အလှူအတန်း ကာလတွင် သင်္ကန်းပရိက္ခရာဈေးကွက် ပုံမှန်အခြေအနေသာ အရောင်းအဝယ်ရှိ

သီတင်းကျွတ်   ပွဲတော်ကာလအပြီး အလှူအတန်းကာလ    ဖြစ်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် သင်္ကန်းပရိက္ခရာဈေးကွက်  ပုံမှန်အခြေအနေသာ အရောင်းအဝယ်ရှိနေကြောင်း ရန်ကုန်မြို့ရှိ သင်္ကန်းပရိက္ခရာ အရောင်းဆိုင်များမှ သိရသည်။

ယခုနှစ်တွင်   COVID-19 ရောဂါအခြေအနေကြောင့် လူစုလူဝေး မပြုလုပ်ရန်  ညွှန်ကြားမှုများ ရှိနေသဖြင့် သင်္ကန်းပရိက္ခရာများ ပုံမှန်ရောင်းချပေးနေရသည့် အခြေအနေသာရှိပြီး နယ်ဝယ်လက်များမှာယူမှု ကျဆင်းနေကြောင်း သိရသည်။

COVID-19 ရောဂါအခြေအနေကြောင့် တစ်ဦးတည်းလုပ်တဲ့ အလှူလောက်ပဲရှိတယ်။ အစုအဖွဲ့နဲ့လုပ်တဲ့ အလှူမျိုးမရှိတော့   အရင်နှစ်လောက်   ရောင်းအားမကောင်းဘူး။ အခု ကထိန်စနေပြီ။ ဒါပေမဲ့  အရောင်းအဝယ် မကောင်းသေးဘူး။

သင်္ကန်းထုတ်လုပ်မှုလည်း   ပုံမှန်ရှိနေတဲ့အတွက်  ဈေးကွက်တော့မပျက်သွားဘူး။

အလှူအတန်းပြုလုပ်တဲ့ကာလကို အားထားရောင်းချနေရတာ အခုက ပုံမှန်လောက်ပဲ အရောင်းအဝယ်ရှိတယ်ဆိုတော့ လုပ်ကိုင်သူတွေအတွက် အနည်းငယ်ထိခိုက်တာပေါ့ ဟု   သူရိယသင်္ကန်းတိုက်ပိုင်ရှင်က ပြောသည်။

လက်ရှိ    သင်္ကန်းပရိက္ခရာဈေးကွက်အတွင်း   သင်္ကန်းတစ်စုံလျှင်    ငွေကျပ် ၁၀၀၀၀ ခန့်မှစ၍ အမျိုးအစားပေါ် မူတည်ကာ ဈေးနှုန်း အမျိုးမျိုးရှိကြောင်း၊ ထို့ပြင်သင်္ကန်းခြင်းတစ်ခြင်းလျှင် ငွေကျပ် ၇၀၀၀၀ မှ   တစ်သိန်းနီးပါးဈေးရှိပြီး    လက်ရှိ ဈေးကွက်အခြေအနေအရ ခြင်းအလိုက် ရောင်းချရမှုနည်းကာ သင်္ကန်းတစ်စုံချင်းသာ ရောင်းချပေးနေရကြောင်း၊ သင်္ကန်းထုတ်လုပ်သူများ အနေဖြင့်လည်း ဝန်ထမ်းလျှော့ချ လုပ်ကိုင်လာကြပြီး ထုတ်လုပ်မှုအပိုင်းကို လျှော့ချကာ ရန်ကုန်သင်္ကန်း ပရိက္ခရာဈေးကွက်သို့ တင်ပို့နေပြီး လက်ရှိအခြေအနေအရ  COVID-19 ရောဂါကာလလွန်မှသာ ဈေးကွက်ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း သိရသည်။    

 စိုးမိုး