(၁၁)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 (၁၁)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၂

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာလ ၉ ရက်မှ ၁၃ ရက်အထိ  ဗီယက်နမ်နိုင်ငံ ဟွာလောင်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၁) ကြိမ်မြောက်   အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်  "From response to anticipatory action and resilience: ASEAN's journey towards global leadership in disaster management" ဆောင်ပုဒ်ဖြင့် ကျင်းပသည့်   အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနေ့ ပထမပိုင်း အစီအစဉ်သို့ တက်ရောက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၁)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်    အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့  အာဆီယံ နိုင်ငံများမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှုများကို သက်ဆိုင်ရာ နိုင်ငံအလိုက်ဝန်ကြီးများက ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အာဆီယံ ဒေသတွင်းနိုင်ငံများအနေဖြင့်  ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော နိုင်ငံများဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော From response to anticipatory action and resilience: ASEAN's journey towards global leadership in disaster management  ကို   ကြိုဆိုပါကြောင်း၊  မြန်မာနိုင်ငံသည် Anticipatory Action  ကို နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ပြီးခဲ့သည့်မေလ ၁၄ရက်က မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခဲ့မှုများကို သာဓကပြလိုပါကြောင်း၊ မိုခါမုန်တိုင်း မဝင်ရောက်မီကပင် နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်မှု၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်  လုပ်ငန်းကော်မတီများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ ဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကြိုတင်သတိပေးချက်များ   အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်း၊ လိုအပ်သည့် စားရေရိက္ခာများ၊ စက်သုံးဆီများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဘေးကျရောက်နိုင်ခြေ များပြားသော ဒေသများသို့ ကြိုတင်ပေးပို့ စုဆောင်းခြင်း၊ ပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအလိုက်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို တိကျစွာ လိုက်နာစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုများ များစွာ နည်းပါးခဲ့ပါကြောင်း၊ ယခုအခါ ဘေးသင့်ဒေသများကို မူလအနေအထားထက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိစေရန် ပြန်လည်ထူထောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းသင့် ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ကူညီ ထောက်ပံ့ခဲ့ကြသည့်  အာဆီယံ နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်  AHA  Centre တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍  အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများကို သီးခြားစီ ကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့် စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေး အတည်ပြုခဲ့ကြသည်။

အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သော အာဆီယံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၄၃) ကြိမ်မြောက်  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောက်တိုဘာလ ၉  ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ရာ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို    ဆွေးနွေးခဲ့ကြကြောင်း သိရသည်။