက် ကမ္ဘာ့ဈေးနှုန်းများ ဖွဲ့စည်းပုံ၊ ရေနံလုပ်ငန်းအတွက် အလားအလာနှင့် ရာသီဥတုဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။